စစ်အုပ်စုက မြန်မာ့နိုင်ငံရေးများတွင် ပါဝင်စွက်ဖက်နေသမျှ ပြည်တွင်း စစ်ရေးပဋိပက္ခများ မပြီးဆုံးနိုင်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး – ၂ ဦးအောင်ဆန်းမြင့်က ပြောသည်။
ပြည်သူလူထုအပါအဝင် မိမိတို့အားလုံးသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်မှ လက်ရှိ မြန်မာနိုင်ငံ၏ အရေးအခင်းများကို ဖြေရှင်းနိုင်မည်ဟု မျှော်မှန်းထားကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြုလုပ်သည့် ရွေးကောက်ပွဲသည် မိမိတို့ လိုချင်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မှာ မဟုတ်ကြောင်း ၎င်းက ပြောသည်။

ဦးအောင်ဆန်းမြင့်က “ဒါက စစ်တပ်ကနေပြီးမှ အသွင်ကူးပြောင်းထားတဲ့ အရပ်သားအစိုးရကိုပဲ နိုင်ငံရေးအရ ထွက်ပေါက် ဖန်တီးမှာ ဖြစ်တယ်။ နောက်ပြီးတော့မှ ၂၀၀၈ အရ စစ်တပ်ကနေပြီးမှ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်ခွင့်ကို ပေးထားမယ်။ ဆိုတော့ ကျနော်တို့ နိုင်ငံမှာ စစ်အာဏာရှင်က နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက် နေလို့ရှိရင်ကတော့ ကျနော်တို့ရဲ့ နိုင်ငံရေး အခင်းအကျင်းကတော့ ဘယ်တော့မှ ပြီးဆုံးနိုင်မှာ မဟုတ်ဘူး။ ဒါကို ပြည်သူလူထုအားလုံးက သဘောပေါက်ဖို့ လိုတယ်။ အဲဒီအတွက်ကြောင့် မိမိတို့ တတ်နိုင်တဲ့ အခန်းကဏ္ဍကနေပြီးမှ ရွေးကောက်ပွဲက ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ ဒီရွေးကောက်ပွဲ ဖြစ်လာတဲ့ ရလဒ်တွေကို ကျနော်တို့ကတော့ အသိအမှတ်မပြုဖို့ ဒါကတော့ လိုအပ်တာပေါ့နော်၊ လူတိုင်းလူတိုင်းက လိုအပ်တယ်လို့ ကျနော်ထင်ပါတယ်” ဟု ပြောသည်။
စစ်ကော်မရှင်သည် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ အပိုင်း (၁) အနေဖြင့် မြို့နယ် ၁၀၂ မြို့ နယ်တွင် ကျင်းပမှာဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ မြို့နယ် ၁၀၀ မြို့နယ်တွင် ဆက်လက် ကျင်းပမည်ဟု သိရသည်။
ထိုအတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်သည် ရွေးကောက်ခံစရာမလိုဘဲ လွှတ်တော်အသီးသီးတွင် ၂၅ ရာခိုင်နှုန်းကို ရယူထားပြီး လွှတ်တော်နိုင်ငံရေးတွင် ပါဝင်ထားသည်။
လက်ရှိ ပြည်တွင်းတွင်ဖြစ်ပေါ်နေသည့် အခြေအနေအရ ရွေးကောက်ပွဲသည် တရားမျှတသော အနေအထားတွင် မရှိသည့်အတွက် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနည်း လမ်းစ မဟုတ်ဘူးကြောင်း နိုင်ငံရေးသမားတစ်ဦးက ပြောသည်။
“မရနိုင်ပါဘူးဗျ။ မရဘူးဆိုတာက သူကတော့ ရွေးကောက်ပွဲကို ဘယ်လိုပုံစံ နဲ့ လုပ်မလဲဆိုတာ ကျနော်တို့ မသိဘူး။ မြန်မာနိုင်ငံမှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲကို ပြန်ကြည့်မယ်ဆိုရင် ၁ ရက်ပဲ ပြီးသွားတာပဲလေ။ ၁ ရက်ပဲ ပြီးသွားပြီးတော့ မိုးချုပ်တဲ့အထိ ဆန္ဒမဲတွေ ရေတွက်ကြတာပေါ့၊ report တွေ လုပ်ကြတာပေါ့၊ ကိန်းဂဏန်းတွေ သတ်မှတ်တဲ့ ပုံစံအတိုင်း လုပ်ခဲ့ကြတယ်။ အခုကျတော့ နေရာလေး ကွက်ကွက်လေး ၁ နေရာလောက် လုပ်ပြီးတော့ နောက်တစ်ကြိမ် လုပ်မယ်။ အဲဒီလိုကာလတွေနဲ့ အဲဒီလို ဖြစ်လာတဲ့အခါကျတော့ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ လွတ်လပ်ပြီး တရားမျှတတယ်ဆိုတဲ့ အနေအထားမျိုး ဘယ်လိုဖန်တီးကြမလဲ” လို့ ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်များ နှင့် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် တချို့သော မြို့နယ်များတွင်လည်း စစ်အုပ်စုက ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားပြီး အဆိုပါမြို့နယ်များကို ပြန်လည်ထိန်းချုပ်နိုင်ရေး လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိနေကြောင်း သိရသည်။
စစ်အုပ်စု၏ မြန်မာ့နိုင်ငံရေးတွင် ပါဝင်စွက်ဖက်နေမှုများကို နောက်ဆုတ်ရန် ယခင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း၊ အစိုးရ၊ စစ်အုပ်စုများက တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ၎င်းကိစ္စရပ်ကို စစ်အုပ်စုက လက်မခံခဲ့ပေ။
လက်ရှိတွင်လည်း အရပ်သားအစိုးရထံက အာဏာသိမ်းယူခဲ့သည့် စစ်အုပ်စုက ဦးဆောင်ပြုလုပ်မည့် ရွေးကောက်ပွဲကို ဒီမိုကရေစီအင်အားစုများက ဆန့်ကျင်ထားသည်။


