မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှင်းစုံကျေးရွာအဝင်ဝ၊ အမှတ်(၈) ပြည်ထောင်စုလမ်းမပေါ်ရှိ DKBA စစ်ဆေးရေးဂိတ်တစ်ခုကို ရေးဘီလူးအဖွဲ့မှ ယနေ့ အောက်တိုဘာ ၂၇ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်ပစ်ခတ်မှုလုပ်ဆောင်ခဲ့ပြီး ဂိတ်ရှိ တပ်သား ၅ ဦး သေဆုံးမှုရှိခဲ့ကြောင်း ရေးဘီလူးခေါင်းဆောင်မှ IMNA သို့ပြောကြားသည်။
အဆိုပါစစ်ဆေးရေးဂိတ်တွင် ယခင်ဝယ်ယဟိုင်းရွာသို့ စစ်ကော်မရှင်အဖွဲ့နှင့် ပူးပေါင်းစစ်ကောင်စီစစ်ကြောင်းထိုးလာသည့် DKBA တပ်သားများမှ ဝင်ရောက်နေရာယူထားခြင်းဖြစ်ပြီး ဂိတ်မှုးသိန်းတန်ဆိုသူမှ ဦးဆောင်နေကြောင်းလည်း သိရသည်။
ရေးဘီလူးအဖွဲ့မှ ယနေ့ နံနက် ၇ နာရီတွင် ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူ ၅ ဦး၊ သိန်းတန်အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးနှင့် ဂိတ်ရှိအသိမိတ်ဆွေထံအလည်လာသူ အမျိုးသမီးငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ရေးဘီလူးခေါင်းဆောင်မှ ဆိုသည်။

"သိန်းတန်ကတော့ လက်တစ်ဖက်ပြတ်သွားတယ် အခုကရေးဆေးရုံမှာ ကုနေရတယ်။ ဒဏ်ရာရတဲ့လူတွေရော အလောင်းတွေရောရှိမယ်။ နောက်ပြီးတော့ စံပြရွာကညီမငယ်တစ်ဦးလည်း ထိသွားတယ်။ သူကအဲကိုလာလည်တဲ့အချိန်မှာ ကျသွားတယ်ဆိုတော့"ဟု ပြောသည်။
ရေးဘီလူးအဖွဲ့မှ ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည့် အဆိုပါ စစ်ဆေးရေးဂိတ်ရှိ DKBA အဖွဲ့များသည် အမှတ်(၈) လမ်းမကြီးပေါ် ဖြတ်သန်းသွားလာသူများထံ ငွေကြေးကောက်ခံမှု တင်းကြပ်သလို ဝယ်ယဟိုင်းရွာသို့ စစ်ကြောင်းထိုးခဲ့စဉ်ကလည်း မွန်ဒေသခံပြည်သူများအား ငွေယူဖုန်းယူ၍ အနိုင်ကျင့်ခဲ့သေးကြောင်းလည်း သိရသည်။
ထို့ကြောင့် ရေးဘီလူးအနေဖြင့် အသက်စွန့်၍ ဝင်ရောက်ပစ်ခတ်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။
"အမှတ် ၈ မှာ ငွေကောက်လဲကြမ်းသလို စကစ စစ်ကြောင်းထိုးတုန်က ဝယ်ယဟိုင်းကို တက်တဲ့အချိန် ဒီကောင်တွေပါတယ်။ အဲ့ကြောင့် ဝင်တီးတာပါ"ဟု ပြောသည်။
တိုက်ခိုက်မှုအတွင်း ရေးဘီလူးတပ်ဖွဲ့ဝင်တစ်ဦး လက်မောင်းထိခဲ့ပြီး မစိုးရိမ်ရကြောင်း၊ ပြန်လည်ဆုတ်ခွာပြီးနောက် မော့ကနင် ၁၀၆ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်နေ့ကလည်း အာယုတောင်အုပ်ချုပ်ရေးမှုး လင်းဦးထံတွင် လက်နက်ကိုင်ဆောင်ခွင့်ရရှိပြီး တာဝန်ထမ်းဆောင်နေသူ မွန်လူငယ်တစ်ဦးကို ရေးဘီလူးမှ ဖမ်းဆီးမှုလုပ်ဆောင်ခဲ့သေးသည်။


