spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေးရရှိဖို့ ကရင်လက်နက်ကိုင် ၃ ဖွဲ့ တွေ့ဆုံ

    ငြိမ်းချမ်းရေးရရှိဖို့ ကရင်လက်နက်ကိုင် ၃ ဖွဲ့ တွေ့ဆုံ

    -

    ကရင်လက်နက်ကိုင် ၃ ဖွဲ့ဖြစ်သည့် နယ်ခြားစောင့်တပ် (BGF/KNA)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် ကရင်ငြိမ်ချမ်းရေးကော်စီ (KNU/KNLA-PC) တို့ ငြိမ်းချမ်းရေးရရှိဖို့ ယမန်နေ့ စက်တင်ဘာ ၂၈ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    BGF/KNA အမှတ် (၂) စစ်ဒေသဌာနချုပ်တွင် ပြုလုပ်သည့် အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို BGF/KNA ၏ အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်မှူးချုပ် စောချစ်သူ၊ အမှတ် (၂) စစ်ဒေသ စစ်ဆင်ရေးမှူး ဗိုလ်မှူးချုပ် စောတင်ဝင်း၊ အမှတ် (၄) စစ်ဒေသ စစ်ဆင်ရေးမှူး ဗိုလ်မှူးချုပ် စောမုတ်သုန်တို့ တက်ရောက်ခဲ့သည်။

    ထို့အတူ DKBA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး၊ ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောရွှေဝ၊ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် စောဆန်းအောင် နှင့် KNU/KNLA-PC မှ ဒုဥက္ကဌ ဒေါက်တာ နော်ကပေါ်ထူးတို့ တက်ရောက်ခဲ့ကြသည်။

    လက်ရှိ ကရင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒေသတွင်း ပြည်သူလူထု၏ အခက်အခဲကို ဖြေရှင်းနိုင်ရေး ရည်ရွယ်ကာ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း KNU/KNLA-PC မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

    Photo : Social Media

    “ဒီပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ကျနော်တို့ ဒေသခံပြည်သူလူထုတွေရဲ့ ဆင်းရဲဒုက္ခတွေပေါ့၊ သေကြေပျက်စီးမှုတွေ မီးလောင် ဆုံးရှုံးမှုတွေ စသဖြင့်ပေါ၊ ဒီအနိဌာရုံတွေက ဆက်လက်ဖြစ်တည်နေတယ်၊ ကြီးမားကျယ်ပြန့်လာတဲ့ အပေါ် မှာ ကျနော်တို့ ကရင်လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ ပြည်သူလူထုတွေ လက်ရှိ ကြုံတွေ့နေရတဲ့ ဒုက္ခဆင်းရဲတွေကို ဒါထက်ပိုပြီးတော့ မကြီးလာအောင် လျော့ချပေးလို့ရရင်လည်း လျော့ချပေးလို့ရအောင်ပေါ့ ကျနော်တို့ ဘယ်လို နည်းလမ်းတွေ ရှာကြမလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီတွေ့ဆုံပွဲကို ကျနော်တို့ ကျင်းပခဲ့တာ ဖြစ်ပါတယ် ခင်ဗျ” ဟု ပြောသည်။

    ယခင်က ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် ကရင်လက်နက်ကိုင် ၄ ဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ လက်ရှိအခင်းအကျင်းအရ ငြိမ်းချမ်းရေး‌ တွေ့ဆုံမှုတွင် KNU မပါဝင်နိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။

    ကရင်လက်နက်ကိုင် ၃ ဖွဲ့သည် ငြိမ်းချမ်းရေးကို ပြန်လည်၍ ရယူနိုင်ရန်အတွက် ကြိုးစားသွားမှာ ဖြစ်ကြောင်း တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် KNU ၏ ဒူးပလာယာခရိုင် ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်းက ပြောသည်။

    “ကျနော် အကြမ်းဖျင်း ပြောလို့ရတာက ဘာဖြစ်သလဲဆို‌တော့ အဲဒီ ၃ ဖွဲ့စလုံးက ငြိမ်းချမ်းရေးကို ပြန်လည်ပြီးတော့ ရယူနိုင်ဖို့အတွက် အဓိကထား ကြိုးစားပြီးတော့ ဆောင်ရွက်သွားမယ်။ အဲဒါတော့ ပြောလို့ရတယ်” ဟု ပြောသည်။

    ကရင်လက်နက်ကိုင် ၃ ဖွဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုတွင် စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကိစ္စရပ်လည်း ထည့်သွင်းဆွေးနွေးခဲ့သည်ဟု သိရသည်။

    လက်ရှိ ကရင်ပြည်နယ်တွင် စစ်ကော်မရှင်တပ်ဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားနေသော KNU အဖွဲ့အစည်း မပါဝင်နိုင်သေးကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် ဆက်လက်ဆွေးနွေး အဖြေရှာရမည့် ကဏ္ဍများလည်း ရှိသေးကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

    “ဒီတစ်ပွဲကတော့ ပထမဦးဆုံးအကြိမ် ဖြစ်တယ်။ ပထမဦးဆုံးအကြိမ် ဖြစ်တဲ့အပေါ်မှာ အိမ်ရှင်အနေနဲ့ လက်ခံကျင်းပပေးတာက BGF အဖွဲ့အစည်းပေါ့လေ။ ဒီလိုမျိုး ဖိတ်ကြားမှုကတော့ ကျနော်လည်း အသေအချာတော့ မသိဘူး။ သို့သော်လည်း နိုင်ငံရေး အခြေအနေအရပေါ့လေ။ လက်ရှိ ဖြစ်တည်နေတဲ့ ကျနော်တို့ ကရင်ပြည်နယ်မှာ ကျနော်တို ကရင်လက်နက်ကိုင်အဖွဲ့အစည်းကြားမှာ ရှိနေတဲ့ အခက်အခဲ အကျပ်အတည်းတွေကတော့ လောလောဆယ်ကတော့ ဒီပွဲမှာကတော့ KNU အနေနဲ့ ပါဝင်ဆောင်ရွက်လာတာတော့ မရှိဘူးပေါ့ဗျာ။ အဲဒီလို နားလည်ရပါတယ်” ဟု ပြောသည်။

    လက်ရှိတွင် စစ်ကော်မရှင်တပ်သည် ကရင်ပြည်နယ် မြဝတီ – ကော့ကရိတ်လမ်းပိုင်းအား ပြန်လည်ထိန်းချုပ်နိုင်း အင်အားအလုံးအရင်းဖြင့် KNU နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေသည်။

    အဆိုပါ ထိုးစစ်ဆင်တိုက်ခိုက်မှုတွင် BGF တပ်ဖွဲ့များနှင့် DKBA တပ်ဖွဲ့များလည်း ပါဝင်ကြောင်း ဒေသတွင်း သတင်းဌာများ၏ ဖော်ပြချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts