Wednesday, March 18, 2026
More
    spot_img
    Homeသတင်းပန်းရောင်ကတ်ပြုလုပ်လျှောက်ထားခွင့် ယာယီပိတ်လိုက်သဖြင့် ပွဲစားရှိစာရံငွေများပြန်မရမည်ကို အလုပ်သမားများစိုးရိမ်နေ

    ပန်းရောင်ကတ်ပြုလုပ်လျှောက်ထားခွင့် ယာယီပိတ်လိုက်သဖြင့် ပွဲစားရှိစာရံငွေများပြန်မရမည်ကို အလုပ်သမားများစိုးရိမ်နေ

    -

    ထိုင်းနိုင်ငံတွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းလုပ်သားများအတွက် အလုပ်လုပ်ခွင့်လက်မှတ် ပန်းရောင်ကတ်ပြုလုပ်ရန် အမည်စာရင်းတင်သွင်းခွင့်ကို ယာယီပိတ်လိုက်သဖြင့်  ပွဲစားထံ စာရံငွေကြိုသွင်းထားသည့်အလုပ်သမားများ  ငွေပြန်မရမည်ကို စိုးရိမ်နေကြကြောင်း  အလုပ်သမားအရေးကူညီနေသူများက ပြောသည်။

    အောက်တိုဘာ ၁၅ ရက်နေ့မှစပြီး မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်စသည့် ၄ နိုင်ငံမှအလုပ်သမားများကို တရားဝင်အလုပ်လုပ်ခွင့်မှတ်ပုံတင်အတွက် စတင်လျှောက်ထားခွင့်ပြုမည်ဟု ကြေညာထားပြီး၊ နောက်ရက် အောက်တိုဘာ ၁၆ ရက်နေ့တွင် ယာယီပိတ်လိုက်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

    ဝန်ဆောင်မှုပေးနေသည့်ပွဲစားနှင့် အလုပ်သမားများကြား အစိုးရလုပ်ငန်းစဉ်ရပ်ဆိုင်းသွားပါက ပြန်အမ်းငွေများကို ထက်ဝက်သာပြန်ပေးမည်ဟု သဘောတူညီချက်များရှိနေနိုင်ခြင်းအပြင် အလုပ်သမားများ၌ စာရံငွေပေးထားကြောင်း အထောက်အထား တစ်စုံတစ်ရာမရှိပါက ပြဿနာဖြစ်လာနိုင်သည်ဟု ထိုင်းအခြေစိုက် FED အလုပ်သမားအရေးတာဝန်ခံက ပြောသည်။

    ပုံ-ဘန်ကောက်ပိုစ့်

    “ စာရံသွင်းထားတဲ့အေဂျင်စီတွေ ပွဲစားတွေကတော့ ကောင်းတယ်ဆိုရင် စာရံငွေပြန်တောင်းလို့ရတယ်။ အချို့ကစာရံငွေယူထားပြီး အစိုးရဘက်ကနေတစ်ခုခုဖြစ်ရင် ဘယ်လောက်ပြန်မအမ်းတော့ဘူးဆိုတွေရှိနိုင်တယ်။ အဲ့တာဆိုအလုပ်သမားတွေဘက်က နစ်နာနိုင်တယ် ပိုက်ဆံတွေဘာတွေသွင်းထားတယ်ဆိုရင် သွင်းထားကြောင်း ဘောက်ချာတွေရှိရင် ပိုကောင်းတယ်။ အဲ့တာမှ မလိုလားအပ်တဲ့လိမ်လည်တာတွေ မဖြစ်ပွား‌အောင် သက်သေပြလို့ရအောင်ပေါ့”ဟု ပြောသည်။

    ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ပန်းရောင်ကတ်ပြုလုပ်လျှောက်ထားနိုင်ရန် ပွဲစားများထံ ဘတ်ငွေ ၆၅၀၀ နှင့် ၇၀၀၀ ကြား ပြီးခဲ့သည့် စက်တင်ဘာလကပင် စတင်ပေးသွင်းထားကြပြီး အခြားစာရွက်စာတမ်းကြေးများလည်း ပေးသွင်းထားရကြောင်း အလုပ်သမားနှင့် နီးစပ်သူများမှ သိရသည်။

    ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကိစ္စကြောင့် ရွှေ့ပြောင်းအလုပ်သမားများ၊ အလုပ်လုပ်ခွင့် လက်မှတ်ပြုလုပ်မည့်အစီအစဉ်ကို ရပ်နားလိုက်ခြင်းဖြစ်ကြောင်း၊ မည်သည့်ရက်တွင် ပြန်လည်ပြုလုပ်ပေးမည်ကို‌ မဖော်ပြထားသော်လည်း၊ ယာယီဟုဆိုထားသည့်အတွက် မကြာမီ ပြန်ဖွင့်နိုင်သည်ဟု ၎င်းကဆက်ပြောသည်။

    ပြန်ဖွင့်မည့်ရက်ကို ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် တရားဝင်အဖွဲ့အစည်းများ၏ထုတ်ပြန်ချက်နှင့် သတင်းဌာနမှတဆင့် စောင့်ကြည့်ရန်လိုအပ်သည်ဟု အလုပ်သမားအရေးကူညီနေသူများက တိုက်တွန်းပြောဆိုသည်။

    ပုံ-ဘန်ကောက်ပိုစ့်

    အလုပ်သမားအရေးကူညီနေသူတစ်ဦးက “ယာယီပိတ်ထားတယ်လို့ပြောထားတယ် စိတ်ရှည်လက်ရှည် စောင့်ပေးတာပေါ့။ ဘာမှလုပ်လို့မရဘူး။အစိုးရဘက်ကနေဖြစ်တဲ့ဟာဆို‌တော့။ သူတို့အကြောင်းပြတဲ့ ကိစ္စမြန်မြန်ပြီးမှ ဆုံးဖြတ်ချက်ချမှပဲ အဆင်ပြေမဲ့သဘောရှိတယ်”ဟု ပြောသည်။

    အလုပ်လုပ်ခွင့်လက်မှတ်ပြုလုပ်ရန်အတွက် ငွေသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ လဝကရုံးထံ လက်ဗွေနှိပ် မျက်လုံး scan ဖတ်ခြင်းအပြင် အခြားသောလုပ်ငန်းစဉ်များကိုလည်း ရက်ရွှေ့ဆိုင်းထားကြောင်း သိရသည်။

    တရားဝင်အထောက်အထားပြုလုပ်ခြင်း ရပ်နားထားစဥ် ဖမ်းဆီးစစ်ဆေးမှု တင်းကြပ်နိုင်သဖြင့် ရွှေ့ပြောင်းအလုပ်သမားများ အသွားအလာ ဂရုစိုက်ရန်လိုအပ်သည်ဟုလည်း အလုပ်သမားအရေးကူညီနေသူကဆိုသည်။

    ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်နယ်မြေရှိ အလုပ်သမားတန်းလျားတွင် ဘတ်တင်ရန်စောင့်ဆိုင်းနေသည့် မြန်မာနိုင်ငံသား အလုပ်သမား ၁၃၁ ဦးကို ထိုင်းရဲများက ယမန်နေ့ အောက်တိုဘာ ၁၆ ရက်နေ့က ဝင်ရောက်ဖမ်းဆီးမှု ဖြစ်ပွားခဲ့သေးသည်။

    ယခုအကြိမ်၌ ဘတ်အသစ်တင်ရန် စောင့်ဆိုင်းနေသည့် မြန်မာ၊ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိင်ငံမှ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းဝန်းကျင်ခန့် ရှိနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks