Homeသတင်းဘီးလင်းမြို့နယ် ပျဉ်းမပင်ဆိပ်ကျေးရွာကို စစ်အုပ်စုလေယာဉ်ဗုံးကြဲ ကလေးအပါအဝင် ၅ ဦးသေဆုံး၊ ၁၀ ဦးနီးပါး ဒဏ်ရာရ

ဘီးလင်းမြို့နယ် ပျဉ်းမပင်ဆိပ်ကျေးရွာကို စစ်အုပ်စုလေယာဉ်ဗုံးကြဲ ကလေးအပါအဝင် ၅ ဦးသေဆုံး၊ ၁၀ ဦးနီးပါး ဒဏ်ရာရ

-

လွတ်လပ်သော မွန်သတင်းအေဂျင်စီ

အောက်တိုဘာ ၁၀၊ ၂၀၂၅

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပျဉ်းမပင်ဆိပ်ကျေးရွာတွင် စစ်အုပ်စု လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အတွက် ကလေးများအပါအဝင် ၅ ဦးသေဆုံးပြီး၊ ၁၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းအရင်း အမြစ်များထံမှ သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၉ ရက်နေ့ ည ၈ နာရီခန့်က စစ်အုပ်စုက ဂျက်ဖိုက်တာလေယာဉ် အသုံးပြုပြီး ပျဉ်းမပင်ဆိပ်ကျေးရွာထဲကို ဗုံး ၁ လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်အုပ်စု ကြဲချခဲ့သည့်ဗုံးသီးသည် လူနေအိမ်အနီးပတ်ဝန်းကျင်အတွင်း ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ကလေးအပါအဝင် ထိခိုက်သေဆုံးမှုများရခြင်း ဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“ရွာထဲလာကျတယ်။ ကြဲတာလည်း အိမ်တွေရှိတဲ့နေရာကို ကြဲတာပဲ။ အဲဒါကြောင့်မို့လို့ပဲ ကလေးတွေလည်း ထိခိုက်တာပေါ့။ အဲဒီအနား ရှိသမျှလူတွေ ထိကြတာပဲ” ဟု ၎င်းက ပြောသည်။

စစ်အုပ်စု လေယာဉ်ဗုံးကြဲမှုကြောင့် ကလေးသူငယ် ၄ ဦးအပါအဝင် စုစုပေါင်း ၅ ဦးသေဆုံးပြီး ကလေးအပါအဝင် ၁၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ထိခိုက်ဒဏ်ရာရရှိထားသူများအနက် အချို့သည် ဒဏ်ရာပြင်းထန်နေပြီး အသက်အန္တရာယ် စိုးရိမ်နေရကြောင်းလည်း ဆိုသည်။

“ဘာတိုက်ပွဲမှ မရှိဘူး။ အခုလာကြဲသွားတဲ့ ရွာကလူတွေ ကြောက်ကြောက်လန့်လန့်ဖြစ်သွားတယ်။ ကျွန်မတို့ ဆက်သွယ်လို့ရသလောက် အချို့ဆို ရွာမပြန်လာရဲကြသေးဘူး” ဟု သထုံခရိုင်အတွင်း စစ်ဘေးရှောင်ကူညီနေသူ တဦးက ပြောသည်။

KNU တပ်မဟာ (၁) ဘီးလင်းမြို့နယ်နှင့် တပ်မဟာ (၅) ဘားအံမြို့နယ်အစပ်ကြားတွင် တည်ရှိသည့် ပျဉ်းမပင်ဆိပ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရွာအချို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိသည့်ကျေးရွာများ ဖြစ်ကြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကေအဲန်ယူ-သထုံခရိုင်နယ်မြေအတွင်း စစ်အုပ်စုလေယာဉ်ဖြင့် မကြာမကြာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော်များအပါအဝင် အရပ်သားထိခိုက်သေဆုံးမှုများရှိနေသည်ဟု KNU ထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts