စာရေးသူ – ရွှေတူး
မိမိ၏ မိတ်ဆွေတစ်ဦးသည် ကိုယ်ပိုင်ကား ဝယ်စီးနိုင်ခဲ့ပြီးမှ ပြန်လည်ရောင်းချလိုက်ရသည့် ဖြစ်စဉ်တစ်ခု ရှိခဲ့ပါတယ်။ ကားဝယ်စီးပြီးကာမှ ၎င်းကိုယ်တိုင် သိလာရတဲ့ နောက်ဆက်တွဲ ကုန်ကျစရိတ်တို့သည် လေ့လာတွက်ချက်ဖို့ရာ စိတ်ဝင်စားစရာ ကောင်းလှပေတယ်။ ၎င်းမိတ်ဆွေ၏ ထုတ်ဖော်ပြောကြားမှုကို အကြောင်းပြု၍ ဤဆောင်းပါးကို ရေးသားလိုက်ပါတယ်။
ကိုယ်ပိုင်ကားရှိသူတဦး၏ ၎င်း၏ကားအတွက် အပိုထပ်ဆောင်းကုန်ကျတဲ့ အထွေထွေစရိတ်တို့သည် လက်ရှိခေတ် ကုန်ဈေးနှုန်း ကုန်ကျစရိတ်နဲ့ ယှဉ်တွဲဆင်ခြင် ကြည့်သောအခါတွင် လက်ရှိနိုင်ငံရေးပဋိပက္ခဂယက်ကြောင့် နိုင်ငံ၏ စီးပွားရေးကျဆင်းနေမှုကို သိသာစွာ သုံးသပ်လေ့လာဖြစ်စေပါတယ်။
ကားတစ်စီးဟာ ဝယ်စဉ်ကဈေးတစ်မျိုး၊ သုံးရင်း၊ စီးရင်း၊ ပျက်ရင်း၊ ပြင်ရင်း ကုန်ကျစရိတ် ကုန်ရတာကတစ်မျိုးဆိုတာ ကားပိုင်ရှင်တိုင်း ကြုံတွေ့ရပါတယ်။ ဒီလိုကုန်ကျစရိတ်တွေကို လက်ရှိခေတ် ကုန်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်သောအခါ အဖြေဟာ ကိုယ်ပိုင်ကားစီးချင်ရင် ပုံမှန်ဝင်ငွေကောင်းကောင်း ရှိနေဖို့နဲ့ ဝင်ငွေအလုံးလိုက်အပုံလိုက် ရှာထားနိုင်မယ့် အလုပ်အကိုင်အခွင့်အလမ်းရှိနေဖို့က အရေးကြီးလာပြန်တယ်။

အထူးသဖြင့် အလုပ်ခွင်အချိတ်ဆက် ကောင်းမွန်စွာ ဖန်တီးနိုင်သူတဦးအတွက်က ကိုယ်ပိုင်ကား၊ တပည့်တပန်းများစွာဖြင့် သွားလာနေနိုင်ပြီး ၎င်းတို့၏ ကားထိန်းသိမ်းစရိတ်မြင့်မားမှု ရှိသည်နှင့်အညီ ၎င်းတို့၏အလုပ်အကိုင်ဝင်ငွေသည်လည်း ဂုဏ်ဒြပ်မြင့်မားမှု ရှိကြောင်း ထင်ဟပ်စေတယ်။ မည်သို့ဆိုစေ ၎င်းတို့သည် လက်ရှိခေတ်ကာလ စီးပွားရေးကျဆင်းမှုအခြေအနေကို နဖူးတွေ့ဒူးတွေ့ခံစားနေရသည့် အသွင်အပြင် မပေါက်နေသေးပေ။
ဤသို့ ဆင်ခြင်ဖြစ်သောအခါ မြန်မာပြည်၏ လူတန်းစားများ ဝင်ငွေရရှိနိုင်မှု အကွာအဟ အလွန်ကြီးမားနေသည်ကိုလည်း ကွက်ကွက်ကွင်း သိစေနိုင်ပါတယ်။
ထိုထက်ပို၍ နက်ရှိုင်းစွာ လေ့လာကြည့်ပါက ထိုင်းနယ်စပ်နှင့် နီးစပ်သော နယ်မြို့များ လိုင်စင်မဲ့ကားများ ပိုမိုတွင်ကျယ်စွာ စီးလာကြသည်ကိုလည်း ချိတ်ဆက်နားလည်နိုင်စေတယ်။
ယခုအခါတွင် ကိုယ်ပိုင်ကားစီးနင်းနေနိုင်ပြီးမှ ပြန်လည်ရောင်းချ၍ တခြားစီးပွားရေးအလုပ်အကိုင်တွင် ရင်းနှီးမြုပ်နှံမှုရှိလာတယ်။ ထို့အပြင် ကားထိန်းသိမ်းပြင်ဆင်စရိတ် ကြီးမြင့်မှုကြောင့် လုပ်ငန်းလိုင်စင်ရ မော်တော်ယဉ်ကို အသုံးချ၍ စီးပွားဖြစ်ထွန်းမှု လုပ်ကိုင်နေသူများ အရေအတွက်များလည်း ကျဆင်းလျက်ရှိနေပါတယ်။
ဤဆောင်းပါးတွင် လိုင်စင်ရှိ ကိုယ်ပိုင်ကားရှိခြင်းကြောင့် ကောင်းကျိုးဖြစ်ထွန်းမှုများ၊ လူမှုစီးပွားအဆင်ပြေနိုင်ချေ ရှိမှုများကို သုံးသပ်တွက်ချက်သွားမည် မဟုတ်ဘဲ ကိုယ်ပိုင်ကားရှိခြင်းကြောင့် အပိုထပ်ဆောင်း ကုန်ကျသည့်စရိတ်စကနှင့် လက်ရှိ ကုန်ဈေးနှုန်းအနေအထားနှင့် လူမှုဝန်းကျင် အခြေအနေတချို့ကို နှိုင်းယှဉ် လေ့လာထားခြင်းမျှသာဖြစ်ပါတယ်။
၁) လောင်စာဆီ ဖြည့်တင်းခ – ဆီဆိုင်အမျိုးအစား၊ ဆီအမျိုးအစား၊ ကားအရွယ်အစားပေါ်မူတည်ပြီး ကျပ် ၁၈၀,၀၀၀ မှ ၃၅၀,၀၀၀ အထိ ကုန်ကျနိုင်ပါတယ်။ လက်ရှိဈေးကွက်မှာ အကောင်းအစား ဆန်အိတ်အကြီး တစ်အိတ် ဝယ်ယူပါက ကျပ် ၁၅၀၀၀၀ – ၂၀၀,၀၀၀ ဝန်းကျင်ခန့်ရှိပါတယ်။ ကားအတွက် ဆီတစ်ခါအပြည့်ဖြည့်ပါက သာမာန်မိသားစု တစ်စုစာအတွက် တစ်လတာ အဟာရဖြည့်တင်းဖို့ ဆန်အိတ်အကြီး တအိတ် ဝယ်ယူ၍ရသောကုန်ကျစရိတ်နီးပါး ရှိနေပါတယ်။
၂) အင်ဂျင်ဝိုင်လဲလှယ်ခြင်းနှင့် ပုံမှန်ထိန်းသိမ်းခြင်းစရိတ် – ခြောက်လတစ်ကြိမ် သို့မဟုတ် မိုင်သတ်မှတ်ချက်နဲ့အညီ အင်ဂျင်ဝိုင် လဲရတဲ့အခါ ရှိပါတယ်။ ကားအမျိုးအစား၊ အင်ဂျင်ဝိုင်အဆင့်တန်းပေါ်မူတည်ပြီး တခါလဲရင် ကျပ် ၃၀၀,၀၀၀ မှ ၆၀၀,၀၀၀ အထိ ကုန်ကျမှု ရှိပါတယ်။ ဒီငွေပမာဏဟာ အလတ်စားအဆင့် Android Phone/Tablet အသစ် တစ်လုံး (သို့) စက်ဘီးအသစ် ကောင်းကောင်းတစ်စီး ဝယ်ယူရရှိနိုင်ပြီး မိသားစုတခု၏ ကလေးတွေရဲ့ ပညာရေးအတွက် အထောက်ကူပြုလို့ရပါတယ်။
၃) ကားတာယာအလုံးလိုက်လဲခြင်း – တစ်နှစ်တန်သည်၊ နှစ်နှစ်တန်သည်ဖြစ်ဖြစ် လမ်းခရီးအကြမ်းပတမ်း မောင်းနှင်ထားလို့ သက်တမ်းတိုတိုအတွင်းမှာပဲ ကားတာယာကို လဲလှယ်ရပါတယ်။ တာယာအရည်အသွေး၊ အရွယ်အစားပေါ်မူတည်ပြီး တာယာလေးလုံး အသစ်စက်စက်ကို လဲလှယ်ယူပါက ကျပ် ၁,၆၀၀,၀၀၀ မှ ၄,၀၀၀,၀၀၀+ အထိ ကုန်ကျနိုင်ပါတယ်။ ဒီကုန်ကျစရိတ်ဟာ Honda Wave 125i ဆိုင်ကယ် Good Second Hand တစ်စီးရဲ့ ဈေးနှုန်းနဲ့တောင် နှိုင်းယှဉ်နိုင်တဲ့ အဆင့်ရှိပါတယ်။ ထိုသို့သော Good Second Hand ဆိုင်ကယ်တစ်စီးဖြင့် တက္ကစီမောင်းစားနေရသော အမျိုးသားတဦးသည် မိသားစုတစု၏ အိမ်ဦးနတ်၊ မဟာတံတိုင် သို့မဟုတ် အဓိကဝင်ငွေရှာပေးနေသူ တစ်ဦးဖြစ်နိုင်ပါတယ်။ ထိုကဲ့သို့သော မိသားစုအခြေအနေရှိသူများ ပိုမိုများပြားလာပါတယ်။ ၂၀၂၁ ခုနှစ်နောက်ပိုင်း အလယ်လတ်တန်းစားမှသည် အောက်ခြေလူတန်းစားအလွှာ အခြေစိုက်ရောက်ရှိသွားသူ ပိုမိုများပြားလာခြင်း ဖြစ်တယ်။
၄) အာမခံနှင့် ခွင့်ပြုချက်လိုင်စင် – အာမခံ (တစ်နှစ်) နှင့် လိုင်စင်ခ (တစ်နှစ်) ပေါင်း ကျပ် ၄၀၀,၀၀၀ မှ ၁,၂၀၀,၀၀၀ အထိ (ကားတန်ဖိုးပေါ်မူတည်ပြီး ကုန်ကျမှု ရှိနိုင်ပါသေးတယ်။ ဒီငွေပမာဏဟာ ကျေးလက်ဒေသက မိသားစုတစ်စုစာအတွက် (၃) လမှ (၆) လစာအတွက် လူနေမှုစရိတ်နဲ့ ညီမျှနိုင်ပါတယ်။
၅) ရုတ်တရက်ချို့ယွင်းမှုအတွက် ပြင်ဆင်ခ ကုန်ကျစရိတ် – ယခုအခါမှာ Car Workshop ဆိုင်ကို တခါသွားရရင် ကားအင်ဂျင်နှင့် ကားအောက်ပိုင်းအနေအထားများ ခိုင်ခန့်စေချင်လို့ ပြင်ဆင်ချင်ရင် ပျမ်းမျှ ကျပ် ၅၀၀,၀၀၀ မှ ၃၀၀၀,၀၀၀ (+) အထိ (ပြင်ဆင်မှုအဆင့်ပေါ်မူတည်ပြီး) ကုန်ကျမှု ရှိနိုင်ပါတယ်။ ကျန်တဲ့ ကားအပိုပစ္စည်း ပြုပြင်တာ၊ အသစ်လဲလှယ်တာကလည်း နည်းနည်းချင်းစီကုန်ကျစရိတ် အကုန်ပေါင်းရင်လည်း ကျပ် ၅၀၀,၀၀၀ လောက်က ကုန်ကျပါလိမ့်မယ်။ အလုံးအထည်၊ အရေးကြီးတဲ့ ပစ္စည်းအသစ်တခုခု ထပ်လဲထည့်ရရင်တော့ ပိုက်ဆံအိတ်ပါ ခါထုတ်ရတတ်ပြီး၊ Mobile Money Account ထဲရှိ ကျပ်ငွေကိန်းဂဏန်းများ သုညအဖြစ်သို့ ပြောင်းလဲသွားနိုင်ပါတယ်။ ဤမျှလောက်သော ကုန်ကျစရိတ်ပမာဏဟာ ရွှေထည်များ ရတနာများ ဝယ်စုလို့ရပါတယ်။ ဒါမှမဟုတ် ကျေးလက်ဒေသမှာ ဝက်သားပေါက်၊ ဆိတ်သားပေါက်များ ဝယ်ယူပြီး မွေးမြူရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံလို့ရတယ်။
၆) လမ်းတံတားအသုံးပြုခ – မော်လမြိုင်မြို့အနီးတဝိုက်သွားလာမယ်ဆိုရင် မြို့ဝင်ဂိတ်နဲ့ တံတားများစွာ အသုံးပြုရပါတယ်။ ဝါးတားဂိတ်ခေတ်ကာလပေမို့ ရန်ကုန်နှင့် နယ်မြို့အဝေးသို့ သွားလာမယ်ဆိုရင် အကောက်ကြေး၊ အခွန်ကြေးများစွာ ဆက်သရပါတယ်။ ဤကုန်ကျငွေ ပမာဏသည် တစ်လစာ ပျမ်းမျှ ကျပ် ၅၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ (သွားလာမှုအကြိမ်ရေပေါ်မူတည်ပြီး) ကုန်ကျနိုင်ပါတယ်။ ဤသည်မှာ မြို့ပြနေထိုင်သူ လူငယ်လူတစ်ဦးရဲ့ တစ်လစာ ထမင်းစားစရိတ်နဲ့ ညီမျှပါတယ်။
ကိုယ်ပိုင်ကားတစ်စီး ဝယ်စီးဖို့ဆိုရင် ကားရဲ့ဈေးနှုန်းတစ်ခုတည်းသာမကဘဲ သူ့နောက်မှလိုက်ပါလာမယ့် ပြင်ဆင်မှု၊ ထိန်းသိမ်းမှု၊ မောင်းနှင်မှုနဲ့ မတော်တဆကုန်ကျစရိတ်တွေကိုပါ အချိန်နဲ့အမျှ ကြိုတင်တွက်ချက်ထားဖို့လိုအပ်သည်မှာ ပုံမှန်ကိစ္စဖြစ်နေသော်လည်း လက်ရှိကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် ကိုယ်ပိုင်ကား စွန့်လွှတ်လိုက်ရသူ များပြားလာပါတယ်။ ကိုယ်ပိုင်ကားတစ်စီးရှိခြင်းကြောင့် နှစ်စဉ်ကုန်ကျစရိတ်ဟာ ဆိုင်ကယ်အသစ်တစ်စီးရဲ့တန်ဖိုးလောက်တောင် ရှိနိုင်တာမို့ မော်တော်ဆိုင်ကယ်ကိုသာ ပြောင်းစီးလာသူ များပြားလာပါတယ်။
ခေတ်စနစ်အနေအထားအရ လိုင်စင်ရှိကားတစီးနှင့် လိုင်စင်မဲ့ကားတစ်စီး၏ ဈေးနှုန်းသည်လည်း များစွာကွာဟမှုရှိနေသည့်အတွက် မြန်မာပြည်၏ လမ်းကြမ်းလမ်းဆိုးများမှာ မောင်းနှင်ထားသော သက်တမ်းရင့် ကားအစုတ်ပလုတ်များကို ရောင်းချ၍ ကားကောင်းကားလတ်ဖြစ်သည့် လိုင်စင်မဲ့ မော်တော်ယဉ်များကိုသာ ဝယ်စီးကြသည့် လူတန်းစားတစ်ရပ်ပေါ်ထွက်လာပါတယ်။ ထိုရေစီးကြောင်းနှင့်အတူ ကားစီးချင်သော လူတန်းစားတို့သည်လည်း လိုင်စင်မဲ့မော်တော်ယဉ်ကိုသာ ဝယ်စီးကြရန်ကိုလည်း ဆွဲဆောင်မှုဖြစ်စေတယ်။
လိုင်စင်ရှိမော်တော်ယဉ် ကားအဟောင်းတွင် လဲလှယ်တပ်ဆင်မည့်ပစ္စည်းများ ရရှိနိုင်ရန်အတွက်လည်း ပိုင်ရာဆိုင်ရာ မှောင်ခိုလမ်းမှတဆင့် တင်သွင်းရသော လိုင်စင်မဲ့ကားမှ အပိုပစ္စည်းအသစ်များကို ဖြုတ်ထုတ်၍ လိုင်စင်ရှိ မော်တော်ကားများတွင် ပြန်လည်တပ်ဆင်သည့်ကဏ္ဍမှာလည်း ခေတ်စားလာပါတယ်။ နိုင်ငံခြားမှ တင်သွင်းရသည့် ကားအပိုပစ္စည်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအကန့်အသတ်ဖြစ်မှုနှင့်လည်း သက်ဆိုင်နေပါတယ်။ ဤတွင် ပိုင်ရာဆိုင်ရာများနှင့် ပူးပေါင်း၍လည်း လိုင်စင်မဲ့ကားများစီးနင်း၍ ရနိုင်ခြင်းဖြင့် ကားပြင်ဆင်စရိတ်ကိုပါ လျှော့ချနိုင်ချေရှိသည့် စဉ်းစားချက်တစ်မျိုး ဖြစ်လာတယ်။
မိမိ၏ မိတ်ဆွေသည်လည်း ကားအတွက် ကုန်ကျစရိတ် လျှော့ချနိုင်ရန်အတွက် လိုင်စင်ရှိ ကားအဟောင်းကို ရောင်းထုတ်၍ ဈေးပေါသော လိုင်စင်မဲ့ မော်ဒယ်မြင့် အကောင်းစား မော်တော်ကားတစီးကို ဝယ်စီးလိုက်ခြင်းကြောင့် ကားအတွက် ပြင်ဆင်ရသည့်ကုန်ကျစရိတ် အတော်လေးလျှော့ချနိုင်သည်ဟု ဆိုလာပါတယ်။
ဈေးနှုန်းပေါပေါပဲပဲဖြင့် ဝယ်ယူရရှိနိုင်သော လိုင်စင်မဲ့ကားများကို စီးနင်းခြင်းဖြင့် တာဝန်ထမ်းဆောင်နေသော ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အာဏာပိုင်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် စီးပွားရှာနေသော လူပုဂ္ဂိုလ်များမှာ မြန်မာပြည်ရှိ နယ်မြို့များတွင် မည်မျှများပြားသည်ကို ခန့်မှန်းနိုင်ရန် ခက်ခဲသော်လည်း မြို့ပြလမ်းမကြီးများပေါ်တွင် လိုင်စင်မဲ့ကား အသွင်သဏ္ဍာန်ပေါက်နေသော မော်တော်ယဉ်များပြားစွာ ဥဒဟိုသွားလာနေကြသည်မှာ မျက်မြင်ဒိဌပင် ဖြစ်ပါတယ်။
မြန်မာပြည်တွင် တရားဝင်လမ်းကြောင်းဖြင့် လျှပ်စစ်မော်တော်ကား တင်သွင်းခွင့်ပြုထားသော်လည်း ဈေးနှုန်းမြင့်မားမှု၊ လျပ်စစ်မီးမလုံလောက်မှုနှင့် တခြားအကြောင်းကြောင်းများကြောင့် ဝယ်စီးသူများ အနည်းကျဉ်းခန့်ရှိလာတယ်။ သို့သော် လိုင်စင်မဲ့စက်တပ်ယဉ် မော်တော်ကားများသည် မြန်မာပြည်ထဲသို့ ပေါများစွာ ရောက်ရှိလာနေပါတယ်။
လိုင်စင်မဲ့ကားစီးနေရသူများတွင် အကြောင်းအရင်းအမျိုးမျိုးရှိနေသည်မှာ အမှန်ပင်ဖြစ်သော်လည်း လျှပ်စစ်ဘတ္ထရီသုံး မော်တော်ယဉ်တင်သွင်းမှု မူဝါဒများမှာ ပိုင်ရာဆိုင်ရာ လူအုပ်စုတို့အတွက် စီးပွားရေးခွင်တခုမျှသာ ဖြစ်သည်မှာ ကား အရောင်းအဝယ်လောကမှ ထွက်ပေါ်လာသော ဝေဖန်သံများဖြစ်ပါတယ်။