spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ထိန်းချုပ်ရာဒေသ ၃ ခုတွင် ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်များအတွက် ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်စတင်

    မွန်ပြည်သစ်ထိန်းချုပ်ရာဒေသ ၃ ခုတွင် ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်များအတွက် ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်စတင်

    -

    မွန်ပြည်သစ်ပါတီ ကျန်းမာရေးဌာန(ဗဟို)မှ ဘုရားသုံးဆူ၊ ရေးချောင်းဖျားနှင့် ရေဖြူဒေသတို့တွင် ယခုအောက်တိုဘာလမှစပြီး ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်များအတွက် ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်ကို စတင်သွားမည်ဖြစ်ကြောင်း မွန်အမျိုးသားကျန်းမာရေးကော်မတီ(MNHC) မှ ကြေညာချက်အရ သိရသည်။

    Expanded Program on Immunization -EPI Program အစီအစဉ်ဖြင့် အသက်၅ နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များကို လာမည့်အောက်တိုဘာ ၂၅ ရက်နေ့မှစပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ ထိုးနှံပေးသွားမည်ဖြစ်သည်။

    မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ဘုရားသုံးဆူဒေသတွင် ၁၀ ရွာ၊ ရေးချောင်းဖျား ဒေသတွင် ၁၁ ရွာနှင့် ရေဖြူဒေသတွင် ၉ ရွာရှိ ကိုယ်ဆောင်မိခင်နှင့်ကလေးငယ်များ ပါဝင်ထိုးနှံနိုင်ကြောင်း မွန်ပြည်သစ်ပါတီ ကျန်းမာရေးဌာနမှတာဝန်ရှိသူတစ်ဦးက IMNA ကိုပြောသည်။

    ပုံ- မွန်အမျိုးသားကျန်းမာရေးကော်မတီ (MNHC)

    “ထိုးရမဲ့ကာကွယ်ဆေးက ၇ မျိုးရှိတယ် အဲ့အမျိုးအစား ၇ မျိုးမှာက ရောဂါ ၁၂ မျိုးကာကွယ်ပေးနိုင်တယ်၊ ကာကွယ်ရမဲ့ရောဂါကများသွားလို့ မြို့နယ်တစ်ခုမှာ ၄ ခါထိုးပေးရတယ်၊ သွားထိုးတဲ့အခါ ဒေသခံတွေသိဖို့ ခရိုင်၊ မြို့နယ်ကတစ်ဆင့်ကျေးရွာဥက္ကဌ၊ ကျေးရွာကျန်းမာရေးကော်မတီတွေကို အကြောင်းကြားထားရတယ်” ဟုပြောသည်။

    EPI Program ဖြင့် ထိုးနှံပေးမည့် ကာကွယ်ဆေးများတွင် ပြင်းထန်တီဘီရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊အဆုတ်ရောင်ရောဂါ၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်ရောဂါ၊ ပိုလီယို အကြောသေရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော စသဖြင့် ရောဂါ ၁၂ မျိုးကာကွယ်ပေးနိုင်သည့် ဆေးများပါဝင်သည်။

    နှစ်စဉ် ပွင့်လင်းရာသီတိုင်း မွန်အမျိုးသားကျန်းမာရေးဌာနမှ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်ကို ဆက်တိုက်အကောင်ထည်ဖော်နေသော်လည်း ယခုနှစ်တွင် မိုးရွာသွန်းနေဆဲဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် သတ်မှတ်ရက်ထက် နောက်ကျနိုင်ကြောင်း ကျန်းမာရေးဌာနမှတာဝန်ရှိသူက ဆက်ပြောသည်။

    “ပွင့်လင်းရာသီမှာနှစ်တိုင်းထိုးပေးနေတယ် မိုးမကုန်သေးရင်တော့လမ်းပျက်စီးလို့ အသွားအလာခက်ခဲတဲ့ အတွက် သတ်မှတ်ထားတဲ့ရက်အတိုင်း မစနိုင်တာတွေရှိတော့ ကျော်ရင်လည်းကျော်သွားနိုင်တယ်” ဟုပြော သည်။

    မွန်ပြည်သစ်ပါတီကျန်းမားရေးဌာနမှ ကာကွယ်ဆေးထိုးနှံရေး အစီအစဉ် EPI Program ကို  ၂၀၁၀ ကစတင်ပြီး ၂၀၂၀ ခုနှစ်အထိ ဆက်တိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်မှုနှင့်စစ်အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းထားရသည့် အခြေအနေများလည်း ရှိခဲ့သည်။

    ထို့နောက် ၂၀၂၃ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ ပြည်သူလူထုများထံ ကာကွယ်ဆေးထိုးနှံခြင်းများ၊ အခြားကျန်မားရေး ဝန်ဆောင်မှုပေးခြင်းမျာကို မွန်ပြည်သစ်ပါတီ ကျန်းမာရေးဌာနမှ အရှိန်မြှင့်ဆောင်ရွက်ပေးလျှက် ရှိသည်။

    စစ်တပ်အာဏာသိမ်းကာလ စစ်ရေးပဋိပက္ခပြင်းထန်နေသည့် ဒေသတို့တွင် မွေးကင်းစမှအသက် ၅ နှစ်အရွယ်ကလေးငယ်များ ကာကွယ်ဆေးထိုးနှံခွင့် ဆုံးရှုံးနေသူ သန့်နှင့်ချီရှိကြောင်း အမျိုးသမီးနှင့်ကလေးသူငယ်အရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများ၏ အချက်အလက်ရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks