spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းစက်သုံးဆီများ သတ်မှတ်ဈေးနှုန်းအတိုင်း မရောင်းချပါက အရေးယူမည်ဟု မွန်ဝန်ကြီးချုပ်ပြော

    စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းအတိုင်း မရောင်းချပါက အရေးယူမည်ဟု မွန်ဝန်ကြီးချုပ်ပြော

    -

    မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုနှင့် ကြုံတွေ့နေရချိန်တွင် စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းအတိုင်း မရောင်းချပါက အရေးယူသွားမည်ဟု စစ်ကော်မရှင် မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြောသည်။

    ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် စက်သုံးဆီပြတ်လပ်နှင့် ပတ်သက်ပြီး ဦးအောင်ကြည်သိန်းနှင့် ပြည်နယ် စစ်ကော်မရှင်အဖွဲ့တို့က နိုဝင်ဘာလ ၉ ရက်နေ့က မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်းသို့ သွားရောက်ခဲ့ပြီး ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။

    ၎င်းပြင် မွန်ပြည်နယ်အတွင်း စက်သုံးဆီ မပြတ်ရောက်ရှိရေးနှင့် လုံလောက်စွာ အသုံးပြုနိုင်ရေး အလေးထား ဆောင်ရွက်ရန်လည်း မွန်ဝန်ကြီးချုပ်က ညွှန်ကြားထားသည်။

    မွန်ပြည်နယ်တွင် နိုဝင်ဘာလဆန်းပိုင်းမှစကာ စက်သုံးဆီပြတ်လပ်မှုနှင့် ကြုံတွေ့နေရပြီး စက်သုံးဆီအရောင်းဆိုင်များကလည်း စက်သုံးဆီများကို စျေးတၚ်ရောင်းချနေကြသည်။

    “အပြင်မှောင်ခိုဈေးကွက်မှာဆိုရင်လည်း တစ်လီတာကို (၅၀၀၀) ကျပ်အထိပေးနေရတယ်။ ကိုယ်တွေက ဆီဆိုင်တွေမှာ စောင့်ပြီး မထည့်နိုင်လို့ အဆင်ပြေတဲ့နေရာမှာဘဲ ဆီထည့်ရတာ” ဟု ဆိုင်ကယ် Taxi သမားတစ်ဦးက ပြောသည်။

    မွန်ပြည်နယ်အတွင်း စက်သုံးဆီများကို ယခင်က ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ တင်သွင်းရောင်းချသော်လည်း ယခုအခါ မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်းမှတဆင့် ဖြန့်ဖြူးရောင်းချနေသည်။

    Puma International Port Terminal ဆိပ်ကမ်းတွင် စက်သုံးဆီပန့်များ မလုံလောက်မှုကြောင့် စက်သုံးဆီ ဖြန့်ဖြူးရာတွင် အဆင်မပြေမှု ဖြစ်ပေါ်နေသည့်အတွက် ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်ဟု စက်သုံးဆီရောင်းဝယ်ဖြန့်ဖြူးသူတို့က ပြောသည်။

    စက်သုံးဆီများ ဝယ်ယူရန် ခက်ခဲသည့်အပြင် စျေးနှုန်းလည်း မြင့်တက်နေသည့်အတွက် ပြည်သူများ အခက်အခဲကြုံတွေ့နေရသည်ဟု သထုံဒေသခံတစ်ဦးက ပြောသည်။

    “ဆီကားတွေ ဝင်လာမှ တန်းစီပြီးတော့ ဝယ်ယူနေရတာမျိုးဖြစ်နေတော့ သွားရေး လာရေးအပြင် စိုက်ပျိုးရေးလုပ်ငန်းတွေအတွက်လည်း အခက်အခဲတွေဖြစ်နေတယ်” ဟု ၎င်းဒေသခံက ပြောသည်။

    မွန်ပြည်နယ်အတွင်း စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းကို Myanmar Energy King ကုမ္ပဏီနှင့် Ya Zar Min Industry ကုမ္ပဏီတို့က တင်ဒါအောင်မြင်ထားပြီး လုပ်ကိုင်နေကြကြောင်း ပြည်နယ်အစိုးရအဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts