ရေးသူ လဝီဝမ်၊ အတွေးအမြင်။
ဒီနေ့ဟာ ၁၀၂၇ စစ်ဆင်ရေး ၂ နှစ်မြောက်နေ့ဖြစ်တယ်။ တိုင်းရင်းသားတော်လှန်ရေးနဲ့ နွေဦးတော်လှန်ရေးအဖွဲ့တွေပေါင်းပြီး မင်အောင်လှိုင်စစ်တပ်ကို အကောင်းဆုံးတော်လှန်နိုင်ခဲ့တဲ့ စစ်ဆင်ရေးတစ်ခုလို့ ပြောနိုင်ပါတယ်။ တော်လှန်ရေးထဲမှာ အသက်တွေ ပေးဆပ်သွားတဲ့ ရဲဘော်တွေ ကိုယ်ခန္ဓာတွေ မစုံတော့တဲ့ ရဲဘော်တွေ အများကြီးပါ။ သူတို့ရဲ့ပေးဆပ်မှုတွေ တန်ရဲ့လား မေးချင်ပါတယ်။
ကိုယ့်လွတ်လပ်မှုအတွက် မြန်မာပြည်က တိုင်းရင်းသားအဖွဲ့တွေက မင်းအောင်လှိုင်စစ်တပ်ကို ပုံစံအမျိုးမျိုးနဲ့ တိုက်ပွဲဝင်နေကြတယ်။ ၁၀၂၇ ရှမ်းမြောက်တော်လှန်ရေးကို ကြည့်လိုက်ရင် တအာင်းနဲ့ ကိုးကန့်တပ်မတော်တွေက သူတို့ လိုချင်တဲ့နယ်မြေတွေရလာတော့ သူတို့ရဲ့ ထိုးစစ်ကို ရပ်လိုက်တယ်။
စာရေးသူကိုယ်တိုင်ဖြစ်စေချင်တာက စစ်ကို မရပ်ဘဲနဲ့ မန္တလေးအထိ ဆက်တိုက်ဖို့။ ဒါပေမဲ့ ဒီအဖွဲ့ ၂ ဖွဲ့ဆီက အကြောင်းပြချက်အမျိုးမျိုးနဲ့ နောက်ဆုံး ဘာတွေပြောလာတာရှိလဲဆိုတော့ ပြည်မတွေကို သူတို့သွားပြီး ကျူးကျော်ရင် ဗမာတွေရဲ့ အပြစ်ပေးဒဏ်ကို ခံရနိုင်တယ်တဲ့။ တကယ်တော့ ဒီထိုးစစ်က ဗမာအများစု ထောက်ခံတဲ့ စစ်ပွဲပါ။ အဲဒီအချိန်မှာ တရုတ်ဘက်က ဖိအားတစ်စုံတရာ မပေးသေးပါဘူး။

စာရေးသူသတိထားမိတာက ပြင်ဦးလွင်မြို့ပေါ်က လူတွေအများစု ထွက်ပြေးကြပြီးတော့မှ တရုတ်ဘက်က ဖိအားပေးလာတယ်။ အဲဒီအချိန်ကျတော့ ပြင်ဦးလွင်ကျသွားအောင်လည်း မလုပ်နိုင်။ မန္တလေးမြို့ပေါ်မှာ ရှိနေတဲ့ စစ်တပ်က တကယ်တော့ ဒီပူးပေါင်းတပ်တွေ မန္တလေးအထိ ရောက်နိုင်တာ ခန့်မှန်းထားတော့ စိုးရိမ်စိတ် အများကြီးပါ။ ဒါပေမဲ့ နောက်ဆုံးတော့ ပူးပေါင်းတပ်တွေ တိုက်ယူထားတဲ့ ပြင်ဦးလွင်ထဲက နေရာတစ်ချို့တွေ မင်းအောင်လှိုင်တပ်က ပြန်တိုက်ယူနိုင်တဲ့နေ့ကစပြီး မင်းအောင်လှိုင်စစ်တပ်ကို ပြိုအောင် တိုက်မယ့် အိမ်မက်က ပျက်ခဲ့ပါပြီ။
ဒါရဲ့ အားနည်းချက်က တိုင်းရင်းသားတွေက ကိုယ်ဖြစ်ချင်တာလောက်ပဲ တိုက်ယူပြီး တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတွေ လွတ်မြောက်ဖို့ဆိုတဲ့ အတွေးတော့ မရှိဘူးလို့ ပြောရမယ်။ တကယ်တော့ ကိုယ့်လူမျိုး တစ်ဖွဲ့တည်းနဲ့ ဒီနိုင်ငံမှာ လွတ်မြောက်နေလို့မရပါဘူး။
အခု လောလောဆယ်မှာတော့ တအာင်းတပ်မတော်က ခံစစ်ပုံစံနဲ့ လုပ်နေပြီး တစ်မြို့ပြီး တစ်မြို့ လက်လွတ်နေရတာ မြင်နေရတယ်။ ရထားတဲ့ မြို့တွေ အကုန်လုံးကို စစ်ကောင်စီက သူတို့ လက်ထဲ ပြန်ရောက်အောင် တိုက်မှာတော့ သေချာတယ်။
ဒီနေရာမှာ ပြောစရာ တစ်ခုရှိတာက ဝ နဲ့ ကိုးကန့်ပေါ့။ စစ်ကောင်စီနဲ့ အပစ်ရပ်ထားတော့ သူတို့နှစ်ဖွဲ့ သိမ်းထားတဲ့ မြို့တွေ ဆက်ပြီး အုပ်ချုပ်ခွင့်ရှိမှာလား။ ဒါမှမဟုတ် မင်းအောင်လှိုင်တပ်ဘက်က ခင်ဗျာတို့ ၁၀၂၇ စစ်စဉ်ရေးတုန်းက ခင်ဗျာတို့ သိမ်းယူထားတဲ့မြို့တွေ ကျနော်တို့ကို ပြန်ပေး ပြောလာရင် ဘာဆက်လုပ်မလဲ။
ပြည်မက ပြည်သူလူထုကတော့ ရှမ်းမြောက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စိတ်ထားအမှန် သိသင့်သလောက်တော့ သိနေပြီ။ ဆိုလိုတာက သူတို့ လွတ်လပ်မှုအတွက် အဓိက တိုက်နေတာပါ။ ပြည်သူက သိပါတယ်။ အဲဒီကြားထဲမှာ နွေဦးတော်လှန်ရေး ခေတ်ဖြစ်နေတော့ ပြည်သူ့ကာကွယ်ရေးတပ်ဆီက လူငယ်တွေကိုလည်း အသုံးချသွားတာ ပြည်သူက နားလည်ပါတယ်။
ဒါပေမဲ့ အဆိုးထဲက အကောင်းပဲလို့ စာရေးသူ ပြောချင်တာ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလည်း စစ်ရေးအတွေ့အကြုံနဲ့ လက်နက်အထောက်အပံ့တွေ ရပြီး မိမိတို့ရဲ့ စစ်ကိုင်းမြေပေါ်ကို ပြန်နိုင်တာတော့ ရှိတာပေါ့။ ကိုးကန့်က စစ်ကောင်စီနဲ့ အပစ်ရပ်သွားတာတော့ ရှက်ဖို့ကောင်းတဲ့ကိစ္စလို စာရေးသူ မြင်တယ်။
အဲဒီကြားထဲက ဝ အဖွဲ့ကလည်း တရုတ်ဖိအားကြောင့်ဆိုပြီး အခြားလက်နက်ကိုင်အဖွဲ့တွေကို လက်နက် မထောက်ပံ့တော့ဘူး ပြောလာတယ်။ ဒါတွေက ပြည်မက ပြည်သူတွေ ယုံကြည်မှု အားနည်းစေတဲ့ လုပ်ရပ်တွေ ဖြစ်တယ်။ စစ်ကောင်စီကို တော်လှန်ရဲတဲ့အဖွဲ့ဆိုရင် တအာင်းတစ်ဖွဲ့သာ ကျန်နေတော့ လက်ရှိအခြေအနေက ကျားအမြီးဆွဲထားတဲ့ တစ်ယောက်လို ဖြစ်နေပြီ။
ကျနော်တို့က တော်လှန်ရေးနဲ့ စခဲ့တာမို့ ဆက်ပြီး တော်လှန်ရအုံးမယ်ဆိုတဲ့ ပုံစံနဲ့ တအာင်းဘက်ကတော့ ဆက်ပြီး တော်လှန်ရအုံးမယ်။ ဒါပေမဲ့ တအာင်းတပ် ထိန်းချုပ်ထားတဲ့မြို့တွေ မင်းအောင်စစ်တပ်က အကုန်ပြန်သိမ်းယူနိုင်ပြီဆိုရင် ဝ နဲ့ ကိုးကန့်တို့ရဲ့ အလှည့်ဖြစ်လာမယ်။ အဲဒီလိုအခါကျရင် ဗမာတွေဘက်ကလည်း မထောက်ခံတဲ့စစ် ပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း ဒီလူတွေ သူတို့အောင်မြင်တဲ့နေ့ဆိုရင် ကျနော်တို့ ပစ်ပယ်မယ့်အဖွဲ့လို့ တကယ်သတ်မှတ်လိုက်ရင် ဒီစစ်ပွဲက မင်းအောင်လှိုင်တပ်ပဲ အနိုင်ရလိမ့်မယ်။
နွေဦးတော်လှန်ရေးပွဲက တစ်ပြည်လုံး လွတ်မြောက်ဖို့ တိုင်းရင်းသားနဲ့ ဗမာတွေ အတူပူးပေါင်းပြီး တိုက်ယူရမယ့် ပွဲပါ။ ဒါပေမဲ့ တိုင်းရင်းသားတွေက ကိုယ့်လွတ်မြောက်မှုအတွက်ပဲ တော်လှန်ရေးလုပ်မယ် တိုက်မယ်ဆိုပြီး တွေးရင် ရှမ်းမြောက်ဆီက သင်ခန်းစာတော့ ကျနော်တို့တတွေ လေ့လာသင်ယူဖို့ လိုနေပြီ။


