spot_img
Friday, February 27, 2026
More
    spot_img
    Homeသတင်းရာသီဥတုအခြေအနေကြောင့် ဝက်နာကျရောဂါဖြစ်ပွားမှုများပြီး သေဆုံးမှုရှိနေ

    ရာသီဥတုအခြေအနေကြောင့် ဝက်နာကျရောဂါဖြစ်ပွားမှုများပြီး သေဆုံးမှုရှိနေ

    -

    မွန်ပြည်နယ်၊ မော်လမြိုင်နှင့် မုဒုံမြို့အနီးရှိ ကျေးရွာအချို့တွင် ရာသီဥတုအခြေအနေကြောင့် ယခုအောက်တိုဘာလအတွင်း ဝက်နာကျရောဂါ ဖြစ်ပွားမှုများလာပြီး တစ်နိုင်တစ်ပိုင်မွေးမြူထားသည့်ဝက်များ သေဆုံးမှုရှိလာကြောင်း ဝက်မွေးမြူသူများထံမှ သိရသည်။

    လတ်တလော ဝက်နာကျရောဂါ ဖြစ်ပွားမှုတွင် မွေးမြူထားသည့်ဝက်အကောင်ရေ အနည်းအများအပေါ်မူတည်၍ တစ်အိမ်လျှင် ငါးကောင်မှ ဆယ်ကောင်အထိ သေဆုံးမှုများရှိလာသည့်အတွက် ဝက်မွေးမြူသူများ အခက်တွေ့နေရကြောင်း ဒေသခံဝက်မွေးမြူသူများက ပြောသည်။

    ဝက်နာကျရောဂါဖြစ်ပွားပြီး သေဆုံးခဲ့ရသည့် ဝက်များသည် ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုမမှန်ဘဲ အမောဖောက်ခြင်းနှင့် အစာမစားဘဲ အချိန်ပြည့် လဲလျောင်းခြင်းတို့ကို တွေ့ရှိရပြီး ရောဂါစဖြစ်သည့်နေ့မှ ၅ ရက်အတွင်း သေဆုံးမှုဖြစ်ပွားနေကြောင်း မုဒုံမှ ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

    "ကျမတို့ခြံမှာတော့ ဝက်ကလေးပေါ့။ ဝက်ကလေး ၅ ကောင်လောက်သေသွားတာ။ ပထမ ၄ ကောင်သေတာကျတော့ အူယောင်လိုမျိုးပဲ ဝမ်းသွားတယ်၊ အစာကိုလည်း သူကိုယ်တိုင်မစားတော့ ကြိတ်ထောင်းပြီးကျွေးတော့လည်း အန်တယ်။ ဆေးအမျိုးမျိုးထိုးလည်း ဆေးမလိုက်ဘူး။ နောက်ဆုံးတစ်ကောင်ကျတော့ သူအသက်ရှုမြန်ပြီး အသားတွေပါတုန်တယ် ဒါမဲ့မရဘူး"ဟု သူမက ဆိုသည်။

    ရောဂါကြောင့် ဝက်သေဆုံးမှုဖြစ်ပွားခဲ့သည့် ရွာများမှ အခြားရွာသို့ ကူးစက်ပျံ့နှံ့မှုမဖြစ်ရန် အထူးကာကွယ်စောင့်ရှောက်နေရကြောင်းလည်း ဆက်ပြောသည်။

    လက်ရှိဝက်နာကျရောဂါ ဖြစ်ပွားနေခြင်းသည် အပူအအေးမမျှတသည့် ရာသီဥတုအခြေအနေကြောင့်ဖြစ်ပြီး ဇီဝလုံခြုံရေးဆိုင်ရာ ပြုပြင်ထိန်းသိမ်းပေးခြင်းအားဖြင့် ဝက်နာကျရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်မည်ဖြစ်ကြောင်းလည်း ဝက်မွေးမြူရေးလုပ်ငန်း နှစ်ရှည်ကြာလုပ်ကိုင်နေသည့် မော်လမြိုင်မြို့ခံတစ်ဦးက အကြံပြုပြောဆိုသည်။

    "ရာသီဥတုမကောင်းဘူး၊ ဒီလိုမိုးလေဝဿမကောင်းဘူးဆိုရင် ညမနက်ရေချိုးပေးတာတွေကို သတိထားပေးရမယ်၊ နောက်တစ်ခု မိုးချုပ်လို့ခြင်တွေထွက်ရင် ကားမှာထွက်တဲ့ ဒီဇယ်တွေကို ဝက်ရုံတွေမှာ ဖြန်းပေးတာတို့၊ နောက်ဝက်တွေကို အစားဝလင်တဲ့အထိမကျွေးဘဲ သူတို့ကျန်းမာရေးအခြေအနေ အလွယ်တကူခန့်မှန်းနိုင်တဲ့ ပမာဏလောက်ပဲကျွေးပေးရင် ကာကွယ်နိုင်ပါတယ်"ဟု ဆိုသည်။

    လက်ရှိ မော်လမြိုင်နှင့် မုဒုံမြို့အနီးတစ်ဝိုက် ဝက်နာကျရောဂါဖြစ်ပွားပြီး ဝက်သေဆုံးမှုဖြစ်နေသည့် အခြေအနေကို သက်ဆိုင်ရာဌာနဆိုင်ရာများမှ စာရင်းလာရောက်ကောက်ယူထားခြင်းမရှိသည့်အပြင် ကွင်းဆင်းစစ်ဆေးခြင်းများလည်း မလုပ်ဆောင်ကြောင်းလည်း ဆက်ပြောသည်။

    ဝက်နာကျရောဂါ ဖြစ်ပွားနေမှုကြောင့် ဝက်သားဈေးနှုန်း အနည်းငယ်ကျဆင်းလာပြီး ပုံမှန်အားဖြင့် ဝက်သားတစ်ကီလိုဂရမ်ဈေး ၂၀,၀၀၀ ကျပ်ဝန်းကျင်မှ ၁၇,၀၀၀ ကျပ်ဝန်းကျင်သို့ ကျဆင်းသွားကြောင်းလည်း သိရသည်။

    မွန်ပြည်နယ်တွင် သားသတ်လိုင်စင်ရ ဝက်အရောင်းအဝယ်ပြုလုပ်သည့် ဝက်အဝယ်ဒိုင်များမှ စီးပွားဖြစ် ဝက်မွေးမြူရေးခြံမှ ဝက်များကို သွားရောက်ဝယ်ယူပြီး ပြန်လည်ရောင်းချသူများရှိသလို ကျေးရွာများရှိ တစ်နိုင်တစ်ပိုင် ဝက်မွေးမြူသူများထံတွင် သွားရောက်ဝယ်ယူကာ ပြန်လည်ရောင်းချမှုများလည်း ရှိသည်။

    စစ်အာဏာသိမ်းကာလတွင် စီးပွားရေးလုပ်ငန်းများကျဆင်းလာခြင်းကြောင့် ဝက်မွေးမြူရေးလုပ်ငန်းများကို စီးပွားအဖြစ်မလုပ်ကိုင်ကြတော့ဘဲ မိသားစုအပိုဝင်ငွေအဖြစ် တစ်နိုင်တစ်ပိုင်လုပ်ကိုင်လာကြကြောင်းလည်း ဒေသခံဝက်မွေးမြူသူများက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks