စစ်ကော်မရှင်မှ ဦးဆောင်ပြီး လာမည့်ဒီဇင်ဘာလတွင် ပထမအကြိမ်အဖြစ် ကျင်းပမည့် ရွေးကောက်ပွဲကို နိုင်သူအကုန်ယူနစ်၊ အချိုးကျကိုယ်စားပြုစနစ် ပါရောနှောကျင်းပမည်ဖြစ်ပြီး၊ တစ်နိုင်ငံလုံးအတိုင်းအတာအရ အီလက်ထရောနစ်မဲ ပေးစနစ်အသုံးပြု၍ မဲပေးရမည်ဖြစ်ကြောင်း သိရသည်။
ပြင်ဆင်ဆောင်ရွက်လျှက်ရှိသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များသည် သိသာထင်ရှားမှုမရှိသည့်အပြင် ပြည်သူလူထု၏စိတ်ကို ဆွဲဆောင်နိုင်ခြင်းမရှိကြောင်း ရွေးကောက်ပွဲဆိုင်ရာ သိကျွမ်းနားလည်သူတစ်ဦးက ဆိုသည်။
၎င်းအပြင် မွန်ပြည်နယ် အုပ်ချုပ်ရေမှုးရုံးများ၏ ကြေညာသင်ပုန်းများတွင် ကပ်ထားသော မဲစာရင်းများတွင်လည်း အချက်အလက်မှားယွင်းသူ၊ အမည်စာရင်းထပ်နေသူများရှိနေသဖြင့် ပြန်လည်ပြင်ဆင်မှုများလုပ်ဆောင်နေရသည်။
လုံခြုံရေးအကြောင်းပြု၍ ယခင်ရွေးကောက်ပွဲများနှင့် ကွဲလွဲမှု၊ မှားယွင်းမှုများစွာရှိနေသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲပြင်ဆင်လုပ်ဆောင်နေမှုအခြေအနေကို ရွေးကောက်ပွဲဆိုင်ရာ သိကျွမ်းနားလည်သူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ပထမဦးဆုံးအနေနဲ့ စစ်ကော်မရှင်ရဲ့ လက်ရှိရွေးကောက်ပွဲ ပြင်ဆင်ဆောင်ရွက်နေတာနဲ့ပတ်သတ်ပြီး ယခင်ရွေးကောက်ပွဲနဲ့ ဘယ်လိုကွဲလွဲချက်တွေရှိနေလဲဆိုတာ ဆရာသုံးသပ်လိုပါသလဲ။
ဖြေ။ ။သုံးသပ်လိုတာက ပြင်ဆင်မှုတွေက ခါတိုင်းပြီးခဲ့တဲ့ရွေးကောက်ပွဲပုံစံမျိုးနဲ့မတူဘူး၊ အခုအခြေအနေက မတူတဲ့အခါကျတော့ ကော်မရှင်ရဲ့ ပြင်ဆင်ချက်တွေ၊ မဲစာရင်းထုတ်ပြန်ချက်တွေ အကုန်လုံးက သိသိသာသာ၊ ထင်ထင်ရှားရှားနဲ့ ပွင့်ပွင့်လင်း မဟုတ်ဘူးဖြစ်နေတယ်၊ လူထုစိတ်ဆွဲဆောင်တဲ့ မဲစာရင်းကြည့်ရှုဖို့ကိစ္စတွေ၊ မဲရုံးတွေပြင်ဆင်တဲ့ကိစ္စတွေ၊ မဲပေးဖို့အတွက်လှုံ့ဆော်တဲ့ ကိစ္စတွေအားလုံးက နိုင်ငံရေးပါတီတွေရော၊ ကော်မရှင်ကပါ၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲလောက်တော့ မြိုင်မြိုင်ဆိုင်ဆိုင် မရှိဘူးလို့ပဲမြင်တယ်။
မေး။ ။ မွန်ပြည်နယ်မှာဆိုင်ရင် အဓိက ဘာတွေကွဲလွဲနေတာတွေ့ရသေးလဲ။
ဖြေ။ ။ အဓိကဘာတွေကွဲလွဲနေလဲဆိုတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲလို မဲထည့်နိုင်တဲ့နေရာတွေပေါ့နော်။ ပြည်နယ်အတွင်းမှာအခုဆိုရင် လုံခြုံရေးအရလို့ အကြောင်းပြပြီးတော့ မဲမပေးနိုင်တဲ့ ဒေသတွေရှိတယ်။ ဥပမာ ရေးမြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပေမဲ့လည်း သဘောက ရေးမြို့ပေါ်လောက် လမိုင်းမြို့လောက်၊ ခေါဇာမြို့လောက်ပဲ မဲရုံထောင်ပြီးတော့ အခြားကျေးလက်နေရာမှာမဲရုံမထောင်နိုင်တော့ အဲ့ဒီဒေသကလူတွေ မဲပေးခွင့်မရှိတာတွေဖြစ်နေတဲ့ အနေအထားမျိုးမှာ တွေ့နေရတယ်။ အဲ့ဒါတော်တော်လေး ကွဲလွဲနေတာတွေ့ရတယ်ပေါ့။
မေး။ ။ အခုချိန်အထိ ဆရာ့ရဲ့လေ့လာတွေ့ရှိချက်အရ ရွေးကောက်ပွဲ မဲစာရင်းအပါအဝင် အခြားအချက်အလက်ပိုင်းဆိုင်ရာတွေ မှားယွင်းကွဲလွဲနေတာမျိုးတွေရော တွေ့ရှိရသလား။
ဖြေ။ ။ အခုလောလောဆယ်လေ့လာမိသလောက်က မဲစာရင်းကွဲလွဲနေတာရှိတယ်၊ ထပ်နေတာရှိတယ်၊ အဲ့တာကို ရပ်ရွာမဲဆန္ဒရှင်ကိုလည်းပဲ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေရော၊ ပါတီတွေရော လိုက်လံနှိုးဆော်နေတာရှိတယ်၊ ကွဲလွဲချက်တွေဘာတွေ တွေ့ရှိရင်တော့ လျှောက်လွှာပုံစံ ဘယ်လောက်ဘယ်လောက် ပုံစံ ၃ တို့ပုံစံ ၁၅ တို့ အဲ့တာမျိုးတွေလျှောက်ထားဖို့အတွက် သူတို့ပြန်ပြင်ဆင်နိုင်ဖို့အတွက် ဆောင်ရွက်နေတာတော့တွေ့တယ်။
မေး။ ။ ဆိုတော့ ပြည်သူလူထုတွေ စိတ်ဝင်စားမှုနည်းတဲ့ ဒီရွေးကောက်ပွဲရဲ့ရလဒ်ကရော ဘယ်လိုဖြစ်လာမယ်လို့ ခန့်မှန်းမိပါသလဲ။
ဖြေ။ ။ ရွေးကောက်ပွဲရလဒ်ကတော့ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်လောက်တော့ ကောင်းမှာမဟုတ်ဘူးလို့တော့ ယူဆမိတာပေါ့၊ အခြေအနေကဘာဖြစ်လဲဆိုတော့ စည်းရုံးရမဲ့အနေအထားမှာရော၊ နောက်ပြီးရွေးကောက်ပွဲရဲ့ လုပ်ဆောင်မှု ပြီးခဲ့တဲ့ ၂၀၂၀၊ ၂၀၁၅၊ ၂၀၁၀ ရွေးကောက်ပွဲပုံသဏ္ဍာန်နဲ့ လုံးလုံးကွဲလွဲနေတဲ့အနေအထားမျိုးဖြစ်တဲ့အခါကျတော့ ရွေးကောက်ပွဲရလဒ်ကလည်း ကောင်းကောင်းကန်းကန်း မျှော်မှန်းသလောက်ထွက်လာမှာ မဟုတ်ဘူးလို့ထင်တယ်။ ဒါပေမဲ့ ထွက်သင့်သလောက်ထွက်လာမှာပဲလေ။
မေး။ ။ အဲဒီရလဒ်ကြောင့် မြန်မာ့နိုင်ငံရေးအခင်းအကျင်း ဘာတွေဆက်ဖြစ်နိုင်တယ်လို့ ယူဆပါလဲ။
ဖြေ။ ။ရွေးကောက်ပွဲရလဒ်ကနေ ပြည်သူတွေမျှော်မှန်းတဲ့ အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ ပြည်သူ့ဘဝလုံခြုံရေးနဲ့ ပြည်သူဘဝဖွံ့ဖြိုးတိုးတက်ရေး၊ စားဝတ်နေရေး၊ ကုန်ဈေးနှုန်းကအစပေါ့နော်။ အဲလိုသက်သာချောင်ချိလာဖို့အတွက်ကတော့ တစ်ဆင့်ချင်းတစ်ဆင့်ချင်း လုပ်သွားရမယ်လို့ထင်တယ်။ အခြား များများစားစားတော့ မျှော်လင့်လို့မရသေးပါဘူး။ အဲ့ဒီအခြေအနေအပေါ်မှာတိုင်းပြည်ရဲ့ အခင်းအကျင်းက ငြိမ်းချမ်းရေးလည်းခေတ်ဆုတ်နေတဲ့အနေအထား၊ ဆိုင်းငံ့ထားရတဲ့အနေအထား နောက်တစ်ချက် အစိုးရကလည်းယန္တရားကိုကောင်းကောင်းမလည်ပတ်နိုင်တဲ့အနေအထားဆိုတော့ အစိုးရပေါ်လာတဲ့အခါကျမှ ဒီလုပ်ငန်းယန္တရားတွေကအစ လည်ပတ်တဲ့အခါကျမှ ပြည်သူလူထုရဲ့အကျိုးစီးပွား တစ်စုံတစ်ရာပေါ်ထွန်းမယ်လို့တော့ ယုံကြည်တယ်။
မေး။ ။ အခြားဖြည့်စွက်ချက်လေး ပြောပေးပါအုံးရှင့်။
ဖြေ။ ။ ဘာတွေပြောချင်တာရှိလဲဆိုတော့ ရွေးကောက်ပွဲကဘယ်သူမှမပါ၊ ဘယ်သူမှ မဲမပေးလည်း သူ့ဟာသူဖြစ်သွားမှာပဲဆိုတဲ့အနေအထားမျိုးမှာဖြစ်နေတယ်။ ရွေးကောက်ပွဲကို တားဆီးလို့မရဘူး၊ တားဆီးလို့ မရတဲ့အခါကျတော့ဒီရွေးကောက်ပွဲရဲ့ Flow အတိုင်းကိုကျနော်တို့က မိမိအခန်းကဏ္ဍကို ဘယ်လောက် ချဲ့ထွင်နိုင်မလဲ၊ တာဝန်ရှိတဲ့သူတွေက ဘယ်လောက်ချဲ့ထွင် နိုင်မလဲဆိုတဲ့အပေါ်မှာ ပြည်သူလူထုရဲ့ အကျိုးစီးပွားတစ်စုံတရာ အပေါ်မှာမူတည်လိမ့်မယ်လို့ ထင်တယ်၊ ပြည်သူတွေမှာ တာဝန်နှစ်ရပ်ပဲရှိတယ်။ သူတို့မှာ ပြည်သူလူထုရဲ့အခွင့်အရေးနဲ့ ပြည်သူလူထုရဲ့ တာဝန်ကတော့ မဲပေးဖို့ပဲ၊ ပြည်သူတွေက မဲထွက်မပေးဘူးဆိုရင် မျှော်မှန်းတဲ့ လူထုဘဝလုံခြုံဖို့နဲ့ လူထုဘဝဖွံ့ဖြိုး တိုးတက်မှုက မဖြစ်လာနိုင်ဘူးလို့ထင်တာပေါ့နော်။
မေး။ ။ ဆရာ့ဘက်က ပြည်သူလူထုရဲ့တာဝန်နဲ့အခွင့်အရေးအရ မဲပေးဖို့တိုက်တွန်းပေမဲ့လေ တစ်ဖက်မှာလည်း ပြည်သူလူထုကိုအနိုင်ကျင့် သတ်ဖြတ်ပြီးနေတဲ့ စစ်ကော်မရှင်ရွေးကောက်ပွဲဖြစ်နေတော့ မဲပေးဖို့ကသင့်တော်သလားပေါ့လေ အဲဒါလေးလည်း ဆွေးနွေးစေချင်ပါတယ်။
ဖြေ။ ။မဲပေးဖို့ကသင့်တော်တယ်လို့ထင်တယ် ရွေးကောက်ပွဲက ဥပမာစစ်ကော်မရှင်မဟုတ်ရင်လည်း စစ်ကော်မရှင်ခန့်တဲ့ရွေးကောက်ပွဲ ကော်မရှင်ကကျင်းပတယ်၊ သို့သော်စစ်ကော်မရှင်မဟုတ်ရင်လည်း နိုင်ငံတော်ရဲ့လုံခြုံရေးနဲ့စီးပွားတိုးတက်ရေးကော်မတီကနေပြီးတော့ အာဏာယူထားရင်လည်း အဲ့ကော်မတီကနေပြီးတော့ရွေးကောက်ပွဲကျင်းပမှာပဲ ၊ ဆိုလိုတာက ဘယ်လိုပဲကျင်းပပေးတဲ့ရွေးကောက်ပွဲဖြစ်ပါစေ ရွေးကောက်ပွဲသည် ဒီနိုင်ငံရေးအပြောင်းအလဲတစ်ခုရဲ့လမ်းစပဲလို့မြင်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲမှာမဲပေးဖို့တာဝန်ရှိတယ်လို့အဲ့ဒါကိုတိုက်တွန်းထားတာပဲ။