spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းရုတ်တရက်အလုပ်ထုတ်ခံလိုက်ရသည့် မြန်မာအလုပ်သမားထောင်နှင့်ချီ အလုပ်သစ်ရှာရန်စိန်ခေါ်မှုများနေ

    ရုတ်တရက်အလုပ်ထုတ်ခံလိုက်ရသည့် မြန်မာအလုပ်သမားထောင်နှင့်ချီ အလုပ်သစ်ရှာရန်စိန်ခေါ်မှုများနေ

    -

    ထိုင်းနိုင်ငံ၊ ဖစ်ဘူရီခရိုင်၊ အီလက်ထရွန်နစ်ပစ္စည်းစက်ရုံမှ ရုတ်တရက်အလုပ်ထုတ်ခံလိုက်သည့် မြန်မာအလုပ်သမား ၁၄၅၀ ဦးတို့ အလုပ်သစ်ရှာရန် စိန်ခေါ်မှုများနေကြောင်း ကာယကံရှင်အလုပ်သမားများက IMNA သို့ပြောသည်။

    ထိုင်းနိုင်ငံ Cal-Comp Electronics (Thailand) ကုမ္ပဏီမှ လွန်ခဲ့သည့် ၃ လဝန်းကျင်က အမှာအော်ဒါများ ဆက်တိုက်မြင့်တက်စဉ် မြန်မာအလုပ်သမားများကို အလုပ်ခန့်အပ်ခဲ့ပြီး၊ အလုပ်ခန့်စဉ်က လုပ်သမားများကို အချိန်အတိုင်း အတာတစ်ခုထိသာ ခန့်အပ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း မည်သည့်ရက်လတွင် အလုပ်မှရပ်နားရမည်ကို အသိပေးပြောဆိုထားခြင်းမရှိပေ။

    ထို့နောက် အလုပ်သမားများ ယမန်နေ့ စက်တင်ဘာ ၃၀ ရက်နေ့က ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ရုတ်တရက်အလုပ်ထုတ်ခံခဲ့ရသည့်အတွက် ထောင်နှင့်ချီသည့် မြန်မာအလုပ်သမားများ အလုပ်လက်မဲ့ဖြစ်သွားခဲ့ရကြောင်း အလုပ်ထုတ်ခံသည့် အလုပ်သမားတစ်ဦးက ဆိုသည်။

    “အမှန်မှာ အလုပ်စသွင်းကတည်းကနေကြိုပြောထားပြီးသား။ ဒါမဲ့ဘယ်နေ့ဘယ်အချိန်ထုတ်မယ်ဆိုတာ မပြောထားဘူး။ အလုပ်များလို့ အစမ်းခန့်ပဲခန့်မှာ ဆိုပြီးပြောထားတယ် စာချုပ်လည်းချုပ်ထားပြီးသား အလုပ်သမားတွေလည်းသဘောတူပြီးသား၊ အခုလိုဖြစ်သွားတာက စက်ရုံကလုံးဝကြိုမပြောဘူးကွယ် ၁၅ ရက်လောက်ကြိုမပြောဘဲနဲ့ ချက်ချင်းထုတ်လိုက်လို့လေပြဿနာဖြစ်သွားတာ”ဟု ပြောသည်။

    အလုပ်ရပ်နားခံရမှုအပေါ် နစ်နာကြေး ဘတ်တစ်သောင်းနှင့် အလုပ်ပြောင်းရွေ့စာ ထုတ်ယူရရှိရန် အလုပ်ရှင်နှင့် အလုပ်သမားကြား သဘောတူညီခဲ့သော်လည်း အလုပ်အသစ်ရရှိရန် အချိန်ကြန့်ကြာမည်ကို စိုးရိမ်နေကြကြောင်း ဆိုသည်။

    ထို့အပြင် အလုပ်သမားများသည် ဘတ်တစ်သောင်းနစ်နာကြေးထက် ကုမ္ပဏီတွင်သာ ဆက်လက်အလုပ်လုပ်ကိုင်ခွင့်ရရန် လိုနေကြောင်းလည်း  ယင်းအလုပ်သမားများနှင့် နီးစပ်သူအမျိုးသမီးတစ်ဦးက ပြောသည်။

    “စက်ရုံက အလုပ်မရှိလို့ဖြုတ်လိုက်တာ သူတို့အလုပ်လုပ်တာ လပိုင်းပဲရှိသေးတယ်။ အလုပ်သမားတွေလည်း စိတ်မကောင်းတာတွေ ဖြစ်ရတာပေါ့နော်။ အလုပ်ပြောင်းရွှေ့စာတွေလည်းမပေးထားဘူး ဆိုတော့” ဟု ပြောသည်။

    မြန်မာအလုပ်သမား ၁၄၅၀ ဦး အလုပ်ထုတ်ခံရသည့်ကိစ္စ ကုမ္ပဏီမှ ကုန်အမှာစာကျဆင်းမှုကြောင့်ဟု တာဝန်ရှိသူများက ဆိုသော်လည်း အလုပ်သမားအသစ်ခေါ်နိုင်ရန်အတွက် ထုတ်ပယ်လိုက်ခြင်း ဖြစ်နိုင်ကြောင်းလည်း အလုပ်သမားအချို့က ဆိုသည်။

    ထိုင်းနိုင်ငံအတွင်း တရားမဝင်နည်းဖြင့် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ များလာသကဲ့သို့ တစ်ဖက်တွင်လည်း နိုင်ငံအတွင်းရှိ အလုပ်အကိုင်အခွင့်အလမ်းအခြေအနေသည် တစ်နေ့ထက်တစ်နေ့ ရှားပါးလာနေပြီး အွန်လိုင်းမှအလုပ်ခေါ်ပွဲစားများထံ ငွေကြေးလိမ်လည်ခံရမှု မြင့်တက်လာနေသည်။

    အလုပ်မှ မတရားထုတ်ပယ်ခံရမှု၊ လုပ်ခလစာအပြည့်အဝမရရှိခြင်း၊ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရခြင်းနှင့် အချိန်ပိုကြေးအပြည့်အဝမရရှိခြင်းတို့ကို ထိုင်းရောက်မြန်မာအလုပ်သမားနှင့် မကြာခဏကြုံတွေ့နေရသည်။

    ပြီးခဲ့သော ၂၀၂၃ ခုနှစ်က ထိုင်းနိုင်ငံ၊မဟာချိုင်ဒေသရှိ Cal-Comp လျှပ်စစ်စက်ရုံကုမ္ပဏီတစ်ခုတွင်လည်း နှစ်နိုင်ငံ သဘောတူစာချုပ် MOU စနစ်ဖြင့်ဝင်လာသော မြန်မာအလုပ်သမား ၁၀၀၀ ကျော်ကို ရုတ်တရက် အလုပ်ထုတ်ခဲ့သေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks