spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားမှု မလုပ်ဆောင်နိုင်ရန် လူမှုကွန်ရက်အသုံးပြုခွင့် စစ်ကော်မရှင်က ထပ်မံတင်းကြပ်

    ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားမှု မလုပ်ဆောင်နိုင်ရန် လူမှုကွန်ရက်အသုံးပြုခွင့် စစ်ကော်မရှင်က ထပ်မံတင်းကြပ်

    -

    ရွေးကောက်ပွဲဖြစ်မြောက်ရန် အကောင်ထည်ဖော်နေစဉ်ကာလအတွင်း အွန်လိုင်းမှတစ်ဆင့် နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်နိုင်ရန် စစ်ကော်မရှင်က  ပြည်တွင်းရှိ လူမှုကွန်ရက်အသုံးပြုခွင့်ကို ထပ်မံတင်းကြပ်ထားကြောင်း နည်းပညာကျွမ်းကျင်သူများထံမှ သိရသည်။

    ပြည်တွင်းလူမှုကွန်ရက်အသုံးပြုသူများ ယခုရက်ပိုင်းအတွင်း ဝက်ဘ်ဆိုဒ်နှင့် ဆော့ဖ်ဝဲလ်များ ဝင်ရောက်နိုင်ရန် တစ်ဆင့်ခံအသုံးပြုရသည့် VPN အချို့ ချိတ်ဆက်မရသည့်ပြဿနာများနှင့် ထပ်မံရင်ဆိုင်နေရကြောင်း အသုံးပြုနေသူများက ပြောသည်။

    ထို့အပြင် ယခင်က VPN တစ်ဆင့်ခံ အသုံးပြုရန်မလိုသည့် လူမှုကွန်ရက်ပလက်ဖောင်းအချို့လည်း VPN အသုံးပြုချိတ်ဆက်ရန် လိုအပ်လာကြောင်း ဆိုသည်။

    စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲအတွက် အဖက်ဖက်မှ ပြင်ဆင်မှုလုပ်ဆောင်နေခြင်းဖြစ်သဖြင့် လူမှုကွန်ရက်အသုံးပြုခွင့် ကန့်သတ်ပိတ်ပင်ခြင်း၊ အွန်လိုင်းမှတစ်ဆင့် ထုတ်ဖော်ပြောဆိုမှုများ အရေးယူခြင်းကို အထူးကြပ်မတ်ဆောင်ရွက်သွားနိုင်ကြောင်း နည်းပညာကျွမ်းကျင်သူတစ်ဦးက ပြောသည်။

    “သူတို့က ရွေးကောက်ပွဲလုပ်ချင်တာဖြစ်တဲ့အတွက် ဒီလိုကိစ္စတွေကို အထူးကြပ်မတ်ပြီး လုပ်မှာအသေအချာပါ။ ဖမ်းဆီးတာတွေလဲ ရှိတယ်။ လူမှုကွန်ရက်ပလက်ဖောင်းတွေကို ပိုမိုတင်းကြပ်ဖို့ အဖက်ဖက်က ပြင်ဆင်လာနေတာကိုတော့ တွေ့နေရပါတယ်။ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေကို သုံးလာတာ၊ ရွေးကောက်ပွဲပျက်ပြားအောင်လှုံ့ဆော်ရေးသားမယ်ဆိုရင် ဖမ်းမယ်လို့ စစ်ကော်မရှင်လော်ဘီတွေကပြောတာ၊ ဖမ်းတာ၊ အွန်လိုင်းပေါ်မှာ စောင့်ကြည့်နေကြတာ” ဟု သူက ပြောသည်။

    ပုဂ္ဂိုလ်ရေးအချက်အလက်ဖော်ထုတ်ခြင်း (Doxing) ဟူသော နည်းစနစ်ကို အသုံးပြုပြီး လူမှုကွန်ရက်များမှတစ်ဆင့် ဒေသခံပြည်သူများ၏ အချက်အလက်များကို စစ်ဆေးနေသည့်အတွက် လူမှုကွန်ရက်အသုံးပြုသူများ မိမိတို့၏ ဒစ်ဂျစ်တယ် လုံခြုံရေးကို သတိရှိရန်လည်း တိုက်တွန်းထားသည်။

    လာမည့် ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သတ်ပြီး လုံခြုံရေးကို ထိခိုက်စေနိုင်သည့် လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများကို အွန်လိုင်းမီဒီယာ အသုံးပြုပြီး ကျူးလွန်နေသူများကို စုံစမ်းဖော်ထုတ်အရေးယူသွားမည်ဟု စစ်ကော်မရှင်၏ ပြည်ထဲရေးဝန်ကြီးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့က ပြောကြားထားသည်။

    အာဏာသိမ်းပြီးအချိန်မှစ၍ ဖုန်းလိုင်းဖြတ်တောက်ခြင်း၊ အင်တာနက်အမြန်နှုန်း လျှော့ချခြင်းဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များကို တင်းကြပ်ကန့်သတ်လိုက်သည့်အပြင် ဖမ်းဆီးအရေးယူမှုများကို စစ်ကော်မရှင်မှ ကန့်သတ်လျှက် ရှိသည်။

    ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်အသုံးပြုမှု အခက်အခဲနှင့်ပတ်သတ်၍ အွန်လိုင်းစျေးရောင်းသူ အမျိုးသမီးတစ်ဦးက “ VPN တွေက အဆင်မပြေဘူး။ တစ်ခုပြီး တစ်ခုပြောင်းသုံးနေရတယ်၊ တစ်ခါနှစ်ခါ ချိတ်ပြီးရင် နောက်တစ်ခါ ချိတ်လို့မရတော့ဘူး။ ပြီးတော့ အစက Facebook နဲ့ပဲဈေးရောင်းတယ်၊ အဆင်မပြေလို Tik Tok မှာပါရောင်းတာ။ အရင်က VPN မလိုတဲ့ Tiktok ကလည်း အခု VPN ခံပြီးမှ သုံးနေရတော့ အဆင်မပြေဘူး” ဟု သူမက ပြောသည်။

    ထို့အတူ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး နယ်စပ်တစ်ဝိုက် လက်ရှိတိုက်ပွဲပြင်းထန်နေသည့် ဒေသများတွင်လည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းကို တစ်ရက်အတွင်း နာရီပိုင်းခန့်သာ ရရှိနေသဖြင့် စစ်ဘေးရှောင်နှင့် ဒေသခံများ ဆက်သွယ်ရေးအခက်အခဲရှိနေကြောင်း သိရသည်။

    အာဏာသိမ်းပြီးအချိန်မှစ၍ ဖုန်းလိုင်းဖြတ်တောက်ခြင်း၊ အင်တာနက်အမြန်နှုန်း လျှော့ချခြင်းဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များကို တင်းကြပ်ကန့်သတ်လိုက်သည့်အပြင် ဖမ်းဆီးအရေးယူမှုများကို စစ်ကော်မရှင်မှ ကန့်သတ်လျှက် ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks