spot_img
Friday, February 27, 2026
More
    spot_img
    Homeသတင်းရေဖြူ- ထားဝယ် အမှတ် (၈) လမ်းပိုင်းအတွင်း ပိတ်မိနေသည့်ယာဉ်မောင်းနှင့် ခရီးသည်များ ယာယီစားသောက်နေထိုင်ရန်ခက်ခဲ

    ရေဖြူ- ထားဝယ် အမှတ် (၈) လမ်းပိုင်းအတွင်း ပိတ်မိနေသည့်ယာဉ်မောင်းနှင့် ခရီးသည်များ ယာယီစားသောက်နေထိုင်ရန်ခက်ခဲ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူ-ထားဝယ် အမှတ် ၈ လမ်းမတစ်လျှောက် ဖြတ်သန်းသွားလာခွင့်ကို လုံခြုံရေးအရ ဩဂုတ်လ ၂၅ ရက်နေ့မှစ၍ ယနေ့ စက်တင်ဘာ ၄ ရက်နေ့အထိ ကန့်သန့်ထားဆဲဖြစ်သဖြင့် ပိတ်မိနေသည့် ယာဉ်မောင်းနှင့် ခရီးသည်များ ယာယီစားသောက်နေထိုင်ရန် အခက်အခဲရှိနေကြောင်း သိရသည်။

    နေ့စဉ် ထိတွေ့တိုက်ပွဲဖြစ်နေသည့် ရေဖြူ-ထားဝယ်လမ်းပိုင်းကို လုံခြုံရေးအရ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်မှ စစ်ဘေးရှောင်သူများမှလွဲ၍ သွားလာခွင့်ကန့်သတ်ထားခြင်းဖြစ်ပြီး ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်နှင့် အိမ်စီးကားများ ရာနှင့်ချီ ပိတ်မိနေသည်။

    ရက်ရှည်ကြာပိတ်မိနေသည့် ယာဉ်မောင်းနှင့် ခရီးသည်များသည် လုံခြုံရေးအပြင် ရာသီဥတုအခြေအနေကြောင့် နေထိုင်စရာနေရာနှင့် စားသောက်ရန် အခက်အခဲရှိနေကြကြောင်း သိရသည်။

    “ကားတွေချိတ်ပိတ်နေတာ အများကြီးပဲ၊ လမ်းမှာအိပ်နေတယ်။ ရက်တွေကြာတော့ စားစရာမရှိလို့ ရွာအနားက ဘုန်းကြီးကျောင်းတွေမှာ လိုက်စားနေတယ်။ မိုးကလည်း ရွာနေတော့ အဆင်မပြေဘူး။ ထားဝယ်ဘက်ကို လုံးဝဆင်းလို့ မရဘူးဖြစ်နေတယ်၊ ဘယ်သူမှ မသွားရဲဘူး။ ကားမပြောနဲ့ ဆိုင်ကယ်လည်း မသွားရဲဘူး။ အဲ့ကြောင့် အခုပစ္စည်းတွေ ပို့ဖို့အလုပ်တွေအကုန် မလည်ပတ်နိုင်ဘူး။” ဟု ရန်ကုန်မှ ထားဝယ်သို့ ကုန်ပစ္စည်းပို့ဆောင်နေသော အမျိုးသားတစ်ဦးက ပြောသည်။

    စစ်ကော်မရှင်နှင့် တော်လှန်ရေးမဟာမိတ်ပူ‌ပေါင်းတပ်ဖွဲ့တို့ကြား ယမန်နေ့ညနေပိုင်းအချိန်ထိ စစ်ရေးအခြေ‌အနေများ ဆက်လက်တင်းမာနေဆဲ‌ဖြစ်သောကြောင့် လမ်းကို ပြန်လည်ဖွင့်ပေးရန်အဆင်မပြေသေးကြောင်း ဒေသအတွင်း စစ်ရေးလှုပ်‌ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ဆိုသည်။

    တစ်ဖက်တွင်လည်း အမှတ် (၈) လမ်းမပေါ် ရှိ မလွဲတောင်စစ်ဆေးရေးဂိတ်၌ စစ်ကော်မရှင်တို့က စားနပ်ရိက္ခာနှင့် ကုန်စည်တင်သွင်းခြင်းကို ကန့်သတ်ထားပြီး စစ်ဆေးရေးတင်းကြပ်ထားကြောင်း သိရသည်။

    အဆိုပါအခြေအနေများကြောင့် ရေဖြုမြို့နယ်နှင့် အနီးတဝိုက်တွင် ကုန်စိမ်းများ ဈေးအဆမတန်မြင့်တက်နေပြီး ကုန်စည်ပစ္စည်းအချို့ပြတ်လပ်နေကြောင်း ရေဖြူဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

    “ ကုန်စိမ်းတွေက ဈေးနှစ်ဆသုံးဆတက်နေတာ၊ ဘုရားပန်းကအစ ဝယ်လို့မရတော့ဘူး။ ဆီတွေ ချိုမှုန့်တွေကတော့ ဈေးမတက်ဘူး။ တဖြည်းဖြည်းနဲ့တော့ပစ္စည်းတွေကပြတ်လာတယ် အချို့ကျတော့လဲဝယ်ပြီး စုဆောင်းတာတွေရှိတယ်၊ ပစ္စည်းတွေက သွင်းတာလဲမရှိဘူးဆိုတော့လေ လူတိုင်းကလဲ လမ်းကိုပြန်ဖွင့်စေချင်ကြတာ အဓိကလမ်းမကြီးကို ပိတ်ထားတာဆိုတော့ တော်တော်ဒုက္ခရောက်ကြတယ်”ဟု ဒေသခံအမျိူသားတစ်ဦးက ပြောသည်။

    လက်ရှိတွင် ရေဖြူဒေသခံများ ကြက်ဥတစ်လုံး ၁၀၀၀ ကျော်၊ ကောဖီထုပ်တစ်ပိသာဈေး ၁၅၀၀၀ ကျပ်၊ ငရုတ်သီးစိမ်း တစ်ပိဿာ ၃၀၀၀၀ ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ ၁၈၀၀၀ကျပ်ဖြင့် ဝယ်ယူစားသောက်နေရကြောင်း ဆက်ပြောသည်။

     ပြည်သူများရင်ဆိုင်နေရသည့် ကုန်ဈေးနှုန်းမြင့်တက်ခြင်းနှင့် လမ်းပိတ်ဆို့ခြင်းအခက်အခဲကို ထပ်တူနားလည်သဘောပေါက်ကြောင်းနှင့် တိုက်ပွဲကြောင့်  လုံခြုံရေးနှင့် ပျက်ဆီးဆုံးရှုံးမှုများလျှော့ချရန်အတွက် ယာယီကန့်သတ်ထားရခြင်းဖြစ်ကြောင်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်မှ ဆိုထားသည်။

    ပုံ- မြေပြင်ရောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks