မွန်ပြည်နယ်အတွင်း ဆားအသစ်မထွက်သေးချိန်နှင့် ဆားလက်ကျန် ပြတ်လပ်နေစဉ် ဆားဈေးနှုန်းမကြုံစဖူး ဈေးကောင်းရနေသော်လည်း တောင်သူများအတွက် အကျိုးမရှိကြောင်း သံဖြူဇရပ်မှ ဆားတောင်သူများက ဆိုသည်။
ယခုအောက်တိုဘာလတွင် မွန်ပြည်နယ်ဆားဈေးကွက်မှ ဆားကြမ်းတစ်ပိသာ ၁၁၀၀ ကျပ်အထိ စျေးကောင်းရရှိနေသည့်အပြင် ဈေးကွက်လိုအပ်ချက်လည်း များလျှက်ရှိသည်။
ယမန်နှစ် ဆားရာသီတွင် မိုးစောစီးစွာ ရွာသွန်းမှုကြောင့် ဆားရာသီမကုန်မီ ဆားကွင်းများ ကြိုတင်ပိတ်သိမ်းခဲ့ရခြင်းနှင့် လက်ရှိအောက်တိုဘာလတွင်လည်း မိုးရွာသွန်းနေဆဲဖြစ်သဖြင့် ဆားလုပ်ငန်းမလုပ်ကိုင်နိုင်ကြောင်း၊ တောင်သူများ၏လက်ထဲတွင် အရောင်းအဝယ်လုပ်ရန် ဆားလက်ကျန်မရှိနေကြောင်း သံဖြူဇရပ်မှ ဆားတောင်သူတစ်ဦးက ဆိုသည်။

“လောလောဆယ် ဆားဈေးကတက်နေပေမဲ့လည်း မနှစ်ကဆား သိပ်မရနေဘူး။ ဆားတောင်သူတွေရဲ့လက်ထဲမှာ ဆားလည်းကုန်နေပြီးဆိုတော့ ဆားဈေးကွက်လည်း တောင်သူတွေအတွက်က မထူးခြားနေတော့ဘူး။” ဟု ဆိုသည်။
နှစ်စဉ် နေလှမ်းဆားထုတ်လုပ်မှုလုပ်ငန်းကို မိုးအကုန် စက်တင်ဘာလလယ်ခန့်တွင် ဆားကွင်းလုပ်ငန်းများ စတင်လုပ်ကိုင်လေ့ရှိပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီတို့တွင် ဆားကြမ်းများစတင်ထုတ်လုပ်နိုင်ကြောင်းလည်း သိရသည်။
သို့သော် ယခုနှစ်ဆားလုပ်ငန်းစတင်ရန် မိုးဆက်လက်ရွာသွန်းနေဆဲဖြစ်သဖြင့် ဆားတောင်သူအချို့ ကြိုတင်ငှားရမ်းခေါ်ယူထားသည့်လုပ်သားများ အလုပ်ဆင်းနိုင်ရန် ဆားကွင်းပြုပြင်ခြင်းလောက်သာ လုပ်ဆောင်နိုင်သေးကြောင်း လာမည့်ဒီဇင်ဘာလအထိ ဆားထွက်နိုင်မည်မဟုတ်ကြောင်းလည်း အထက်ပါတောင်သူက ဆက်ပြောသည်။
“မိုးရာသီက အခုထိလည်းမကုန်သေးတော့ ဆားလုပ်ငန်းတွေက အခက်တွေ့တာပေါ့။ အရင်နှစ်တွေဆို သီတင်းကျွတ်ပြီးဆိုတာနဲ့ မိုးကုန်တော့ နေပူတဲ့ဘက်ကိုသွားနေပြီး။ အခုက မိုးအရှိန်နဲ့မိုးတိမ်တွေကမှောင်မဲနေဆဲပဲ။ ဒါမဲ့ကိုယ်ရဲ့အလုပ်သမား လုပ်အားခရဖို့အတွက်က အလုပ်စထားပေးရတယ်။ အလုပ်ကြမ်းကိုစထားရတယ်။ ဒီနှစ်က တစ်လနောက်ကျနေပြီး။ အဲ့ကြောင့် ဒီနှစ်ဒီဇင်ဘာလက ဆားမထွက်နိုင်သေးဘူး” ဟုဆိုသည်။
ယခုနှစ် နေလှန်းဆားရာသီမစခင်မှာပင် ဆားတောင်သူများအနေဖြင့် ပျက်ဆီးဆုံးရှုံးမှုများကြုံတွေ့နေရပြီးဖြစ်သည်ဟုလည်း ၎င်းတောင်သူက ဆိုသည်။
ဆားရာသီလုပ်ငန်းတစ်နှစ်အတွင်း၌ ပုံမှန်အားဖြင့် ဆားကျုံးနိုင်သည့်အရေအတွက် ၁၅ ကြိမ်အထိရှိသော်လည်း ပြီးသည့်နှစ်တွင် မိုးအရှိန်ကြောင့် အများဆုံး ၈ ကြိမ်ခန့်ဝန်းကျင်သာ ကျုံးနိုင်ခဲ့ပြီး ဆားထွက်နှုန်းတစ်ဝက်ခန့် ကျဆင်းခဲ့သည်။
မွန်ပြည်နယ်တွင် ငှားရမ်းလုပ်သားရှားပါးလာခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းတို့ကြောင့် နေလှန်းဆား ထုတ်လုပ်နိုင်သည့် ပမာဏ တစ်နှစ်ထက်တစ်နှစ် ပိုမိုလျော့နည်းလာနေကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်းမှ အချက်အလက်များအရ သိရသည်။
ထို့ကြောင့် ရေရှည်တွင် ဆားလုပ်ငန်းအလုပ်အကိုင်အတွက် တစ်နိုင်တစ်ပိုင်လုပ်ကိုင်မည့်သူမျှသာ ရှိတော့မည်ဖြစ်ကြောင်းလည်း ဆားလုပ်ငန်း လုပ်ကိုင်သူများက သုံးသပ်လျှက်ရှိသည်။


