ကျောင်းသားပြည်သူများ စစ်မှန်ပြည့်ဝသည့် ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမျိုး မဟုတ်သည့် စစ်အုပ်စု၏ ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက်မထားမိရန် မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ နှိုးဆော် ထုတ်ပြန်ထားသည်။
စစ်ရေးနှင့် နိုင်ငံရေးအပြိုင်အဆိုင်ဖြစ်နေချိန် ရွေးကောက်ပွဲကျင်းပပြုလုပ်ခြင်းဖြင့် စစ်အုပ်စုမှ ၎င်းတို့ တရားဝင်အစိုးရဖြစ်ရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်ပြီး ကျောင်းသားပြည်သူများ လက်ရှိရင်ဆိုင်နေရသည့် အကြပ်အတည်းကို ဖြေရှင်းပေးနိုင်မည်မဟုတ်ကြောင်း တရားဝင်ညှင်းပန်းခွင့်၊ ဖိနှိပ်ခွင့်ရရှိရန် ကြိုးပမ်းနေခြင်းသာဖြစ်ကြောင်း မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ မင်းသံစဉ်ဦးက ပြောသည်။

“ စစ်ရေးနဲ့ နိုင်ငံရေးအားပြိုင်မှုမှာ သူသာကိုယ်မသာ၊ သူမသာကိုယ်သာဖြစ်နေတဲ့အချိန်မှာ သူတို့ထွက်ပေါက်ရှာတယ်ပေါ့။ သူတို့က တရားမဝင်အာဏာသိမ်းထားတာကို တရားဝင်ပြန်ဖြစ်အောင် သူတို့အသက်သွင်းနေတာ၊ ဆိုတော့ ဒီလိုပြန်လည်အသက်သွင်းခြင်းဖြင့် နဂိုကတည်းက သူတို့က လူထုကိုမတရားညှဉ်းပန်း နှိပ်စက်တာ၊မတရားအုပ်ချုပ်နေတဲ့အရာတွေကို တရာဝင်လုပ်ခွင့်ပေးလိုက်တဲ့ သဘောပေါ့။ လူထူကို တရားဝင် ညှဉ်းပန်းနှိက်စက်ခွင့် ဖိနှိပ်ခွင့်၊ တရားဝင် ဥပဒေကင်းမဲ့ခွင့်အဲလိုမျိုး သဘောဖြစ်နေတယ်”ဟု ပြောသည်။
ရွေးကောက်ပွဲ နောက်ဆက်တွဲအနေဖြင့် တရားဥပဒေစိုးမိုးမှုကင်းမဲ့ခြင်း၊ လူထုအကြပ်အတည်း၊ လုံခြုံရေးနှင့် လွတ်လပ်ခွင့်အားလုံး ထိပါးလာနိုင်ကြောင်းလည်း သတိပေးပြောဆိုသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်မည်ဟု စစ်ကော်မရှင်မှ ထုတ်ပြန်သည့်ထားသည့်နောက် မွန်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ မြို့နယ်ရုံးဖွင့်လှစ်ခြင်း၊ ပါတီအင်အားစုစည်းခြင်းများ အရှိန်မြှင့် လုပ်ဆောင်နေကြသည်။
ဝင်ရောက်ယှဉ်ပြိုင်မည့် ပုဂ္ဂိုလ်များနှင့် နိုင်ငံရေးပါတီများကိုလည်း ပြည်သူ၏ ရန်သူ၊ တော်လှန်ရေး၏ တရားခံအဖြစ် မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ သတ်မှတ်သွားမည်ဖြစ်ကြောင်းလည်း မင်းသံစဉ်ဦးက ဆက်ပြောသည်။
“ကျနော်တို့ကလဲ သူတို့ကို သွားပြီးမပူပေါင်းပါနဲ့လို့ပြောလို့မရဘူး။ နိုင်ငံရေးဂုဏ်သိက္ခာလဲရှိတယ်။ နိုင်ငံရေးပါတီတွေ ဝင်ပြိုင်ချင်လဲပြိုင်ပေါ့။ ဒါပေမဲ့ နိုင်ငံရေးကိုတော့ သိဖို့လိုတယ်ပေါ့နော်။ နေရာတစ်ခုအတွက်နဲ့ ပြည်သူကို သစ္စာဖောက်တာမကောင်းဘူး။ အဲကြောင့်မို့လို့ ကျနော်တို့ ထုတ်ပြန်ထားတဲ့အတိုင်းပဲ ဒါကိုလုပ်ခဲ့ရင် နိုင်ငံရေးပါတီတွေက ပြည်သူရဲ့ရန်သူနဲ့ တော်လှန်ရေးတို့ရဲ့ရန်သူပဲလို့ သတ်မှတ်လိုက်မယ်”ဟု သူကပြောသည်။
လက်ရှိ မွန်-တနသာၤရီဒေသများ၌ စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို စစ်ရေးအရ ဖိအားပေးသည့်အနေဖြင့် မွန်တော်လှန်ရေးအင်အားစုများနှင့် ဒေသတွင်းတော်လှန်ရေးတပ်များက စစ်ရေးဖော်ဆောင်လျှက်ရှိသည်။
အခြား တော်လှန်ရေးအင်အားစု၊ တော်လှန်ရေးတပ်များနှင့်နည်းတူ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအနေဖြင့် စစ်ကော်မရှင်ရွေးကောက်ပွဲကို ဆန့်ကျင်သွားမည်ဖြစ်ကြောင်းလည်း ဆိုထားသည်။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် NMSP/AD မှ ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့က အတုအယောင်ရွေးကောက်ပွဲအပေါ်ဆန့်ကျင်ကြောင်း ထုတ်ပြန်ထားပြီး မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ရေးပြည်သူ့ကာကွယ်ရေတပ်(YPDF)၊ PDF ဒေါနတပ်ရင်း(၂) တို့က စစ်ကော်မရှင် ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များနှင့်ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်သတိပေးချက်ကို ၂၀၂၅ ဇူလိုင် ၂၁ ရက်က ကြေညာချက် ထုတ်ပြန်ထားသည်။