spot_img
Thursday, February 26, 2026
More
    spot_img
    Homeသတင်းစစ်တပ် ကမ်းလှမ်းသည့် ငြိမ်းချမ်းရေးအပေါ် EAOs များ အယုံအကြည် မရှိကြ

    စစ်တပ် ကမ်းလှမ်းသည့် ငြိမ်းချမ်းရေးအပေါ် EAOs များ အယုံအကြည် မရှိကြ

    -

    စစ်ကော်မရှင်က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၁၀ ပြည့်ပွဲ အခမ်းအနားကို နေပြည်တော်တွင် ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့သည်။

    တဆက်တည်း ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆက်လက် ကျင်းပလျက်ရှိသည်။ စစ်ခေါင်းဆောင် ကိုယ်တိုင် ဦးဆောင်ကျင်းပနေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများက အယုံအကြည် ကင်းမဲ့ကြောင်း တုံ့ပြန်ကြသည်။

    “စစ်တပ် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆိုတာက ကျွန်တော်ပြောပြမယ်။ စစ်တပ်ဘက်က သူတို့ဖြစ်ချင်တဲ့ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်ဖို့အရေး သူတို့ အာဏာတည်မြဲဖို့အရေး နောက်ပြီးမှ လက်နက်ကိုင်တွေကို လက်နက်ဖြုတ်သိမ်းရေး ဒါကိုပဲ သွားနေတာ။ ဒါ့အပြင်ကိုမှ ဒီနေ့ဖြစ်နေတဲ့ ၂၀၂၁ နောက်ပိုင်း နိုင်ငံရေး အခင်းအကျင်းဟာ NCA လမ်းကြောင်းနဲ့ လားလားမှ မသက်ဆိုင်တော့ဘူး။” ဟု ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP မှ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ဆိုသည်။

    အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)၏ ဥက္ကဌဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ရှိကြောင်း၊ စစ်ခေါင်းဆောင် ကိုယ်တိုင်ကလည်း EROs များ၊ PDF များအနေဖြင့် လက်နက်ဖြုတ်သိမ်းကာ နိုင်ငံရေးအရ စကားလာပြောရန် ယခုနှစ် တပ်မတော်နေ့ မိန့်ခွန်းတွင် ပြောဆိုဖူးသည်။

    “စစ်တပ်က ဦးဆောင်ပြီးတော့မှ လုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆိုတာဟာ ဒါတွေဟာ အားလုံး လက်ခံနိုင်ဖွယ်မရှိဘူး။ ဒီနေ့ ကျနော်တို့ ဖြစ်နေတဲ့ ပြဿနာတွေကို တစုတစည်းထဲ ဖြေရှင်းရမယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ ဒီစစ်တပ်ကနေ ဦးဆောင်ပြီးတော့မှ နိုင်ငံရေးအစီအစဥ်တွေ ချတယ်။ သူလိုချင်တဲ့ နိုင်ငံရေးခေါင်းစဥ်တွေကိုပဲ ဆွေးနွေးအဖြေရှာရတဲ့ အခင်းအကျင်းမျိုးသည် ဘယ်လိုမှ တိုင်းပြည်ပြဿနာကို ဖြေရှင်းနိုင်တဲ့ အခြေအနေမဟုတ်ဘူးလို့ ကျနော်အဲ့လိုပဲ မြင်ပါတယ်။ တချိန်တုန်းက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာလည်း စတင်ပျိုးထောင်တဲ့အခါမှာ စစ်တပ်က သူလိုချင်တဲ့ နိုင်ငံရေးပုံစံတွေ လုပ်ခဲ့တယ်။ နောက်တခုကတော့ စစ်တပ်က ချပေးတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံအောက်မှာ ဆွေးနွေးခဲ့တယ်။ ဒီပြဿနာတွေဟာ နှစ်တွေ၊ အချိန်တွေ၊ လူတွေ ကြာပြီး ပင်ပမ်းခဲ့ပေမယ့် ရလဒ်က ဒီနေ့ကျနော်တို့ မြင်တဲ့ ရလဒ်က ၂၀၀၈ ဘောင်အောက်ကိုပဲ ပြန်သွားမယ့် အခြေအနေမျိုးဆိုရင်တော့ ဘယ်သူမှ လက်ခံနိုင်မယ့် အခြေအနေမျိုး မဟုတ်ဘူးလို့ပဲ ကျနော်မြင်ပါတယ်။” ဟု ABSDF ၏ ဥက္ကဌ ရဲဘော် သံခဲက မှတ်ချက်ပြုသည်။

    NCA မပေါ်ပေါက်မီကာလများတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် (BGF) နှင့် ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး စစ်တပ်ကွပ်ကဲမှုအောက်ဝင်ရန် နအဖ စစ်အစိုးရက အတင်း ဖိအားပေးမှုကြောင့် ဇခုန်တိန့်ယိန်း၏ ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDAK)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) နှင့် ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) အင်အားအချို့ BGF ဖြစ်လာကြသည်။ KNU ကိုလည်း နိုင်ငံရေးဆက်လုပ်လိုပါက နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရန် ဖိအားပေးခဲ့သည်။

    နိုင်ငံရေးပါတီများတွင် လက်နက်ကိုင်တပ်ဖွဲ့မရှိရဆိုသည့် ဥပဒေဖြင့် ၎င်းအား လက်နက်ကိုင်တွန်းလှန်မည်ကို ပိတ်ပင်ထားသည်။ BGF အဖြစ် ကူးပြောင်းရန် ငြင်းဆန်ခဲ့သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) အား ၂၀၀၉ ခုနှစ်တွင် အပြင်းအထန် ထိုးစစ်ဆင်ခဲ့သည်။

    “အရင် ၂၀၀၁ မတိုင်ခင်က အခင်းအကျင်းတုန်းက သူတို့က လက်နက်ကိုင်ထဲမှာ အင်အားအကြီးဆုံးပုံစံမျိုးနဲ့ သူတို့က အနေအထားနဲ့ အထက်စီးကနေ ကျနော်တို့ကို တွေ့ဆုံဆွေးနွေးရေးတွေ ခေါ်ခေါ်ပြီးတော့မှ သူတို့လိုချင်တဲ့ ဟာတွေကို ချပြတယ် နောက်ကျနော်တို့ကို သဘောတူညီချက်တွေလုပ်တယ်။ အဓိကတော့ လက်နက်ဖြုတ်သိမ်းရေးကို ဦးစားပေးပြီးမှ သူတို့က လုပ်ခဲ့တာလေ။ အဲ့တော့ ဒီနေ့ ၂၀၀၁ နောက်ပိုင်းမှာတော့ အဲ့သလိုလုပ်နိုင်တဲ့ အခင်းအကျင်း မရှိတော့ဘူး။ တိုင်းရင်းသားတွေနဲ့ ဗမာ့နိုင်ငံရေးအခင်းအကျင်းကို ပြေလည်အောင်လုပ်မယ်ဆိုလို့ရှိရင် တိုင်းရင်းသားတွေ လိုလားနေတဲ့ အချက်တွေ ဘာလဲဆိုတဲ့အထိ အခြေခံအချက်တွေကို သူတို့ အရင်ဆုံးစဉ်းစားဖို့ လိုလိမ့်မယ်လို့ ကျနော်က အဲ့လိုပဲ ထင်ပါတယ်။” ဟု ဦးအောင်ဆန်းမြင့်က မှတ်ချက်ပြုသည်။

    လက်ရှိတွင် စစ်တပ်က ဖိတ်ခေါ်နေသည့် ငြိမ်းချမ်းရေးမှာ အယောင်ပြသဘောသာ ဖြစ်သောကြောင့် ပြည်တွင်းစစ်များ ဆက်လက်ရှည်ကြာရန်သာ ရှိနေဟု EOAs များက ထောက်ပြကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks