Homeသတင်းStarlink အင်တာနက် အသုံးပြုမှု ထပ်မံကန့်သတ်ခံရမည်ကို နယ်စပ်နေပြည်သူများ စိုးရိမ်လာ

Starlink အင်တာနက် အသုံးပြုမှု ထပ်မံကန့်သတ်ခံရမည်ကို နယ်စပ်နေပြည်သူများ စိုးရိမ်လာ

-

Starlink အင်အာနက် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာနေသည့် ထိုင်း-မြန်မာနယ်စပ်ဒေသနေပြည်သူများ နည်းပညာအရ အင်တာနက်အသုံးပြုမှု ထပ်မံကန့်သတ်ခံရမည်ကို စိုးရိမ်လာနေကြောင်း နယ်စပ်နေဒေသခံပြည်သူများက IMNA သို့ပြောသည်။

မြန်မာနယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)လုပ်ငန်းများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ဖြိုခွင်းမှုလုပ်ဆောင်ပြီးနောက် လအနည်းငယ်အကြာတွင် Starlink အင်တာနက်ဝန်ဆောင်မှုဖြင့် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နှင့် ဘုရားသုံးဆူမြို့အပါအဝင် အခြားနယ်စပ်ဒေသများတွင် အွန်လိုင်းငွေလိမ်လုပ်ငန်များ ပြည်လည်ဦးမော့လာခဲ့သည်။

ထို့ကြောင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ၏ လုပ်ငန်းလည်ပတ်မှုအတွင်း Starlink ပါဝင်ပတ်သတ်နေမှုကို စုံစမ်းစစ်ဆေးရေးစတင်နေပြီးဖြစ်သည်ဟု အမေရိကန်ကွန်ဂရက်လွှတ်တော် ပူးတွဲရေးကော်မတီက AFP သတင်းဌာနကို ပြောဆိုထားသည်။

Starlink အသုံးပြုမှုကို နည်းပညာအရ ထပ်မံကန့်သတ်မည်ဆိုပါက နယ်စပ်နေဒေသခံများ ဆက်သွယ်ရေး ပိုမိုခက်ခဲလာနိုင်ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်လုပ်ကိုင်သူများအတွက် ထူးထူးခြားခြား အကျိုးသက်ရောက်မှုမရှိနိုင်ကြောင်းလည်း ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

"အမေရိကန်က နည်းပညာအရ ထပ်ပိတ်မယ်ဆိုရင် ပထမဦးဆုံးအနေနဲ့ထိမှာ သာမန်ဒေသခံပြည်သူတွေပဲလေ၊ ပြီးရင်တော့ စီးပွားရေးလုပ်ငန်းရှင်တွေလည်းထိမယ်ပေါ့၊ တရုတ်တွေကတော့ သူတို့ဘာမှဖြစ်မှာမဟုတ်ဘူးလေ သူတို့အလုပ်ဆက်လုပ်နိုင်ဖို့ တစ်နည်းမဟုတ်တစ်နည်းတော့ သူတို့မှာ နည်းလမ်းတွေများတယ်လေ"ဟု မြို့ခံက ပြောသည်။

နယ်စပ်ဒေသရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ငန်းများကို ဖြိုခွင်းမှုကြောင့် ဆက်သွယ်ရေးအခက်အခဲဖြစ်ခဲ့ရသည့် နယ်စပ်ဒေသနေပြည်သူများသည် ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နယ်စပ်မှတစ်ဆင့် Starlink တင်သွင်းရောင်းချနေသူများ၏ အကူအညီအဖြင့် Starlink အင်တာနက်ကို စက်ရုံ၊အလုပ်ရုံ၊ အဆောင်နှင့် နေအိမ်များအားလုံးနီးပါးတွင် တပ်ဆင်အသုံးပြုလာကြသည်။

ထို့ကြောင့်လည်း ဂြိုလ်တုပုံနှင့် AFP ဒရုန်းမှ ရိုက်ကူးထားသည့် ဗီဒီယိုများအရ ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီမြို့နားရှိ လုံခြုံရေးတင်းကြပ်ထားသည့် အဆောက်အအုံနှင့် ဆောက်လုပ်ရေးလုပ်ငန်းများကို Elon Musk ၏ Starlink ဂြိုလ်တုအင်တာနက်ကို အများအပြား အသုံးပြုနေသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

Starlink အင်တာနက်ကို အွန်လိုင်းငွေလိမ်လုပ်ငန်းကြောင့်အပြင် နိုင်ငံရေးစစ်ရေးအရလည်း အသုံးပြုမှုထပ်မံပိတ်ပင်ခံနိုင်ကြောင်းလည်း တော်လှန်ရေးရဲဘော်တစ်ဦးမှ သုံးသပ်ပြောဆိုသည်။

"နိုင်ငံရေးအခြေအနေနဲ့ တွက်ဆရမယ်ဆိုရင် ဒီ Starlink wifi ကို တစ်နည်းတစ်ဖုံနဲ့ ပိတ်ပင်လာနိုင်မှာပဲ၊ ဘာဖြစ်လို့လဲဆိုရင် စစ်ကော်မရှင်က နယ်စပ်ဒေသဘက်ကို စစ်ကြောင်းထိုးဖို့ အရမ်းကိုသေချာနေတော့လေ၊ အဲတော့ တစ်ဖက်အမေရိကန်ဘက်ကလည်း တစ်နည်းတစ်ဖုံနဲ့ စစ်ဆေးကြပ်မတ်မယ်ဆိုတော့ လောလောဆယ်ဘာမဖြစ်သေးပေမဲ့ နောက်နောင်တော့ အကျိုးသက်ရောက်မှုတွေ ရှိလာမယ်"ဟု ပြောသည်။

ထို့ကြောင့် နယ်စပ်နေပြည်သူလူထုများ အင်တာနက် ထပ်မံဖြတ်တောက်ခံရသည့် အခြေအနေတွင် အရေးပေါ်ဆက်သွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်းလည်း တိုက်တွန်းထားသည်။

ယနေ့ နိုင်ငံတကာ၏ အင်တာနက်ကွန်ရက် ဖြန့်ကျက်မှုစနစ်အတွင်း Starlink သည် ထိပ်ဆုံးက ပါဝင်လာပြီး မြန်မာနိုင်ငံတွင် အင်တာနက်ဖြတ်တောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်အခက်အခဲဖြစ်နေသည့် ဒေသများအပြင် တော်လှန်ရေးနယ်မြေများတွင်လည်း Starlink ကို ဟိုတစ်ဆ ဒီတစ်ဆ အသုံးပြုလာကြသည်။

သို့သော် လွတ်မြောက်နယ်မြေမဟုတ်ဘဲ အသုံးပြုနေသည့်နေရာများတွင် နှစ်ဖက်အဖွဲ့အစည်းများ၏ သိမ်းဆည်း၊ဖမ်းဆီးခံရမည့် ပြဿနာကို အတတ်နိုင်ဆုံး ကြိုတင်ပြင်ဆင်ပြီး ထိန်းသိမ်းကြရန်လည်း နည်းပညာကျွမ်းကျင်သူများက တိုက်တွန်းထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts