မွန်ပြည်နယ်၊ သထုံနှင့် ဘီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နေ့စဉ်နီးပါးတိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ကင်းပုန်းဝပ်ရန် လာသည့် စစ်ကော်မရှင်တပ်ကို KNLA ပူးပေါင်းတပ်ဖွဲ့တို့က စောင့်ပြီး တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် တိုက်ပွဲ နာရီဝက်ခန့် ဖြစ်ပွားခဲ့သည်။
အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း သထုံမြို့နယ်၊ ရေဝေးကျေးရွာဘက် စစ်ကြောၚ်းထိုးလာသည့် အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
၎င်းပြင် အောက်တိုဘာလ ၂၂ ရက်နေ့ ညကလည်း သထုံမြို့နယ်၊ မိုးကောင်းကျေးရွာလမ်းဆုံအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်းတလျှောက် ကင်းလှည့်လာသည့် စစ်အာဏာရှင်တပ်နှင့် KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

“တိုက်ပွဲက သထုံဘက်မှာလည်း နေ့တိုင်းလိုလိုဖြစ်နေတယ်။ ဘီးလင်းမှာလည်း ဖြစ်တယ်။ စစ်ကြောင်းတွေကလည်း ဝင်လာနေတော့ အခြေအနေက သိပ်မကောင်းဘူလေ။ ဒီရက်ပိုင်းဆိုရင် ကားလမ်းပေါ့ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ဖြစ်ကြတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲများအတွင်း စစ်ကော်မရှပ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိနေသည့်အတွက် တိုက်ပွဲဖြစ်ပွားနေသည့်အနီးတဝိုက်ကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။
၎င်းပြင် အရပ်သားပြည်သူအချို့ကိုလည်း စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသော်လည်း ဘယ်နှစ်ဦး ဖမ်းဆီးသွားသည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ကရင်အမျိုးသားအစည်းအရုံး KNU၊ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်ထဲကို စစ်ကော်မရှင် စစ်ကြောင်းများ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာနေသည့်အပြင် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကိုလည်း ဆက်တိုက်လုပ်ဆောင်နေသည်။
အောက်တိုဘာလ ၂၂ ရက်နေ့ကပင် စစ်ကော်မရှင်တပ် ခမရ-၅၉၈ တပ်ရင်းမှ ၈၁ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ လက်နက်ကြီးသည် ကျိုက်ထိုမြို့နယ် ဝင်းကံကျေးရွာအုပ်စု ဝင်းကံရွာဘေး ကျရောက်ပေါက်ကွဲခဲ့ပြီး ဝင်းကံရွာနေ အသက် ၆၂ နှစ်အရွယ် ဒေါ်မက်ကီ ကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့သေးသည်။
စစ်ကော်မရှင်တပ်က ၎င်းတို့ ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲအတွက် တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်ထားသည့် ဒေသတွင်းကို စစ်အင်အား တိုးမြှင့်လာသည့်အပြင် လက်နက်ကြီးဖြင့် ပစ်ခတ်တာ လေကြောင်းတိုက်ခိုက်တာတွေလည်း နေ့စဉ်ပြုလုပ်လျက်ရှိသည်။


