spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းရွှေက္ကိုလ်မြို့သစ်ရှိ ကျားဖြန့်လုပ်ငန်းက အလုပ်သမား ထောင်ချီ ထွက်ပြေး

    ရွှေက္ကိုလ်မြို့သစ်ရှိ ကျားဖြန့်လုပ်ငန်းက အလုပ်သမား ထောင်ချီ ထွက်ပြေး

    -

    ကရင်နယ်ခြားစောင့်တပ် BGF ထိန်းချုပ်ထားသည့် ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေက္ကိုလ်မြို့သစ်တွင် လုပ်ကိုင်နေသည့် ကျားဖြန့် အွန်းလိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူများ အစုလိုက်အပြုံလိုက် ထွက်ပြေးနေကြောင်း မျက်မြင်တွေ့ရှိသူတို့က ပြောသည်။

    BGF ပြောရေးဆိုခွင့်ရှိသူ နိုင်မောင်ဇော်က ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်းက ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို အပြီးတိုင် ရှင်းလင်းသွားမည်ဖြစ်ကြောင်း ထိုင်းအခြေစိုက် သတင်းဌာနများကို ထုတ်ဖော်ပြောဆိုပြီး နာရီပိုင်းအကြာ ကျားဖြန့်လုပ်ငန်းလည်ပတ်ရာလို့ လူသိများသည့် ရွှေက္ကိုလ်မြို့သစ်တွင် ရုန်းရင်းစံခတ်ဖြစ်ပွားပြီး လူအများအပြား ထွက်ပြေးမှု ဖြစ်ပွားခဲ့သည်။

    ပုံစာ – မြဝတီမြို့ ရွှေက္ကိုလ်မြို့သစ် ကျားဖြန့်လုပ်ငန်းကနေ ထွက်ပြေးနေကြသူများ (ဓါတ်ပုံ – The Reporters)

    “တော်တော်များများ ထွက်ပြေးကြတယ်။ ဆိုက်အားလုံးပဲ။ အခု ကြားထားတာ စစ်တပ်က ဝင်စီးမယ်။ ပြီးရင် KK Park လို ဖြိုခွင်းမယ်။ ဖမ်းဆီးမယ်။ အဲဒီသတင်းကြောင့်ပဲ ထွက်ပြေးနေကြတာ။ အချို့ နိုင်ငံခြားသားတွေက အေးဆေးနေတာလည်း တွေ့ရတယ်” ဟု ရွှေက္ကိုလ်မြို့သစ်တွင် အလုပ်လုပ်နေသည့် အသက် ၃၀ အရွယ် အမျိုးသားတဦးက ယနေ့(နိုဝင်ဘာလ ၁၈ ရက်) နံနက် ၉ နာရီခန့်တွင် ပြောသည်။

    ယခု ထွက်လာသည့်အထဲတွင် တရုတ်နိုင်ငံသား အများဆုံးပါဝင်သော်လည်း အခြားနိုင်ငံခြားသားများအပါအဝင် မြန်မာနိုင်ငံသား ရာချီနှင့် စုစုပေါင်းထောင်ချီ ထွက်ပြေးနိုင်ကြောင်း အထက်ပါအမျိုးသားက ခန့်မှန်းသည်။

    သို့သော် ကျားဖြန့်လုပ်ငန်းတွင် အဓိကပါဝင်နေသည့် တရုတ်နိုင်ငံသားများနှင့် ကျွမ်းကျင်အလုပ်သမားများဟု ယူဆရသူများကို ကရင်နယ်ခြားစောင့်တပ် BGF က ကားများဖြင့် ခေါ်ဆောင်သွားကြောင်း မျက်မြင် တွေ့ရှိသူများက ပြောသည်။

    ထို့အပြင် အချို့သော ဆိုက်ဒ်များတွင် ပိတ်မိနေသည့် ပြည်တွင်း ပြည်ပ အလုပ်သမားများ ရှိနေသေးကြောင်း သိရ သည်။

    ပုံစာ – မြဝတီမြို့ ရွှေက္ကိုလ်မြို့သစ် ကျားဖြန့်လုပ်ငန်းကနေ ထွက်ပြေးနေကြသူများ (ဓါတ်ပုံ – The Reporters)

    “ပြေးချင်တဲ့သူပြေး၊ မပြေးချင်လည်း ကိုယ့်သဘောပုံစံမျိုး ဖြစ်နေတယ်။ အချို့ဆိုက်ဒ်တွေကျတော့ ဒီအတိုင်း ရှိနေသေးတယ်။ ဒီမနက်တော့ ထွက်ကြဖို့တော့ စီစဉ်နေတာ တွေ့ရတယ်” ဟု ရွှေက္ကိုလ်မြို့တွင် အခန်းငှား ဝန်ဆောင်မှုနေသည့် အမျိုးသမီးတဦးက ပြောသည်။

    ပြီးခဲ့သည့် ရက်ပိုင်းက မြဝတီမြို့နယ်အတွင်း ကျားဖြန့်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် စွပ်စွဲချက်များဖြင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA မှ ထိပ်ပိုင်းခေါင်းဆောင်အချို့ကို ပိတ်ဆို့အရေးယူခဲ့သလို ကျားဖြန့်လုပ်ငန်းတိုက်ဖျက်ရေး အထူးအဖွဲ့(Scam Center Strike Force)ကို အမေရိကန်ပြည်ထောင်စုက ကြေညာခဲ့သည်။

    အလားတူ BGF ခေါင်းဆောင် ဗိုလ်မှူးစောချစ်သူ၊ သားနှစ်ဦး၊ ဗိုလ်မှူးစောတင်ဝင်း၊ ဗိုလ်မှူးကြီး စောမင်းမင်းဦးတို့သည် ကျားဖြန့်လုပ်ငန်းနှင့် ဆက်စပ်မှုရှိသည့်အတွက် အမေရိကန်၏ ပိတ်ဆို့ဒဏ်ခတ်မှု ခံထားရသည်။

    ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဖမ်းဆီးခံခဲ့ရသည့် ကျားဖြန့်ခေါင်းဆောင် ရှီကျီကျန်းကို ထိုင်းအာဏာပိုင်များက တရုတ်နိုင်ငံသို့ ပြန်လည်လွှဲအပ်ခဲ့သည်။

    ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ကရင်ပြည်နယ် ဘားအံမြို့ကို ရောက်ရှိလာပြီး ကျားဖြန့်လုပ်ငန်းကို အပြီးတိုင် တိုက်ဖျက်သွားမည်ဟု ထုတ်ပြောခဲ့သည်။

    လက်ရှိ ကမ္ဘာ့အင်အားကြီးနိုင်များဖြစ်သည့် တရုတ်၊ အမေရိကန်အပါအဝင် ထိုင်းနိုင်ငံတို့ကလည်း ကျားဖြန့် အွန်းလိုင်း ငွေလိမ်လည်ဂိုဏ်းနှင့် ပတ်သက်ပြီး အမြစ်ဖျက် နှိမ်နင်းနေသည့်အချိန် အဖက်ဖက်ကနေ ဖိအားနှင့် ရင်ဆိုင်လာရသည့် BGF ခေါင်းဆောင်ပိုင်းများသည် ရှင်းလင်းရေးလုပ်ဖို့ ထုတ်ပြောခဲ့ခြင်းဖြစ်သည်။

    ယခုအကြိမ် ရှင်းလင်းမှုသည် ကျားဖြန့်လုပ်ငန်း ပျောက်ကွယ်သွားနိုင်ဖို့ မဖြစ်နိုင်သေးကြောင်း သုံးသပ်သူများက ဆိုသည်။

    ပုံစာ – မြဝတီမြို့ ရွှေက္ကိုလ်မြို့သစ် ကျားဖြန့်လုပ်ငန်းကနေ ထွက်ပြေးနေကြသူများ (ဓါတ်ပုံ – The Reporters)

    “သူတို့(BGF)ခေါင်းဆောင်လည်း ထူပူနေလောက်ပြီး အဲဒီတော့ သူတို့လုပ်ကိုင်တာ လုပ်နေကြပုံစံအတိုင်းပဲ အဖမ်းပြမယ်။ ထွက်ပြေးခိုင်းမယ်။ ပြီးရင် ထိုင်းကနေတဆင့် သက်ဆိုင်ရာနိုင်ငံ ပို့မယ်။ ဒီနောက်ကွယ်မှာ အကြောင်းအရင် အပေးအယူကိစ္စ အများကြီး ရှိနိုင်တယ်။ အဓိက ဗမာစစ်တပ်နဲ့ ဘယ်လို ညှိနှိုင်းထားလဲဆိုတာ ရှိကို ရှိမယ်။ အဖြေက သက်ဆိုင်သူတွေပဲ သိမယ်။ အဲဒီတော့ ဒီလုပ်ငန်းဟာ ပျောက်သွားဖို့က မဖြစ်နိုင်သေးဘူး” ဟု ကျားဖြန့်လုပ်ငန်းနှင့် ပတ်သက်ပြီး စောင့်ကြည့်လေ့လာနေသည့် သုတေသီတဦးက မှတ်ချက်ပေးသည်။

    ကျားဖြန့်လုပ်ငန်းနှင့် ဆက်စပ်ပြီး နိုင်ငံတာက ဖိအားပေးမှုများ ရှိလာသည့်အပေါ် ရှင်းလင်းမှုများ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု သုံးသပ်ပြောဆိုကြသော်လည်း BGF ပြောခွင့်ရ နိုင်မောင်ဇော်က ယင်းပြောဆိုချက်အပေါ် ငြင်းဆိုထားသည်။

    ပြီးခဲ့သည့် အောက်တိုဘာလ တတိယအပတ်ထဲမှာလည်း မြဝတီမြို့နယ် KK Park ဝင်းကို စစ်အုပ်စုက ဝင်ရောက်စီးနင်းမည့်သတင်းလွှင့်ပြီး ပြည်တွင်း ပြည်ပက ကျားဖြန့်အလုပ် လုပ်ကိုင်နေသူ ထောင်ချီ ထိုင်းအပါအဝင် ပြည်တွင်းက နေရာအများစုကို ထွက်ပြေးခိုင်းခဲ့သည်။

    ယင်းနောက် KK Park ဝင်းအတွင်းရှိ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သည့် အဆောက်အဦများစွာကို BGF အကူအညီဖြင့် စစ်တပ်က မိုင်းဖောက်ခွဲရှင်းလင်းခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks