spot_img
Friday, February 27, 2026
More
    spot_img
    Homeသတင်းအာဆီယံအနေဖြင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများအပေါ် နှုတ်ဆိတ်နေခြင်းကို အဆုံးသတ်ရန် တော်လှန်ရေးအင်အားစုများ တောင်းဆို

    အာဆီယံအနေဖြင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများအပေါ် နှုတ်ဆိတ်နေခြင်းကို အဆုံးသတ်ရန် တော်လှန်ရေးအင်အားစုများ တောင်းဆို

    -

    မလေးရှားနိုင်ငံ၏ ၂၀၂၅ ခုနှစ် အာဆီယံဥက္ကဌတာဝန် တစ်လျှောက်လုံးတွင် မြန်မာ့အရေးသက်ဆိုင်သူများအားလုံးပါဝင်သည့် အစည်းအဝေးများ(Stakeholder Enganement Meeting on Myanmar- SEMs) ကို ကျင်းပခဲ့ပြီး အာဆီယံအနေဖြင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများအပေါ် နှုတ်ဆိတ်နေခြင်းကို အဆုံးသတ်ရန် တက်ရောက်လာသည့် တော်လှန်ရေးအင်အားစုများ တောင်းဆိုခဲ့ကြောင်း အစည်းအဝေး ထုတ်ပြန်ချက်များအရ သိရသည်။

    မြန်မာ့အရေးနှင့်သက်ဆိုင်သူများအားလုံး ပါဝင်သာ အစည်းအဝေးများ(SEMs) ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဌ၏ အထူးသံတမန်က ဦးစီး၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ အတိုင်ပင်ခံကောင်စီများ၊ ဖက်ဒရယ်ယူနစ်များနှင့် အခြားသော ကိုယ်စားလှယ်အဖွဲ့များ ပါဝင်တက်ရောက်ခဲ့သည်။

    လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများ၊ အရပ်သားများနှင့် လူသားချင်းစာနာမှုဆိုင်ရာ တာဝန်ရှိသူများအား တိုက်ခိုက်နေခြင်းအပါအဝင် စစ်အုပ်စု၏ လက်ရှိဖြစ်ပေါ်နေသည့် ရက်စက်ကြမ်းကြုတ်မှုများအပေါ် နှုတ်ဆိတ်နေခြင်းကို အဆုံးသတ်ရန် တက်ရောက်လာသည့် တော်လှန်ရေးအင်အားစုများက တောင်းဆိုခဲ့ကြောင်း သိရသည်။

    ဓါတ်ပုံ- လူမှုကွန်ရက်

    "စစ်အုပ်စုရဲ့ တိုင်းရင်းသားတွေအပေါ်မှာရော၊ ကလေးတွေအပေါ်မှာရော ရက်စက်ကြမ်းကြုတ်တာတွေကို အာဆီယံရော၊ ကမ္ဘာကပါ အာရုံထားပြီး အများကြီး ဖွင့်ဟထုတ်ပြောစေချင်တယ်၊ ပြောဆို ထိန်းသိမ်းပေးဖို့။ ဒါမှလည်း စစ်အုပ်စုတွေ သူတို့လုပ်ရပ်တွေ မမှန်ကန်ကြောင်း သိရှိဖို့ပါ။ ကျနော်တို့ရဲ့ နိင်ငံအရေးဟာလည်း အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံရဲ့အသံတွေနဲ့ အများကြီး ဆက်စပ်မှုရှိတယ်"ဟု မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP(AD) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    အိမ်နီးချင်းနိုင်ငံဖြစ်သည့် အာဆီယံနိုင်ငံများမှ စစ်အုပ်စုမှကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကို ပြတ်ပြတ်သားသား အရေးယူပြောဆိုလာပါက ဒေသတွင်း ငြိမ်းချမ်းရေးအတွက် များစွာအထောက်အကူဖြစ်လာမည်ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။

    "သူတို့ဘက်ကနေ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသားနဲ့ ထောက်ပြမယ်ဆိုရင် ကျနော်တို့က အဲဒီအပေါ်ကို အများကြီး မျှော်လင့်ချက်ထားလို့ရနိုင်တယ်။ အဓိပ္ပါယ်က နိုင်ငံတစ်နိုင်ငံရဲ့ ငြိမ်းချမ်းရေးက အိမ်နီးချင်းနိုင်ငံတွေအပေါ်မှာလည်း မူတည်နေတယ်။ မဟာမိတ်ရှာနေတဲ့ကာလဖြစ်တော့ အိမ်နီးချင်းတွေကလည်း ထောက်ပြဖော်ထုတ်ပေးမယ်ဆိုရင် အများကြီးအထောက်အကူဖြစ်တယ်၊ အများကြီးလည်း မျှော်လင့်တယ်"ဟု ပြောသည်။

    ယင်းအပြင် တောင်းဆိုချက်များ၌ အာဆီယံအနေဖြင့် အာဏာသိမ်းစစ်အုပ်စုမှ စီစဉ်သော မည်သည့်ရွေးကောက်ပွဲများမဆို ငြင်းပယ်ရန်၊ အသိမှတ်ပြုခြင်းကို ငြင်းဆိုရန်နှင့် ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သတင်းထောက်များ၊ တက်ကြွလှုပ်ရှားသူများ၊ ရပ်ရွာခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရန်လည်း တောင်းဆိုထားသည်။

    စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဆိုးရွားလာနေသည့် အခြေအနေအပေါ် စိုးရိမ်ကြောင်းလည်း အစည်းဝေးတွင် ထပ်လောင်းပြောကြားခဲ့ပြီး ဒီမိုကရေစီ ပြန်လည်ရရှိရေးနှင့် လူ့အခွင့်အရေးများကို ထိန်းသိမ်းမြှင့်တင်ရန် မြန်မာ့အရေးနှင့်သက်ဆိုင်သူများအားလုံး ပါဝင်သာ အစည်းအဝေးများ(SEMs) တွင်ကတိကဝတ်ပြုခဲ့သည်။

    ယခုနှစ်အတွင်း အာဆီယံ ဥက္ကဌဖြစ်သော မလေးရှားနိုင်ငံသည် အာဆီယံ၏ အခြေခံမူများကို  ထပ်မံအတည်ပြုပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကတိကဝတ်များကို အထိအခိုက်မခံရအောင် ပြတ်ပြတ်သားသား ဆက်လက်ဦးဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် အဆိုပါအစည်းအဝေးတွင် မွန်တော်လှန်ရေးအင်အားစုများဖြစ်သည့် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP(AD) နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)မှ ပါဝင်တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks