ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ ကြိမ်ချောင်းရွာရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA အမှတ်(၂) စစ်ဗျူဟာမှုး ဒုဗိုလ်မှူးကြီး စောအေဝမ်း၏ မွေးမြူရေးခြံအတွင်း ယမန်နေ့က လေယာဉ်ဖြင့် ဗုံးကြဲချခံရပြီး ရဲဘော် ၂ ဦးနှင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံများထံံမှ သိရသည်။
ဘုရားသုံးဆူမြို့နှင့် အနီးတစ်ဝိုက်ကို ယမန်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်မှစ၍ စစ်ကော်မရှင် Jack-fighter လေယာဉ်တစ်စင်း လှည့်လည်ပျံသန်းနေပြီး ညနေ ၄ နာရီခွဲဝန်းကျင်အချိန်တွင် အဆိုပါမွေးမြူရေးခြံအတွင်း ပေါင် (၅၀၀) ဗုံးသုံးလုံးကြဲချခဲ့ကြောင်း သိရသည်။
နွား၊ ဆိတ်၊ ဝက်၊ ကြက် မွေးမြူထားသည့် စောအေဝမ်း၏ မွေးမြူရေးခြံတွင် ဗုံးကျရောက်ပေါက်ကွဲသဖြင့် နွားအကောင်ရေ ၂၀ ထက်မနည်းသေကြေခဲ့ရပြီး DKBA ကင်းစောင့်တပ်သား ၂ ဦးနှင့် ခြံအလုပ်သာမား ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ဗုံးကြဲခံရတဲ့နေရာက စောအေဝမ်းရဲ့နယ်မြေပေါ့လေ၊ အဲ့မှာက နွားတွေ၊ ဆိတ်တွေ အေဝမ်း မွေးမြူထားတာရှိတယ်၊ အဲ့နေရာကို ကင်းစောင့်နေတဲ့ ရဲဘော်နဲ့ ဒေသခံထိသွားတယ်။ နွားတွေလည်း ထိသွားတယ်”ဟု ၎င်းက ပြောသည်။
ဗုံးစထိမှန်ထိခိုက်ဒဏ်ရာရရှိသူ ရဲဘော်နှင့် ဒေသခံများကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။
၂၀၂၃ ခုနှစ်က စတင်ဖွင့်လှစ်ထားသည့် DKBA ဒုဗိုလ်မှူးကြီး စောအေဝမ်း၏ မွေးမြူရေးခြံတွင် တိစ္ဆာန်အကောင်အရေအတွက် ရာနှင့်ချီရှိပြီ ၎င်းတို့စီးပွားရေးလုပ်ငန်းအတွက် ဖွင့်လှစ်ထားသည့်နေရာဖြစ်သည်။
ဒေသတွင်းနှစ်ဖက်စစ်ရေးတင်းမာမှုမရှိသော်လည်း အဆိုပါမွေးမြူရေးခြံနှင့် ၂ ကီလိုမီတာအကွာအဝေးခန့်ရှိသည့် စောအေဝမ်း ဦးဆောင်ဖွင့်လှစ်ထားသည့် ဆေးရုံတွင် CDM ကျန်းမာရေးဝန်ထမ်းများ တာဝန်ထမ်းဆောင်နေသူများရှိသဖြင့် ဗုံးကြဲချတိုက်ခိုက်မှုလုပ်ဆောင်ရခြင်း ဖြစ်နိုင်သည်ဟုလည်း အထက်ပါဒေသခံက သုံးသပ်သည်။
“ဘာတိုက်ပွဲမှ မဖြစ်ဘူး။ ဒီအတိုင်းပဲ လာကြဲသွားတာ၊ ပြီးတော့ CDM ဝန်ထမ်းတွေရှိနေတဲ့ဆေးရုံ ဆိုတာ စကမကသိနေတယ်လေ၊ အဲ့ကြောင့်မို့ ကြဲချတာလားတော့ မသိဘူးပေါ့နော်၊ ကြိမ်ချောင်း မှာတော့ ခဏခဏကြဲချနေတာပဲ”ဟု ၎င်းက ဆိုသည်။
ဘုရားသုံးဆူမြို့ပေါ်နှင့် ၁၇ မိုင်ခန့်ဝေးသည့် ကြိမ်ချောင်းကျေးရွာတွင် စစ်ကော်မရှင်အဖွဲ့မှ မကြာခဏဗုံးကြဲချတိုက်ခိုက်နေပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကလည်း ရွာအတွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်အဆောက်အဦးပျက်စီးသွားခဲ့သေးသည်။
ထိုဒေသဘက်တွင် ဒီမိုကရက်တစ် ကရင့်အကျိုးပြုတပ်မတော်(DKBA)တို့ သွားလာလှုပ်ရှားနေသည့် နယ်မြေဖြစ်ပြီး လက်ရှိတွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများလည်း နေထိုင်နေကြောင်း သိရသည်။


