spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းKNLA နှင့် NUG တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းမှု အဆင်ပြေခဲ့သည်ဟု နည်းဗျူဟာ ၃၃ ဗျူဟာမှုး အသိပေး

    KNLA နှင့် NUG တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းမှု အဆင်ပြေခဲ့သည်ဟု နည်းဗျူဟာ ၃၃ ဗျူဟာမှုး အသိပေး

    -

    ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ မှ တာဝန်ရှိသူများနှင့် PDF အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃ ထားဝယ်ခရိုင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူအပါအဝင် တပ်ဖွဲ့ဝင်များကို ဖမ်းဆီးထားသည့်ခြင်းအပေါ် ပြန်လည်လွှတ်ပေးရေး ဆွေးနွေးညှိနှိုင်းမှု အဆင်ပြေခဲ့ပြီးဖြစ်ကြောင်း PDF အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃၊ ဗျူဟာမှူး စောဒါးကိုက ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ယနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့  မွန်းလွဲပိုင်းတွင် အသိပေးပြောဆိုသည်။

     NUG လက်အောက်ရှိ အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃ ဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း (T5) တပ်ရင်းမှူး မင်းသားကြီး၊ တနင်္သာရီတိုင် စစ်ဌာန ဒရုန်းတပ်ရင်း ဒု-တပ်ရင်းမှူး ဒိုရာအပါအဝင် တပ်ဖွဲ့ဝင်ပေါင်း ၄၀ ကျော်ကို ဒီဇင်ဘာလ ၁၇ ရက်နေ့က  လက်နက်ခဲယမ်းနှင့်အတူ မြိတ်-ထားဝယ်ခရိုင် အခြေစိုက် KNLA တပ်မဟာ (၄)၊ တပ်ရင်း-၁၂ လက်အောက်ခံရှိ တပ်ဖွဲ့များက ၎င်းတို့လှုပ်ရှားနယ်မြေတစ်နေရာတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

    အဆိုပါဖမ်းဆီးခံရမှုသည် တော်လှန်ရေးညီအကိုများကြား နားလည်မှုလွဲခြင်းသာဖြစ်ပြီး NUG နှင့် KNLA တာဝန်ရှိသူများ အဆိုပါကိစ္စအပေါ် ဆွေးနွေးညှိနှိုင်းမှု အဆင်ပြေခဲ့ပြီး မကြာခင် လက်နက်နှင့်အတူ မိခင်တပ်ရင်းသို့ ပြန်လည်ရောက်ရှိလာမည်ဟု PDF အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃ ဗျူဟာမှူး စောဒါးကိုက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် အသိပေးရေးသားခဲ့သည်။

    “ကျနော်တို့ မဟာမိတ် KNLA တာဝန်ရှိလူကြီးတွေနဲ့ ညှိနှိုင်းမှု အဆင်ပြေပါတယ်။ မကြာခင် အထိန်းသိမ်းခံထားရတဲ့ ရဲဘော်တွေအားလုံး လက်နက်နဲ့အတူ မိခင်တပ်ရင်းစီ ပြန်ရောက်မှာပါ။ ကျနော်တို့ တော်လှန်ညီအကိုတွေ နားလည်မှုလွဲတာ အနည်းအကျဉ်းပဲရှိပါတယ် ” ဟု စောဒါးကို (ကိုဘိတ်) က ပြောသည်။

    ၎င်းအပြင် တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား ပြဿနာဖြစ်နေမှုကို စစ်တပ်လော်ဘီများအနေဖြင့် ဝမ်းမြောက်ဝမ်းသာမနေဘဲ မိမိတို့ မဟာမိတ်တပ်ပေါင်းစုမှ စစ်အာဏာရှင်ကျရှုံးရေး အဆုံးအထိ တိုက်ပွဲဝင်သွားမည်ဟု ရေးသားပြောဆိုခဲ့သည်။

    အဆိုပါ ဖမ်းဆီးမှုသည် တော်လှန်ရေးတပ်ဖွဲ့ဝင်အချင်းချင်းကြား နားလည်မှုလွဲရာမှ ခေါင်းဆောင်ပိုင်းအထိ အခြေအနေပိုမိုရှုပ်ထွေးစေခဲ့ပြီး နောင်တွင် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် နားလည်မှု၊ သည်းခံမှုနှင့် အပြန်အလှန်လေးစားမှု စိတ်သဘောထားများ ပိုမိုထားရှိရန် လိုအပ်သည်ဟု PDF အထူးတိုင်းစစ်ဌာနမှ တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက တိုက်တွန်းပြောဆိုသည်။

    “နောက်ထပ် ဒီလိုဖြစ်စဉ်မျိုးတွေ မဖြစ်ဖို့ အများကြီး နားလည်မှုတွေ၊ သည်းခံမှုတွေနဲ့ အပြန်အလှန် လေးစားမှုတွေလိုပါတယ်။ လူငယ်တွေဆိုပေမဲ့ လက်ရုံးရည်ရော၊ နှလုံးရည်ရော ပိုသန်မာဖို့လိုပါတယ်။ ပြဿနာဖြစ်တာကို ခေါင်းဆောင်ချင်း တွေ့ဆုံညှိနှိုင်းမှုတွေ အရင်မလုပ်ဘဲ ရဲဘော်ကနေ တပ်ခွဲ၊ တပ်ခွဲကနေ တပ်ရင်းအဆင့်တွေ ပါလာပြီး လက်နက်သိမ်းဆည်း၊ ဖမ်းဆီးတဲ့အထိ ဖြစ်လာခဲ့တယ်။ ပြီးတော့ မီဒီယာတွေဆီတက်ရင်း အခြေအနေတွေက ပိုရှုပ်ထွေသလို ဖြစ်စေပါတယ် ” ဟု ရဲဘော်အောင်စံရှားက ပြောသည်။

    PDF အထူးတိုင်းစစ်ဌာန နည်းဗျူဟာ ၃၃ ဗျူဟာမှူးအပါအဝင် တပ်ဖွဲ့ဝင် ၄၀ ကျော် ဖမ်းဆီးခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး တော်လှန်ရေးအသိုင်းအဝိုင်းနှင့် ပြည်သူလူထုများအကြား စိုးရိမ်ပူပန်နေကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts