Thursday, March 19, 2026
More
    spot_img
    Homeသတင်းအမျိုးသမီး ၁၁ ဦးအား အဓမ္မကျူးလွန်သူကို ထောင်ဒဏ် နှစ် ၄၀ AA ချမှတ်

    အမျိုးသမီး ၁၁ ဦးအား အဓမ္မကျူးလွန်သူကို ထောင်ဒဏ် နှစ် ၄၀ AA ချမှတ်

    -

    ရခိုင်ပြည်နယ်မှာ အသက်မပြည့်သေးသော အမျိုးသမီး ၂ ဦးအပါအဝင် ၁၁ ဦးအား အတင်းအဓမ္မကျူးလွန်ခဲ့သူကို အာရက္ခတပ်တော် (AA) က ထောင်ဒဏ် နှစ် ၄၀ ချမှတ်လိုက်ကြောင်း ဒေသခံတွေထံက သိရသည်။

    ကျောက်တော်မြို့နယ်က အသက် ၂၅ နှစ်အရွယ် ဇော်ဇော်နိုင်ဆိုသူသည် အမျိုးသမီး ၁၁ ဦးကို အဓမ္မကျူးလွန်ခဲ့ပြီး ယင်းအမှုများအနက် အမှု ၄ မှု စစ်ဆေးပြီးတဲ့နောက် AA ၏ မြောက်ဦးခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၄၀ ချမှတ်လိုက်ခြင်းဟု ဆိုသည်။

    ဒေသခံတစ်ဦးက “သူကျူးလွန်တာက ၁၁ မှု၊ အဲဒီမှာ ၂ မှုက အသက်မပြည့်တဲ့ ကလေးငယ်တွေဖြစ်တယ်၊ ဒေသခံတွေကတော့ နှစ် ၄၀ က နည်းတယ်လို့ ပြောနေကြတယ်” ဟု ပြောသည်။

    AA က ပြစ်ဒဏ်ချမှတ်လိုက်သည့် အမှု ၄ မှုမှာ ကျောက်တော်မြို့နယ် မြင်းကြပ်ရွာက အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တဦး၊ မြောက်ဦးမြို့ လက်ကောက်စျေးရပ်ကွက်က အသက် ၁၄ နှစ် အရွယ် အမျိုးသမီးငယ်တဦး၊ မြောက်ဦးမြို့နယ် ဆင်အိုးကြီးရွာမ အသက် ၂၅ နှစ် အရွယ် အမျိုးသမီးတဦး နှင့် မြောက်ဦးမြို့နယ် လိပ်မရွာ အသက် ၂၀ အရွယ် အမျိုးသမီးတဦးတို့၏ အမှုများဖြစ်ကြောင်း သိရသည်။

    ၎င်းအမှုတွေအနက် အသက်အရွယ် မပြည့်သေးသော အမျိုးသမီးငယ်အမှုများ ပါဝင်ခြင်းကြောင့် အဆိုပါ ပြစ်ဒဏ်ပေးမှုအပေါ် လျော့ပေါ့ပြစ်ဒဏ်ပေးသည်ဟု ဝေဖန်မှုများ ရှိနေသည်။

    ရခိုင်ဒေသတွင်း တရားဥပဒေစိုးမိုးရေး နှင့် လုံခြုံရေး မပေးနိုင်ခြင်းကြောင့် အဓမ္မပြုကျင့်မှုများ ဖြစ်ပေါ်နေခြင်းဟု ရခိုင်သတင်းသမားတစ်ဦးက ‌ပြောသည်။

    “တရားဥပဒေစိုးမိုးရေး နဲ့ ဒေသတွင်းပြည်သူတွေကို လုံခြုံရေး မပေးနိုင်တာကြောင့်၊ နောက်တစ်ခုက အာဏာမြှောက်စားမှုကို လုပ်တဲ့နေရာမှာ အရည်အချင်းမရှိတဲ့ ခေါင်းဆောင်တွေပါနေတာကြောင့်၊ စစ်ရေးကြောင့်ဆိုတိုင်း အခုလို မုဒိမ်းမှုတွေ ဖြစ်ရတယ်ဆိုတဲ့ အကြောင်းပြချက်ကိုတော့ သဘောမတွေ့ဘူး။ ဘာလို့လဲဆိုတော့ တစ်နိုင်ငံလုံးမှာ စစ်ရေးဖြစ်နေတာဘဲ” ဟု ၎င်းက ပြောသည်။

    အဆိုပါ ပြစ်မှုကျူးလွန်သူ ဇော်ဇော်နိုင်ကို မြောက်ဦးခရိုင်တရားရုံးအမိန့်အရ အမှု ၄ မှုအတွက် တစ်မှုကို ၁၀ နှစ်ဖြစ် နှစ် ၄၀ အမိန့်ချထားပြီး ကျန် ၇ မှုကို ဆက်လက် စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

    အလားတူ ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်နေ့က ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ဘုန်းတော်ကြီးတစ်ပါးက အဓမ္မပြုကျင့်မှု ဖြစ်စဉ်များလည်း ရှိခဲ့သည်။

    အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများတွင် အမျိုးသမီးများ၏ လုံခြုံမှုမှာ အပြည့်အဝရှိသည်ဟု အခိုင်အမာပြောနိုင်ကြောင်း AA မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ က ဩဂုတ် ၁၁ ရက်မှာ ကျင်းပပြုလုပ်သည့် AA ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks