spot_img
Friday, February 27, 2026
More
    spot_img
    Homeသတင်းNCA နှစ်ပတ်လည်နေ့ အခမ်းအနား MUP ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ တက်မည်။

    NCA နှစ်ပတ်လည်နေ့ အခမ်းအနား MUP ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ တက်မည်။

    -

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ မွန်ညီညွတ်ရေးပါတီ (MUP) မှ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ တက်ရောက်မည်ဟု သိရသည်။

    အောက်တိုဘာ ၁၅ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပမည့် NCA လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည်နေ့ အခမ်းအနားကို MUP မှ ဥက္ကဋ္ဌ တက်ရောက်မည်ဖြစ်ကြောင်း၊ အောက်တိုဘာ ၁၆ ၊ ၁၇ ရက်နေ့များတွင် ကျင်းပမည့် ငြိမ်းချမ်းရေးဖိုရမ်ကို ဒုဥက္ကဋ္ဌမှ တက်ရောက်မည်ဖြစ်ကြောင်း MUP မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက ပြောသည်။

    ပုံစာ – စစ်ကောင်စီက နေပြည်တော်တွင်ပြုလုပ်ခဲ့သည် NCA (၈) နှစ်ပြည့်အခမ်းအနား ( ဓာတ်ပုံ- လူမှုကွန်ရက်)

    “ဒီအခမ်းအနားကို တက်ဖို့ရှိတယ်။ ဒီအခမ်းအနားကိုကျတော့ ဥက္ကဋ္ဌ ကိုယ်တိုင်တက်မယ်၊ နောက်နေ့ကျတော့ workshop (အလုပ်ရုံဆွေးနွေးပွဲ) သဘောဖြစ်တဲ့အခါကြတော့ workshop က ဒုဥက္ကဋ္ဌတို့ တက်မယ်၊ နှစ်ယောက်ပေါ့” ဟု ၎င်းက ပြောသည်။

    အဆိုပါ အခမ်းအနားကို အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများအပြင် လက်မှတ်မရေးထိုးထားသည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄)၊ မိုင်းလားလက်နက်ကိုင်အဖွဲ့ (NDAA) တို့ကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။

    ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် NCA ၏ အခြေခံမူများ နှင့် ရည်မှန်းချက်များကို ပြောင်ပြောင်တင်းတင်း ဖျက်ဆီးလိုက်ပြီဖြစ်ခြင်းကြောင့် NCA လုပ်ငန်းစဉ်များ ရပ်ဆိုင်းသွားကာ စက္ကူစုတ်တခုအဖြစ်ကို ရောက်ရှိသွားစေသည်ဟု လက်နက်ကိုင် ၆ ဖွဲ့ဖြစ်တဲ့ KNU၊ ABSDF၊ CNF၊ NMSP(AD)၊ PNLO နှင့် LDU တို့က အောက်တိုဘာ ၁၃ ရက်မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။

    NCA လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားအပြီး ကျင်းပသည့် ငြိမ်းချမ်းရေး ဖိုရမ်တွင် ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးနိုင်သည်ဟု နိုင်သန်းရွှေက ပြောသည်။

    “ဖိုရမ်ကြတော့ ကျနော်ထင်တာ ကျနော်တို့ မှန်းကြည့်တာပေါ့နော်၊ ဒီရွေးကောက်ပွဲပြီးလို့ရှိရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အကြောင်းကို ဆက်ပြီးတော့ ဘယ်လို လုပ်မလဲဆိုတဲ့ဟာကိုပေါ့ အဲဒါကို အကြမ်းဖျင်း သဘောပေါ့၊ ဆွေးနွေးကြတာဖြစ်မယ်ထင်တယ်၊ ကျန်တာအသေးစိတ်ကတော့ ဘာမှ မသိဘူးလေ၊ ဖိုရမ်က ရှိတယ်လို့ပဲ ကျနော်တို့ သိတယ်။ ဒါပေမဲ့ ကျနော်တို့ ခန့်မှန်းကြတာကတော့ အဲဒါဖြစ်နိုင်တာပေါ့နော်” ဟု ပြောသည်။

    NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်အမျိုး သားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်-ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည် နယ် လွတ်မြောက်ရေးပါတီ (ALP)တို့ လက်မှတ်ရေးထိုးခဲ့ကြသည်။

    ထို့နောက် ၂၀၁၈ ခုနှစ်၊ဖေဖော်ဝါရီ ၁၃ ရက်တွင် မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ လက်မှတ်ထိုးခဲ့ကြသည်။

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ် အာဏာသိမ်းလိုက်ခြင်းကြောင့် KNU၊ CNF၊ ABSDF တို့မှာ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ စစ်ကော်မရှင်တပ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သလို မွန်ပြည်သစ်ပါတီ (NMSP) နှင့် PNLO တို့မှ အဖွဲ့ဝင်အချို့ဟာလည်း ခွဲထွက်၍ စစ်ကော်မရှင်ကို တိုက်ခိုက်လျက်ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks