AI နည်းပညာဖြင့် ပြုလုပ်ထားသည့် ငွေလွှဲပြေစာအတုများဖြင့် အွန်လိုင်းရှော့ပ်လုပ်ငန်းလုပ်ကိုင်းသူများ ငွေလိမ်လည်ခံရမှုများလာပြီး သတိပြုရန်လိုအပ်ကြောင်း နည်းပညာကျွမ်းကျင်သူနှင့် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများမှ IMNA မှတစ်ဆင့် သတိပေး ပြောဆိုသည်။
အွန်လိုင်းစီးပွားရေးလုပ်ကိုင် လုပ်ကိုင်သူများ၊ Mobile Banking နှင့် အကျွမ်းတဝင်မရှိသူများကို အဓိကပစ်မှတ်ထားပြီး ငွေကြေးသောင်းဂဏန်းမှ သိန်းထောင်အထိလိမ်လည်မှုလုပ်ဆောင်နေကြောင်း သိရသည်၊
ငွေလိမ်လည်မှုကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် မွန်အထည်အရောင်းအဝယ်လုပ်ငန်းရှင်တစ်ဦး၏ ပြောပြာချက်အရ ငွေလွှဲစလစ်အတုများဖြင့် လိမ်လည်သူများသည် ပစ္စည်းလာရောက်အားပေးသူကဲ့သို့ ချည်းကပ်လာပြီးနောက် ငွေလိမ်လည်မှုလုပ်ဆောင်နေကြောင်း ဆိုသည်။

“ အဲ့တုန်းက စလစ်အတုမှန်းမသိဘူး။ နောက်တစ်ခေါက်က သူတို့ပိုက်ဆံလွှဲထားပေးပြီးတော့ ပစ္စည်းကသယ်လို့ အဆင်မပြေလို့ လွှဲထားတဲ့ပိုက်ဆံကိုပဲ ပြန်ပို့ပေးပါတဲ့။ မြန်မာငွေလည်းရ ထိုင်းငွေလည်းရတယ်တဲ့။ အဲ့အချိန် ပိုက်ဆံက သိန်း ၅၀တောင်ဆိုတော့ ကိုယ်လည်းပြန်လွှဲပေးတယ်။ ပိုက်ဆံက ကိုယ့်ဘဏ်အကောင့်ထဲ ဝင်မဝင်ကို မစစ်ကြည့်ဘူး။ သူတို့ပို့လာတဲ့ ငွေလွှဲစလစ်ကိုပဲယုံနေတာ။ စာရင်းတွက်ကြည့်တော့မှ ငွေပမာဏတွေ မှားနေတာ။ တကယ်တော့ ငွေလွှဲစလစ်တွေက AI ကိုသုံးပြီးတော့ အတုလုပ်ထားတာ။” ဟုဆိုသည်။
အဆိုပါ လိမ်လည်သူများသည် ကျားဖြန့်လုပ်ငန်းများနှင့် ပတ်သတ်မှုရှိနေကြောင်း အွန်လိုင်းပေါ်မှ ကိုယ်ရေးကိုယ်တာအချက်လက်နှင့် ဆက်သွယ်ရမည့်ဒေတာများကို အဆက်မပြတ်စောင့်ကြည့်နေကြောင်းလည်း သူမကဆက်ပြောသည်။
လိမ်လည်မှုများမှ ကာကွယ်နိုင်ရန် ဘဏ်အကောင့်အတွင်း ငွေအမှန်တကယ် ရောက်ရှိခြင်းရှိ/မရှိ စစ်ဆေးရန်၊ အခြားသူများမှ အမှန်တကယ်ငွေလွှဲပါက ငွေလွှဲရောက်ရှိကြောင်း အချက်အလက်ကို စစ်ဆေးအတည်ပြုရန်နှင့် မသင်္ကာဖွယ်အခြေအနေများနှင့် ကြုံတွေ့ရပါက Bank Call Center သို့အကြောင်းကြားရန်လည်း ပြည်တွင်းဘဏ်များမှ သတိပေးထားသည်။
သို့သော် ငွေလိမ်လည်ခံရသည့်ကိစ္စများအတွက် သက်ဆိုင်ရာဘဏ်များထံ သွားရောက်စုံစမ်းရာတွင် တာဝန်ရှိသူမျာမှ အမှုဖွင့်ပေးသည်မှလွဲ၍ ငွေကြေးပြန်လည်ရရှိရန် မဆောင်ရွက်ပေးနိုင်ကြောင်း အမျိုးသမီးတစ်ဦးက ဆိုသည်။
“ ကျမတို့က Kpay အကောင့်ကတစ်ဆင့်ပဲ ငွေလိမ်ခံထိသွားဆိုတာကို Kpay center ဆီသွားတိုင်လည်း သူတို့ဘက်က ဘာမှလုပ်ဆောင်ပေးနိုင်တာမရှိဘူး။ အမှုဖွင့်ပေးတာလောက်ပဲ လုပ်ပေးနိုင်တယ်။ ငွေပမာဏပြန်ရအောင်ကိုတော့ စုံစမ်းမပေးနိုင်ဘူး။ အဲ့ကြောင့် ငွေပမာဏအနည်းအကျဉ်းပဲ လိမ်ခံထိတဲ့သူတွေက သိပ့်ခေါင်းရှုပ်မခံနိုင်ဘူး။ ငွေပမာဏ အများကြီးဆုံးရှံးသွားတဲ့သူတွေကကျတော့ အမှုဆက်လိုက်ချင် လိုက်နိုင်တယ်။” ဟုဆိုသည်။
ပြည်တွင်း အသုံးပြုမှုများသည့် KBZ pay Wave pay ငွေလွှဲစလစ်ပုံစံများဖြင့် အတုလုပ်ယူမှုများသလို ထိုင်ဘဏ်အကောင့်များ၏ ငွေလွှဲပြေစာများကဲ့သို့လည်း အတုအပလုပ်၍ အသုံးပြုလာကြောင်း သိရသည်။
နည်းပညာများ တိုးတက်လာသည်နှင့်အမျှ အကောင်းနှင့်အတူ ဆိုးကျိုးပါ တွဲဖက်ပါလာကြောင်း၊ အတုပြုလုပ်ထားသည့် ငွေလွှဲပြေစာအတုကို AI ဖြင့် ပြုလုပ်ပါက အောက်ဘက်တွင် AI Logo များကိုမြင်ရကြောင်း၊ ယင်းလိုဂိုကို ဖျောက်ပေးသည့် ဝက်ဘ်ဆိုက်များလည်း ရှိသဖြင့် အလွန်သတိရှိရမည်ဖြစ်ကြောင်း လူမှုကွန်ရက် သုံးစွဲသူအချို့မှ ရေးသားထားသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများတွင်လည်း AI ကို အသုံးပြုကာ လိမ်လည်မှုများ လုပ်ကိုင်နေကြောင် ပြီးခဲ့သည့် ရက်ပိုင်းက ဘန်ကောက်ပိုစ့်မှ သတင်းဖော်ပြထားသေးသည်။
ထို့ကြောင့် ငွေလွှဲပြေစာအတု အန္တရာယ်များမှ ကာကွယ်နိုင်ရန် မပေါ့ဆရန်လည်းလိုအပ်ကြောင်း နည်းပညာကျွမ်းကျင်သူများမှ တိုက်တွန်းထားသည်။


