မွန်ပြည်နယ်တွင် နယ်မြေတည်ငြိမ်မှုရှိသည့် မြို့နယ်များအတွင်းသို့ ဌာနေမဟုတ်သည့် ရွှေ့ပြောင်းနေထိုင်သူများ လက်ရှိစစ်ကော်မရှင်၏ ရွေးကောက်ပွဲအကြိုကာလတွင် နေ့စဥ် တိုးလာနေသည်ဟု နီးစပ်ရာမွန်ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
စက်တင်ဘာလမှစ၍ အဆိုပါ ဌာနေမဟုတ်သည့် ရွှေ့ပြောင်းနေထိုင်သူများသည် မြို့အစွန်ရပ်ကွက်များတွင် ပြောင်းရွှေ့နေထိုင်လာခြင်းဖြစ်ပြီး စစ်ဘေးတိမ်းရှောင်သူများ မဟုတ်သလို ရွှေ့ပြောင်းအလုပ်သမားများလည်းမဟုတ်ကြောင်း နီးစပ်ရာမြို့ခံများက ဆိုသည်။
လတ်တလောတွင် သံဖြူဇရပ်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် စက်သစ်ပိုင်း၊ အောင်ဇေယျတိုးချဲ့နှင့် ကြာကန်အစွန်ဘက်ရပ်ကွက်များတွင် ယာယီတဲအိမ်များဖြင့် နေထိုင်နေသူ ၃၀၀ ထက်မနည်းရှိလာကြောင်း၊ မုဒုံ-သံဖြူဇရပ်လမ်းပိုင်းပေါ်ရှိ ရော်ဘာခြံများတွင်လည်း ယာယီတဲအိမ် ၃၀ ထက်မနည်းရှိလာကြောင်း အမည်မဖော်လိုသည့် သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။

“၉ လပိုင်းကတည်းက ဝင်လာကြတယ်။ သူတို့ ဈေးလာရင်သိတယ်လေ၊ ကျမတို့ရပ်ကွက်သက်သက်ဆို အိမ်သေးသေးလေးနဲ့ ၂၀၀ လောက်အထိ ဖြစ်လာတယ်၊ အစိုးရစိုက်ကွက်ရော်ဘာခြံနေရာမှာဆိုရင် သူတို့တဲဆောက်ပြီးနေကြတယ်။ ကြာလာရင်ရွာဖြစ်မဲ့ အထိပဲ၊ ကျိုက္ခမီမှာလည်း ရွှေ့ပြောင်းတွေများတယ် ” ဟု ပြောသည်။
သံဖြူဇရပ်မြို့နယ်အတွင်း ရွှေ့ပြောင်းနေထိုင်သူများသည် အထပ်သားစက်ရုံများ၌ ဝင်ရောက်အလုပ်လုပ်ကိုင်နေသူများလည်းရှိပြီး စက်ရုံပတ်ဝန်းကျင်တို့တွင် တစ်နိုင်တစ်ပိုင်ဈေးရောင်းခြင်း၊ ကြုံရာအလုပ်ဝင်လုပ်နေသူများလည်း ရှိသည်ဟု သိရသည်။
အလားတူ မော်လမြိုင်မြို့ရှိ မြိုင်သာယာ၊ စမ်းကြီး၊ သရက်ကုန်း၊ သွေးသောက် ရွာသစ်တို့တွင်လည်း ကရင်ပြည်နယ်မှ မွန်ဒေသခံစစ်ရှောင်များအပြင် မြန်မာပြည်အထက်ပိုင်းမှပြောင်းရွှေ့လာသည့် ဒေသခံများလည်း များနေကြောင်း မော်လမြိုင်မြို့ခံတစ်ဦးကဆိုသည်။
ရွေးကောက်ပွဲအကြိုကာလတွင် ပြောင်းရွှေ့နေထိုင်သူများကို မွန်ပြည်နယ် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း ပြုလုပ်ပေးနေသဖြင့် ဆန္ဒမဲပေးရာတွင် အသုံးပြုလာနိုင်ကြောင်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို စောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
“အဲ့လိုပဲအလုပ်လာလုပ်ကြတယ် ဒီဒေသမှာတည်ငြိမ်နေတော့ ဒါမဲ့သူတို့လာတာမကြာဘူး မွန်ဒေသ မှတ်ပုံတင်ပြောင်းပေးကြတယ်။ အရင်ရွေးကောက်ပွဲလိုမျိုးပဲ မွန်မှာရွှေ့ပြောင်းလုပ်သားတွေရဲ့ မဲကို အသုံးချလာမယ်ပေါ့။ ” ဟု ပြောသည်။
လာမည့် နှစ်ကုန်ပိုင်းတွင်ကျင်းပမည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ရွေ့ပြောင်းလုပ်သားများ၏ ဆန္ဒမဲများဖြင့် အင်အားကြီးနိုင်ငံရေးပါတီများက ၎င်းတို့၏မဲအင်အားတစ်ရပ်ဖြစ်စေရေးအတွက် ကြိုးပမ်းနေကြောင်းလည်း နိုင်ငံရေးပါတီနှင့်နီးစပ်သူများက ပြောသည်။
ပုံမှန်အားဖြင့် စစ်မှုထမ်းကိစ္စကြောင့် မွန်ပြည်နယ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတွက် အလုပ်သမားရှားပါးနေသော်လည်း လက်ရှိ စစ်ကော်မရှင်၏ ရွေးကောက်ပွဲအကြိုကာလတွင် မွန်ပြည်နယ်အတွင်းရွှေ့ပြောင်းလုပ်သားဦးရေတိုးလာနေပြီး သိန်းနှင့်ချီရှိနိုင်ကြောင်းလည်း မွန်ဒေသခံများ ပြောဆိုလျှက်ရှိသည်။
မွန်ဒေသအတွင်းသို့ ယခုရက်ပိုင်းအတွင်း ပြောင်းရွှေ့လာသူများကို စစ်ကော်မရှင် အုပ်ချုပ်ရေးအဖွဲ့များက ဧည့်စာရင်းဖြင့် နေထိုင်ခွင့်ပြုထားသည့်အပြင် လပိုင်းအထိ ပြောင်းရွှေ့လာသူများ အိမ်ထောင်စုစာရင်း၊ မွန်နိုင်ငံသားစိစစ်ရေးကဒ်ပြားများအပြည့်အစုံဖြင့် နေထိုင်နေကြကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲအရ ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများ မိမိရောက်ရှိရာအရပ်ဒေသတွင် ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် ဆန္ဒမဲပေးခွင့်ရှိသည့် စည်းမျဉ်းစည်းကမ်းကို လာမည့်ရွေးကောက်ပွဲတွင် UEC မှ တရားဝင် ပြန်လည်ပြင်ဆင်ထားခြင်းမရှိသော်လည်း ရက်ပေါင်း ၆၀ နေထိုင်ရုံဖြင့် မဲပေးခွင့်ရနိုင်ကြောင်းလည်း အုပ်ချုပ်ရေးမှုးနှင့် နီးစပ်သူများထံမှ သိရသည်။



