spot_img
Friday, February 27, 2026
More
    spot_img
    Homeသတင်းတော်လှန်ရေးတပ်ဖွဲ့အမည်ခံ၍ ငွေကြေးလိမ်လည်တောင်းခံရပါက နီးစပ်ရာနယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းများထံ ဆက်သွယ်မေးမြန်းရန် (KRF) တိုက်တွန်း

    တော်လှန်ရေးတပ်ဖွဲ့အမည်ခံ၍ ငွေကြေးလိမ်လည်တောင်းခံရပါက နီးစပ်ရာနယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းများထံ ဆက်သွယ်မေးမြန်းရန် (KRF) တိုက်တွန်း

    -

    မွန်ပြည်နယ်အတွင်း ကျိုက်ထို၊ ဘီးလင်း၊သထုံစသည့် မြို့နယ်များနှင့် ဆက်စပ်နေသည့်ရွာများတွင် တော်လှန်ရေးအဖွဲ့များ၏ အမည်ခံ၍ ဒေသခံပြည်သူများထံ ငွေကြေးအလှူခံခြိမ်းခြောက်လာပါက နီးစပ်ရာနယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းများထံ ဆက်သွယ်မေးမြန်းရန် ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)မှ ထုတ်ပြန်ထားသည်။

    လူသိများသည့် တော်လှန်းရေးအဖွဲ့အစည်းနှင့် တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးဦး၏ အမည်များကို အလွဲသုံးစားပြု၍ လူလိမ်များမှ ဒေသခံပြည်သူများထံသို့ ဆက်သွယ်ပြီး ငွေကြေးလိမ်လည်ကောက်ခံခြင်း၊  ခြိမ်းခြောက်ခြင်းများကို ပိုမိုလုပ်ဆောင်လာပြီး ဒေသခံများပြည်သူဘက်မှ နစ်နာမှုရှိလာနေကြောင်း ကျိုက်ထိုသတင်းရင်းမြစ်များမှ သိရသည်။

    ငွေလိမ်လည်သူ အများစုတို့သည် ဖုန်းဖြင့်ဆက်သွယ်ပြီး ၎င်းတို့သည် တော်လှန်ရေးအဖွဲ့သားတစ်ဦးဖြစ်ပြီး အဖွဲ့အစည်းအတွက် အလှူငွေလိုအပ်နေကြောင်း၊ ပါဝင်လှူဒါန်းပါက ဂုဏ်ပြုလွှာ (certificate)ပို့ပေးမည်ဖြစ်ကြောင်း စသည့်သမားရိုးကျ အကူအညီတောင်းသည့် နည်းလမ်းများအပြင် ခြိမ်းခြောက်အကြပ်ကိုင်သည့်နည်းများဖြင့်လည်း လုပ်ဆောင်လာကြောင်း ဆိုသည်။

    “ပြည်သူတွေကျတော့ ကြောက်တာပေါ့နော် ဘယ်သူမှန်းမသိ ဘာမှန်းမသိ ဘယ်အဖွဲ့အစည်းမှန်းမသိ ဖုန်းတွေဆက်ပြီးတော့ ဆက်တိုက်ငွေတောင်းနေတဲ့အခါကျတော့ ကြောက်လို့ ပေးလိုက်ရတာရှိတယ်။ တဖက်ကိုလည်း မပြောရဲဘူးပေါ့နော်၊ ပေးပြီး ပြီးသွားတယ်ဆိုရင်လည်း ပြီးလိုက်ကြတာပေါ့နော်။ တချို့က မပြီးဘူးပေါ့ဗျာ ခဏခဏတွေဆက်သွယ်လာပြီး တောင်းနေတာ အဲလိုမျိုးတွေဖြစ်နေတာကြတော့ ဒေသခံတွေက ကျနော်တို့ကို လာတိုင်တာ" (KRF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    အလှူငွေများကို Kpay, Wave Money, True Money, KBZ Bank အကောင့်များမှတစ်ဆင့် တိုက်ရိုက်ငွေလွဲစေခိုင်းသည့်နည်းဖြင့် ဖိအားပေးအကြပ်ကိုင်နေခြင်းဖြစ်သည်ဟု တာဝန်ရှိသူ ဆက်ပြောသည်။

    ထို့ကြောင့် တော်လှန်ရေးအတွက် အလှူငွေနှင့်ပတ်သတ်၍ ဆက်သွယ်လာပါက ဒေသခံပြည်သူများအနေဖြင့်  အလှူငွေများ မပေးမှီ သက်ဆိုင်ရာ နယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းများ၏ official အကောင့်များသို့ အတည်ပြုမေးမြန်းရန် တိုက်တွန်းထားသည်။

    တော်လှန်ရေးအဖွဲ့အစည်းများ၏ ပုံရိပ်များကို ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့်လုပ်ဆောင်နေခြင်းဖြစ်ပြီး စစ်ကော်မရှင်ထိန်းချုပ်နယ်မြေအတွင်းရှိ ဒေသခံများ အထိနာလာမည်ဖြစ်ကြောင်းလည်း ကျိုက်ထိုဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

    “တော်လှန်ရေးပုံရိပ်ကို ဖျက်ချင်ရင်တော့ အဲ့လိုပဲလုပ်မှာပဲလေ။ ထိတဲ့ရွာတွေအများစုက ဒီစကမ နင်းထားတဲ့ နယ်မြေတွေကပဲ ပိုအလိမ်ခံထိတယ်။ လျှောက်လိမ်နေတာ ကြာနေပြီး ဒါပေမဲ့ အခုက ပိုဆိုးလာတယ်။ ဥပမာ ဒီအိမ်ကို သူတို့တစ်ခါတောင်းယူလို့ ငွေရပြီးရင် မကြာခဏ ထပ်တောင်းတယ်” ဟု ပြောသည်။

    ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း တော်လှန်ရေးအကြောင်းပြု၍ ငွေကျပ်သိန်း (၂၀၀၀) ဝန်းကျင် ငွေကြေးလိမ်လည်မှု ယခုနှစ်ဆန်းပိုင်းအတွင်း ဖြစ်ပွားခဲ့ပြီး ကျူးလွန်ခဲ့သူကို အရေးယူပေးရန် ဒေသခံများက ကေအဲန်ယူထံ တိုင်ကြားထားကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များ၏ သတင်းဖေါ်ပြချက်များအရ သိရသည်။

    ငွေကြေးလိမ်လည်သူကို ရှာဖွေတွေ့ရှိပါက (KNU)အနေဖြင့် အရေးယူသွားမည်ဟု ပြောဆိုထားသည်။

    ကျိုက်ထို၊ ဘီးလင်းနှင့် သထုံမြို့နယ်တွင် ကေအဲန်ယူ တပ်မဟာ (၁) သထုံခရိုင် လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) အပါအဝင် မွန်လက်နက်ကိုင်တပ်များ၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်အခြားသော တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များမှ ၎င်းနယ်မြေအတွင်း ထိန်းချုပ်လျက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks