ရွေးကောက်ပွဲနှင့် ပတ်သတ်၍ နည်းပညာအခြေပြုစောင့်ကြည့်မှုသာမက လူအင်အားအသုံးပြုစောင့်ကြည့်မှုများကို မြေပြင်နှင့်အွန်လိုင်းတွင် လုပ်ဆောင်နေသော စစ်ကော်မရှင်သည် ပြီးခဲ့သည့် (၃) လတာအတွင်း အွန်လိုင်းပေါ်မှ လွတ်လပ်စွာထုတ်ဖော်ပြောဆိုသူ (၄၇)ဦးကို ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်ခဲ့ကြောင်း မြန်မာအင်တာနက်ပရောဂျက်(MIP)မှ အစီရင်ခံစာအချက်အလက်များအရ သိရသည်။
ဖမ်းဆီးမှုများထဲတွင် ရွေးကောက်ပွဲကာကွယ်ရေးဥပဒေကို အသုံးပြု၍ ဖမ်းဆီးမှုအများဆုံးဖြစ်ပြီး ၎င်းတို့၏ ထောက်ခံသူများအပါအဝင် အလွှာပေါင်းစုံမှ ပြည်သူများ ပါဝင်ကြောင်းလည်း သိရသည်။
လူမှုကွန်ရက်ပေါ်၌ ရွေးကောက်ပွဲဆန့်ကျင်ခြင်းနှင့်ပတ်သတ်၍ ပိုစ့်တင်ခြင်း၊ ပြန်လည်မျှဝေခြင်း၊ မှတ်ချက်ပေးခြင်း၊ ရီအက်ရှင်ပေးခြင်း ပြုလုပ်သူများကို ဖမ်းဆီးမည်ဟု စစ်ကော်မရှင်လော်ဘီချန်နယ်များ၊ ဝါဒဖြန့်ရုပ်ရှင်များမှပါ ခြိမ်းခြောက်ပြောဆိုနေခြင်းကြောင့် မြေပြင်နှင့်အွန်လိုင်း စောင့်ကြည့်လေ့လာခြင်းကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေပြီးဖြစ်ကြောင်း (MIP) မှ တာဝန်ရှိသူ ကိုသစ်ညာဏ်က ဆိုသည်။

"အွန်လိုင်းရော အော့ဖက်လိုင်းမှာပါ စောင့်ကြည့်နေပြီး လူမှုကွန်ရက်ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ ဖေ့ဘွတ်စ်၊ တစ်တော့ခ်၊ ယူကျူ့၊ တယ်လီဂရမ်တို့ကိုလည်း စောင့်ကြည့်ပါတယ်။ အများစု စောင့်ကြည့်ပြီး ဖမ်းဆီးခံနေရတာကတော့ ဖေ့ဘွတ်ခ့်ပါ"ဟု ဆိုသည်။
စစ်ကော်မရှင်မှ ရွေးကောက်ကာကွယ်ရေးဥပဒေကို ပြီးခဲ့သည့် ဇူလိုင်လက ပြဌာန်းခဲ့ပြီး အဆိုပါဥပဒေဖြင့် အများပြည်သူများ ထိတ်လန့်ကြောက်ရွံ့စေရန် နှုတ်ပိတ်ကာ ရွေးကောက်ပွဲအောင်မြင်စေရေး လုပ်ဆောင်နေခြင်းဖြစ်သည်။
ယင်းဥပဒေဖြင့် ပထမဆုံးဖမ်းဆီးခဲ့သူ တောင်ကြီးမြို့မှ “နေသွေး”အား ထောင်ဒဏ်(၇)နှစ်ချခဲ့သည်။ ထို့အတူ ရုပ်ရှင်ဒါရိုက်တာများနှင့်သရုပ်ဆောင်များကိုလည်း ရွေးကောက်ပွဲဝါဒဖြန့်ချိမှုရုပ်ရှင်အား ဝေဖန်သည်ဟုစွပ်စွဲ၍ ဖမ်းဆီးခဲ့သည်များရှိခဲ့သည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် လူမှုဘဝများအတွက် အခြေခံကျရာ မွေးရာပါ အခွင့်အရေးတစ်ခုဖြစ်ပြီး ယခုအခွင့်အရေးကို ပိတ်ပင်ထားသည့် ရွေးကောက်ပွဲသည် အလိမ်အညာရွေးကောက်ပွဲသာဖြစ်ကြောင်းလည်း ကိုသစ်ညာဏ်က ဆက်ပြောသည်။
"ဒီအခွင့်အရေးကို ပိတ်ပင်ထားတဲ့ ရွေးကောက်ပွဲကတော့ အလိမ်အညာ၊ အတုအယောင်၊ ဟန်ပြရွေးကောက်ပွဲဖြစ်မယ်။ ပြီးတော့ လူမှုဘဝအခြေခံတွေကို ပိတ်ပင်ပြီး ငါပြောသလိုနေ၊ စား၊ သွားလာလုပ်ပြီး ချိုးဖောက်တာပဲဖြစ်တယ်။ ဒီထက်ပိုဆိုးလာရင် လူသားအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေပါ ဖြစ်လာမယ်"ဟု ဆိုသည်။
စစ်ကောင်မရှင်သည် အများပြည်သူအပေါ် စောင့်ကြည့်ထိန်းချုပ်မှုကို နည်းလမ်းပေါင်းစုံဖြင့်တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး ဗီပီအန်(VPN)အသုံးပြုမှုကို ပစ်မှတ်ထားဖမ်းဆီး ငွေညှစ်ခြင်းနှင့် ပီအက်စ်အမ်အက်စ်(PSMS)စနစ်ကို ကျယ်ပြန့်စွာထည့်သွင်းအသုံးပြုလာခြင်းများလည်း ပြီးခဲ့သည့် ၃ လတာအတွင်း တွေ့ရှိလာရကြောင်းလည်း (MIP) မှ ဖော်ပြထားသည်။


