spot_img
Wednesday, December 10, 2025
More
    spot_img
    Homeသတင်းမွန်ကိုယ်စားလှယ်လောင်းအပါအဝင် ရွေးကောက်ပွဲအထမြောက်ရန် ပါဝင်သူများကို ဖမ်းဆီးအရေးယူမည်ဟု MSFC ပြော

    မွန်ကိုယ်စားလှယ်လောင်းအပါအဝင် ရွေးကောက်ပွဲအထမြောက်ရန် ပါဝင်သူများကို ဖမ်းဆီးအရေးယူမည်ဟု MSFC ပြော

    -

    စစ်ကော်မရှင်ကျင်းပပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် မွန်ကိုယ်စားလှယ်လောင်းများအပြင် ရွေးကောက်ပွဲအထမြောက်ရန် ပါဝင်သူများကို ဖမ်းဆီးအရေးယူသွားမည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က ပြောသည်။

    အတုအယောင်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခြင်း၊ မိမိအတွက်ဖြစ်စေ အစုအဖွဲ့တစ်ခုခုအတွက်ဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးဦးအတွက်ဖြစ်စေ မဲဆွယ်စည်းရုံးခြင်း၊ မဲဆွယ်စည်းရုံးမှုကို ကူညီပံ့ပိုးခြင်းနှင့် ရွေးကောက်ပွဲအထမြောက်ရန် ပါဝင်နေသူများကို ဖမ်းဆီးအရေးယူသွားမည်ဟု ဆိုသည်။

    လက်ရှိတွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအပြင် ရွေးကောက်ပွဲအထမြောက်ရန် ပါဝင်နေသူများကို ဖမ်းဆီးအရေးယူနိုင်ရန် နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲနေသည်ဟု MSFC အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နိုင်မွန်စိုင်းက ပြောသည်။

    “အခုက အရေးယူမဲ့ပုံစံ၊ လုပ်ထုံးလုပ်နည်းတွေကို ကျနော်တို့ ရေးဆွဲနေတုန်းပဲ။ ကျနော်တို့ထိန်းချုပ်နယ်မြေမှာ ရွေးကောက်ပွဲလုပ်ခွင့်မပေးဘူး။ ကိုယ်စားလှယ်လောင်းတွေအနေနဲ့လည်း မဲလာရောက် စည်းရုံးတာတွေကိုလည်း ခွင့်မပြုပါဘူး။ မွန်ကိုယ်စားလှယ်လောင်းတွေမှ မဟုတ်ဘူး၊ ဘယ်ကိုယ်စား လှယ်တွေမဆိုလာရောက်မဲဆွယ်စည်းရုံးတာကို ခွင့်မပေးဘူး။ လာမယ်ဆိုရင်တော့ စစ်ဆေးသတိပေးမှုကိုခံရလိမ့်မယ်။ သတိပေးပြီးတောင်မှ ဆက်လုပ်နေရင်တော့ ဖမ်းဆီးအရေးယူခံရမယ်” ဟု နိုင်မွန်စိုင်းက ပြောသည်။

    စစ်ကော်မရှင် အတုအယောင်ရွေးကောက်ပွဲကို အကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် အလွန်ကာလ စသည့်ကာလ ၃ ပါးလုံးဖြင့်လည်း ဆက်လက်ဆန့်ကျင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

    ယနေ့အထိ အတုအယောင်ရွေးကောက်ပွဲတွင် ပါဝင်သူများကို တော်လှန်ရေးအဖွဲ့များက ဖမ်းဆီးအရေးယူမှုများ မရှိသေးသော်လည်း ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအလွန်ကာလများတွင် ဖမ်းဆီးအရေးယူမှုများ ပိုမိုဖြစ်ပွားလာနိုင်ပြီး စစ်ကော်မရှင်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများလည်း ပိုမိုပြင်းထန်နိုင်ကြောင်း မွန်နိုင်ငံရေးအသိုင်းအဝိုင်းက မွန်ပြည်သူတစ်ဦးက သုံးသပ်သည်။

    “စစ်ကော်မရှင်ကျင်းပတဲ့ရွေးကောက်ပွဲကို ဘယ်တော်လှန်ရေးအဖွဲ့ကမှ ထောက်ခံနေတာ မဟုတ်ဘူး။ မထောက်ခံကြတဲ့အတွက် ရွေးကောက်ပွဲကာလမှာ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေက အချိန်မရွေး ဖြစ်လာမှာပဲ။ အခုက ငြိမ်နေပေမဲ့ ကောင်းတဲ့ငြိမ်သက်မှု မဟုတ်ပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲ ပါဝင်သူတွေအနေနဲ့ သတိနဲ့ နေထိုင်သွားရမှာ ဖြစ်တယ်။ ရွေးကောက်ပွဲပြီးရင်လည်း ဒီထက်ပိုဆိုး လာမှာပါ။ တိုက်ပွဲတွေ၊ အကြမ်းဖက်မှုတွေ၊ စစ်ရှောင်ရတာတွေကက ဒီထက်ပိုဖြစ်လာမယ်လို့ ကျနော်တို့ သုံးသပ်လို့ရတယ်။ တက်လာမဲ့ အစိုးရကလည်း လူဝတ်လဲထားတဲ့ စစ်အစိုးရပဲဆိုတော့ ဒီဘက်အဖွဲ့ကတော့ ဆက်ပြီးတော့ တိုက်ခိုက်သွားမှာပဲလေ။ အဲတော့ နိုင်ငံပဲ ပျက်စီးဆုံးရှုံးမှုတွေ ပိုဖြစ်လာမှာပေါ့” ဟု ၎င်းကပြောသည်။

    တစ်ဖက်တွင်လည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ ရွေးကောက်ပွဲအတွက် လိုအပ်သည်များကို အလေးထားဆောင်ရွက်ရန် ပြီးခဲ့သည့်ရက်ပိုင်းက ၎င်း၏ မော်လမြိုင်ခရီးစဉ်တွင် ပြောဆိုခဲ့ပြီး မြန်မာပြည်တောင်ပိုင်းဒေသအတွင်းသို့ ထိုးစစ်ဆင်မှုများကိုလည်း ပြင်းပြင်းထန်ထန် လုပ်ဆောင်လျှက်ရှိသည်။

    စစ်ကော်မရှင်မှ ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့နှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျင်းပသွားမည်ဖြစ်သော်လည်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများကလည်း မဲဆွယ်စည်းရုံးမှုများ အနည်းအကျဉ်းသာ လုပ်ဆောင်နိုင်သေးကြောင်း သိရသည်။

    ရွေးကောက်ပွဲကာလနီးကပ်လာသည်နှင့်အမျှ မွန်ဒေသခံပြည်သူများ ဆန္ဒမဲသွားရောက်ပြုရန် အုပ်ချုပ်ရေးမှုးများထံ ဖိအားပေးခံရမှုများ ရှိလာသလို တက္ကသိုလ်၊ကောလိပ် ကျောင်းသား/သူများမှလည်း ကြိုတင်ဆန္ဒမဲပြုထားကြောင်း လက်မှတ်ပါရှိမှ ကျောင်းအပ်နှံခြင်း လက်ခံသည့် သတင်းများလည်း ထွက်ပေါ်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts