ဟံသာနွန် ရေးသားသည်။
ဒီရက်ပိုင်းထဲမှာ နှစ်နှစ်ကျော်ကြာ စကားမပြောဖြစ်တဲ့ မွေးရပ်ဌာနီက မိတ်ဆွေတဦးနဲ့ အွန်လိုင်းကနေ စကားစမြည် ပြောဖြစ်ခဲ့ပါတယ်။ သူပြောတဲ့ စကားထဲမှာ သူ့ရဲ့ ဆယ်ကျော်သက်တူလေးတစ်ယောက်နဲ့ အပေါင်းအပါ တသိုက်ဟာ ကျောင်းပြေးပြီး ရုပ်ရှင်မင်းသား၊ မင်းသမီးပါတဲ့ “အံဂလုံ”လို့ ခေါ်တဲ့ လောင်းကစားတစ်မျိုးကို ဆော့ကစားခဲ့တာ ရိုက်နှက်ဆုံးမပြီး စိတ်မကောင်းဖြစ်ရတဲ့ကြောင်း ရင်ဖွင့်လာတာပါ။
သူ့တူလေးက အလယ်တန်း Grade – 6(ဆဌမတန်း)မှာ ကျောင်းတက်နေတာဖြစ်ပါတယ်။
မင်းသား၊ မင်းသမီးဓါတ်ပုံတွေ ပါတဲ့ “အံဂလုံ” လောင်းကစားကို ရွာထဲမှာ ပွဲတော်ကျင်းပတိုင်း ထည့်သွင်းလေ့ရှိခဲ့တဲ့ “အံဂလုံ”ဝိုင်းအတိုင်း ပုံစံတူ ပြုလုပ်ကစားတာလို့ သူ့ဦးလေးက ပြောပြပါတယ်။
ကျွန်တော်က စိတ်ဝင်စားစွာဖြင့် သူ့ဦးလေးဖြစ်တဲ့ မိတ်ဆွေဟောင်းကို သူ့တူလေးနဲ့ မေးမြန်းချင်ကြောင်း အကူအညီတောင်းလို့ ဖုန်းပြောခွင့်ရပါတယ်။
ကျွန်တော်တို့ငယ်ငယ်တုန်းက ပွဲတော်တွေမှာ တွေ့ခဲ့ရတဲ့ ဆင်၊ မြင်း၊ ကျား၊ နဂါး၊ ဒေါင်း အစရှိတဲ့ ရုပ်ပုံပါ ခြောက်ဘက်မြင် အံစာတုံးအတိုင်းကို အဲဒီကောင်လေးတွေဟာ သူတို့ကိုယ်တိုင် ပုံစံတူ ထုစစ်ပြုလုပ် ဆော့ကစားခဲ့တယ်လို့ အဲဒီကလေးက ပြန်ပြောပါတယ်။
လုပ်ပုံလုပ်နည်းကို လူမှုကွန်ယက်စာမျက်နှာတခုဖြစ်တဲ့ Youtube ပလက်ဖောင်းကနေ လေ့လာခဲ့တယ်လို့ ရယ်ရယ်မောမောနဲ့ ပြန်ပြောပါတယ်။
သူတို့ သူငယ်ချင်းတွေဟာ ရွာမှာ ဘုရားပွဲဖြစ်တော့ မိဘတွေနဲ့အတူ သွားရင်းကနေ “အံဂလုံ”ဝိုင်းကို တွေ့ပြီး စိတ်ဝင်စားခဲ့တာပါ။ သိပ်မကြာခင် ပွဲတော်ရက်မပြီးခင် တရက်အလိုမှာ မိဘအုပ်ထိန်းသူ မသိအောင် ဆယ်ကျော်သက်ကောင်လေး သူငယ်ချင်း ခုနစ်ယောက်က “အံဂလုံ”ဝိုင်းကို သွားရောက်လေ့လာခဲ့တယ်လို့ အကြောင်းစုံ ရှင်းပြပါတယ်။
အဲဒီနောက် အချိန်တပတ်အတွင်း အားလပ်တဲ့အချိန်တွေမှာ အံစာတုံးကို ထုဆစ် ပြုလုပ်ခဲ့ကြတယ်လို့ အသံပြတ်တောက် ပြတ်တောက် ဖြစ်နေတဲ့ မြန်မာပြည်တွင်း ဖုန်းလိုင်းကနေတဆင့် ဆယ်ကျော်သက် ကောင်လေးက မာန်ပါပါနဲ့ ထပ်ခါတလဲလဲ ပြန်ရှင်းပြပါတယ်။
“သားတို့ မိသားစု ပိုက်ဆံဆင်းရဲတယ်လေ။ သားကျောင်းထွက်တဲ့အခါကျရင် အဲဒါကို လုပ်မယ်။ အဖေနဲ့ အမေကို ပိုက်ဆံရှာပေးဖို့ စဉ်းစားထားတာ” လို့ ဆယ်ကျော်သက်ကလေးက သူ့ရဲ့ ရည်ရွယ်ချက်ကို ထပ်မံရှင်းပြခဲ့ပါတယ်။
ဆယ်ကျော်သက်ကောင်လေးရဲ့ မိသားစုဝင် တောင်းဆိုချက်အရ ဒီဆောင်းပါးမှာ သူ့အမည်ကို မင်းခန့်လို့ အစားထိုးအသုံးပြုသွားမှာ ဖြစ်ပါတယ်။
မင်းခန့်တို့ မိသားစုမှာ အသက် လေးနှစ်ကွာတဲ့ အစ်မတယောက်၊ အဖေနဲ့ အမေဆိုပြီး မိသားစုဝင် လေးယောက် ရှိပါတယ်။
သူ့အဖေဟာ အာဏာမသိမ်းခင် လပိုင်းအလိုမှာ ပန်ရံအလုပ်လုပ်ရင်း မတော်တဆ ခြေထောက်ဒဏ်ရာရရှိပြီး အဲဒီဒဏ်ရာနဲ့ပဲ အကူမပါဘဲ လမ်းလျှောက်လို့ မရသေးတဲ့အခြေအနေ ဖြစ်နေဆဲပါ။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းမခင်က မင်းခန့်တို့ မိသားစုဟာ အဖေဝင်ငွေတခုတည်းနဲ့ နေထိုင်စားသောက်ရေးအပြင် စုဆောင်းမိတဲ့အနေအထား ရှိခဲ့ပါတယ်။
အဖေဖြစ်သူ မတော်တဆဖြစ်ပြီး ပြန်ကောင်းနိုင်ရေး မျှော်လင့်ချက်နဲ့ စုဆောင်းထားတဲ့ ငွေကြေးအားလုံး အသုံးပြုခဲ့ပေမယ့် မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ပါဘူး။ နောက်ဆုံး အမေဖြစ်သူက ခေါင်းပေါ် ဈေးဗန်းတင်ပြီး တလမ်းဝင် တလမ်းထွက် စားဝမ်းနေရေးအတွက် အသီးအရွက်၊ အသား၊ ငါး ဈေးထွက်ရောင်း ရပါတော့တယ်။
အရှက်အကြောက်ကြီးတဲ့ မင်းခန့်ဟာ မိခင်ဖြစ်သူ ကုန်စိမ်းရောင်းနေတာ သဘောကျဟန် မရှိနေသလို သူငယ်ချင်းတွေရဲ့ ဝိုင်းဝန်းကဲ့ရဲ့စနောက်ခြင်း ခံရမှာ မလိုလားသူပါ။

“ဒီအလုပ်သာ လုပ်ရင် သားကျောင်းပြီးတဲ့အချိန်နဲ့ တွက်ရင် ပိုက်ဆံအများကြီး ရှာနိုင်မှာလေ။ အမေတို့ကို ပိုက်ဆံအများကြီး ပေးလို့ရမှာ။ အမေ ဈေးရောင်းနေရတာ သားရှက်သလိုဖြစ်နေတယ်” လို့ ကျောင်းကနေ ထွက်ပြီး ပိုက်ဆံရှာချင်တဲ့အကြောင်း မင်းခန့်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် စစ်ပွဲနဲ့ ပဋိပက္ခတွေကြောင့် အဖက်ဖက်ကနေ ယိုးယွင်းပျက်စီးလာပြီး လူထုတွေဟာလည်း အကြပ်အတည်းမျိုးစုံနဲ့ ရင်ဆိုင်နေရတာ မျက်မြင်ပါ။
ဒီအခြေအနေကို အခွင့်ကောင်းယူထားတဲ့ စစ်အာဏာရှင်တွေဟာ ပြည်သူတွေ နိုင်ငံရေးထဲ စိတ်ပါဝင်စားမှု မရှိ အောင် ပုံစံအမျိုးမျိုးနဲ့ ကြံစည်အားထုတ်နေပါတယ်။
အဲဒီထဲမှာဆို တရားမဝင်လောင်းကစားဝိုင်းလည်း တခုအပါအဝင် ဖြစ်ပါတယ်။
ဒီလောင်းကစားဝိုင်းတွေကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ စစ်တပ်၊ ပြည်သူ့စစ်၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့၊ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်ပိုင်းအချို့နဲ့ စစ်အုပ်စုလက်ဝေခံ လက်နက်ကိုင်အချို့က တရားဝင်ခွင့်ပြုချက် ပေးထားတာဖြစ်တယ်လို့ လွတ်လပ်သော မွန်သတင်းအေဂျင်စီက စကားပြောခွင့်ရရှိခဲ့တဲ့ စစ်အုပ်စုရဲ့ အုပ်ချုပ်ရေး ယန္တရားမှာ ပါဝင်နေတဲ့သူ ခုနစ်ဦးထက်မနည်းက တညီတညွတ်တည်း ပြောဆိုခဲ့ပါတယ်။
“ရှင်းရှင်းပဲ ပြောရရင် ချောင်းဆုံမှာဆို အခု ဝန်ကြီးချုပ်ရဲ့ တူမကိုယ်တိုင်က သူ့ဦးလေးဝိတ်နဲ့ လုပ်နေတာ။ ပြီးတော့ ပေါင်မှာဆို USDP ပါတီက လူကြီးတယောက်က စစ်တပ်နဲ့ ပေါင်းပြီး ခွင့်ပြုပေးနေတာ။ ဒီလောင်းကစားဝိုင်း လုပ်နေတဲ့သူတိုင်း ခေါ်မေးလို့ရတယ်” လို့ ပေါင်မြို့နယ်မှ “အနီထောင်” ဒိုင်ပြုလုပ်ခဲ့ဖူးသူတဦးက သူ သိရှိထားတဲ့ အခြေအနေကို ပြန်ပြောပြပါတယ်။
ဒီလို တရားဝင်ခွင့်ပြုချက်ရရှိဖို့ ဝိုင်းအမျိုးအစားပေါ်တည်ပြီး တရက်ကို ငွေကျပ်သိန်းရာချီ ပေးဆောင်ရသလို “အံဂလုံ”ဝိုင်း တဝိုင်းကို တည ငွေကျပ် ငါးသိန်းနီးပါး ပေးရတယ်လို့ သူက ဆက်ပြောပါတယ်။
ငွေရလွယ်ကူတဲ့ အရသာကို သိရှိသွားတဲ့ စစ်အာဏာရှင်ထောက်တိုင်တွေဟာ လောင်းကစားဒိုင်တွေနဲ့ လက်ဝါးချင်းရိုက်ပြီး အကြောင်းရှာပါတော့တယ်။
အာဏာမသိမ်းခင်မှာ ပွင့်လင်းရာသီရောက်မှသာ ပွဲလမ်းသဘင်တွေ ကျင်းပလေ့ရှိပေမယ့်လည်း အာဏာသိမ်းပြီး နောက်ပိုင်း ဆယ့်နှစ်လရာသီမရွေး အကြောင်းအမျိုးမျိုးပြပြီး ပွဲလမ်းသဘင် ပြုလုပ်လာပါတယ်။
“ရွာမှာဆို ပြောမနေနဲ့ မိုးရွာရင် အမိုးမိုးပြီး ချတာ၊ အကောက်ပေးထားပြီးပြီလေ အေးဆေးပဲ။ ကြိုက်သလို လုပ်လို့ရတယ်။ ကြိုက်တဲ့အချိန်လုပ်လို့ရတယ်။ ဟိုတုန်းကလို ခိုးလုပ်နေရတာမဟုတ်ဘူး။ အခုခေတ်က အေးဆေးပဲ။ တချို့နေရာဆို လုံခြုံရေးတောင် ယူပေးတာပဲ”လို့ “အနီထောင်”ဝိုင်းနောက်လိုက်ညကစားလေ့ရှိတဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသားတဦးက ပြောပါတယ်။
နယ်ဘက်တွေမှာ ဖဲဝိုင်း၊ ကြက်ဝိုင်းကအစ အနီထောင်၊ အံဂလုံဝိုင်း အစရှိတဲ့ လောင်းကစား မျိုးစုံ ပေါ်တင် ထည့်သွင်းလေ့ ရှိပေမယ့် မြို့ပေါ်တွေမှာ “အံဂလုံ”ဝိုင်းကို ဟန်ပြအနေနဲ့ လူမြင်ကွင်းမှာ ထည့်သွင်းကာ လူသူမသိနိုင်တဲ့နေရာမှာ “အနီထောင်”ကဲ့သို့သော ဝိုင်းကြီးတွေကို ကစားလေ့ရှိတယ်လို့ အဲဒီအမျိုးသားက ရှင်းပြပါတယ်။
အဲဒီလောင်းကစားဝိုင်းတွေဟာ ကျေးလက်ဒေသမှာသာမက ပြည်နယ်မြို့တော် မော်လမြိုင်မြို့ပေါ်မှာလည်း တွင်တွင်ကျယ်ကျယ်နဲ့ တရားဝင်ခွင့်ပြုပေးထားတယ်လို့ မော်လမြိုင်မြို့ခံအချို့က ပြောပါတယ်။
ပြီးခဲ့တဲ့လကတည်းက မော်လမြိုင်မြို့ပေါ်မှာ ပွဲလမ်းသဘင်ဆက်တိုက်ရှိနေပြီး ကျင်းပခဲ့တဲ့ ပွဲတော်တိုင်းလိုလိုမှာ လောင်းကစားဝိုင်းကို ထည့်သွင်းခဲ့တယ်လို့ အသက် သုံးဆယ်နှစ်အရွယ် မော်လမြိုင်မြို့ခံတဦးက ပြောပါတယ်။
ယခုလို ပေါ်ပေါ်ထင်ထင်လောင်းကစားဝိုင်းတွေ ခွင့်ပြုနေတဲ့အတွက် လူငယ်တွေအကြား စွဲလမ်းမှုတွေ ရှိလာ တယ်လို့ ဆိုပါတယ်
“ဘယ်လောက်အထိဆိုးလဲဆိုရင် မိဘတွေက ကျောင်းသွားရင် သုံးဖို့ ပေးလိုက်တဲ့ ပိုက်ဆံကို မသောက်မစားဘဲ။ ညဘက် ရပ်ကွက်ပွဲဈေးက “အံဂလုံ”သွားဆော့တယ်။ ဒါက တခါလဲမဟုတ်၊ နှစ်ခါလည်း အမြဲတမ်းလိုလို လူငယ်တွေကို တွေ့လာရတယ်” လို့ လူငယ်တွေ လောင်းကစားအပေါ် စိတ်ဝင်စားမှုရှိလာတဲ့ အခြေအနေကို အဲဒီအမျိုးသားက ပြန်ပြောပါတယ်။
ဒီလို လောင်းကစားဝိုင်းတွေ ကျယ်ပြန့်လာတာနဲ့အမျှ ခိုးဆိုးလုယက်မှုတွေကလည်း နောက်ဆက်တွဲပါလာပြီး နောက်ဆုံး လူသတ်မှုအထိ ရှိခဲ့ပါတယ်။
မွန်ပြည်နယ်မှာဆို ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ ပေါင်မြို့နယ်တွေအပါအဝင် မြို့တော်မော်လမြိုင်မှာတောင် နေခင်းကြောင်တောင် ရွှေဆိုင်ဓါးပြတိုက်ခံရတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။
ဒါတွေအားလုံးဟာ မည်သည့်အကြောင်းအရင်းကြောင့် ပြုလုပ်ခဲ့တာ ကာယကံရှင်ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ မသိနိုင်ပေမယ့် သေချာတဲ့ဖြစ်နိုင်ခြေတခုဟာ လောင်းကစားဝိုင်းတွေ တွင်တွင်ကျယ်ကျယ် ခွင့်ပြုပေးလာတဲ့ နောက်ဆက်တွဲ ပယောကတွေလည်း ပါဝင်တယ်လို့ ရဲလုပ်သက်နှစ် နှစ်ဆယ် နီးပါးရှိတဲ့ CDM ရဲအရာရှိတဦးက သုံးသပ်ပါတယ်။
အခုလို အချိန်အခါမျိုးမှာ အစိုးရလို့ မခေါ်ထိုက်တဲ့ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်ဟာ ဥပမာပေးဖို့တောင် မရှိတဲ့ အတွက် လူငယ်တွေ လမ်းမှာ မရောက်ဖို့က သက်ဆိုင်ရာ မိဘအုပ်ထိန်းသူတွေ အရင်ကထက် ပိုဂရုစိုက်ဖို့က လွဲပြီး အခြားမရှိတော့ပေ။
“အတုမြင် အတတ်သင်ပဲပေါ့။ ရပ်ရွာတွေမှာ ပေါ်ပေါ်ထင်ထင် လုပ်နေတော့ ဒီလူငယ်တွေ မစွဲလမ်းပဲ နေမလား။ တရားဝင်တာ မဝင်တာ သူတို့မသိဘူး။ ဒီလိုလုပ်ရင် ဒီလိုပိုက်ဆံရတယ်။ လူငယ်တွေ လမ်းမှာ ရောက်ဖို့ လမ်းစပဲ” လူငယ်တွေ လောင်းကစား ခင်တွယ်လာတဲ့အပေါ် မင်းခန့်ရဲ့ ဦးလေးဖြစ်သူက စိတ်မကောင်းစွာနဲ့ ပြောပါတယ်။
ကိုယ်ကာယ အားစိုက်ထုတ်မှု မရှိဘဲ ငွေကြေးအလွယ်တကူရရှိမယ်လို့ စိတ်ထဲစွဲဝင်လာနေတဲ့ လူငယ်တွေ လောင်ကစားအပေါ် ဘယ်လောက်အထိ စွဲလမ်းနေကြပြီးလဲဆိုတာ မင်းခန့်တို့လို ဆယ်ကျော်သက် လူငယ်တွေ ဥပမာတခုပါပဲ။
ဖော်ထုတ်အရေးယူခြင်း မရှိ၊ အကျင့်ပျက်ချစားမှုတွေနဲ့ ပြည့်နှက်နေတဲ့ မြန်မာပြည်ဟာ တဖြည်းဖြည်းနဲ့ ဆုတ်ပြတ်သက်လာနေတာကို မီးမောင်းထိုးပြနေပြီး လူငယ်တွေရဲ့ အနာဂတ်ကလည်း မတွေးဝံ့စရာပါ။
ယခုလို ဖြစ်ပျက်နေတဲ့အပေါ် ထိန်းကျောင်းမှု မရှိတဲ့ကာလမှာ မင်းခန့်တို့လို လူငယ်တွေအပါအဝင် ပြည်တွင်းမှာ ရှိနေကြတဲ့ သူတွေဟာ စစ်အာဏာရှင်တွေရဲ့ သွေးဆောင် ဖျားယောင်းမှုနောက် ပါသွားမှာ စိုးရိမ်စရာဖြစ်နေပေမဲ့ ကာယကံရှင်ကတော့ အခုလို ဆိုပါတယ်။
“အရင်က အဖေ အိမ်ဆောက်တာမြင်တော့ အင်ဂျင်နီယာဖြစ်ချင်ခဲ့တာ။ အခုတော့ မလုပ်ချင်တော့ဘူး။ အဲဒါက (အံဂလုံ)ဝိုင်း ပိုက်ဆံပိုရတယ် ထင်တယ်။ နောက်မဆော့ဖို့ အမေတော့ ရိုက်တယ်။ စိတ်ထဲမှာ အဲဒါပဲ ကစားချင်နေတာ” လို့ ဆယ်ကျော်သက်အရွယ် မင်းခန့်က ပြောပါတယ်။