မွန်ပြည်နယ်၊ မုဒုံမြို့ ရွှေင်္ဟသာဈေးရှေ့တွင် စစ်ကော်မရှင်သတင်းပေးဆိုသူ အမျိုးသားတစ်ဦး ပြီးခဲ့သည့်စက်တင်ဘာ ၁ ရက်နေ့ ည ၇ နာရီအချိန်က ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ရသည်ဟု မြို့ခံများထံမှ သိရသည်။
အဆိုပါ အမျိုးသားကို မုဒုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မော်လမြိုင်-သံဖြူဇရပ်လမ်းပိုင်းတစ်နေရာတွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး နေရာမှာပင် သေဆုံးသွားခဲ့ရသည်ဟု အဖွဲ့မှထုတ်ပြန်ထားသည်။
ပစ်သတ်ခံရသည့် အမျိုးသားသည် မုဒုံ အ.ထ.က (၁) ကျောင်းမှ ကျောင်းစောင့် မောင်မျိုးဖြစ်ပြီး စစ်ကော်မရှင်အတွက် သတင်းပေးတစ်ဦးဖြစ်ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

“ဖြစ်သွားတဲ့နေရာမှာ ကျမတို့လည်း တွေ့လိုက်တယ်။ ဈေးရှေ့မှာ လူတွေဝိုင်းနေကြတာ ကိုယ့်ကိစ္စမဟုတ်တော့ ကိုယ်လဲမဆင်းကြည့်ဖြစ်ဘူး။ သူက မုဒုံ အ.ထ.က ၁ ကျောင်းစောင့်လို ပြောနေကြတယ်။ ပြီးတော့ စစ်ကော်မရှင်အတွက်လဲ အလုပ်လုပ်ပေးနေတယ်” ဟု အမျိုးသမီးတစ်ဦးက ပြောသည်။
မုဒုံမြို့နယ်အတွင်း မော်လမြိုင်ခရိုင် စစ်ဆင်ရေးအဖွဲ့နှင့် ပူပေါင်း၁၀/ စစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်းရှင်းလင်းခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များက စစ်ဆင်ရေးနေရာမှ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု မုဒုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
မြို့ခံများ၏ ပြောချပြချက်အရ မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာအာလုံးနီးပါးတွင် စစ်ကော်မရှင်၏ သတင်ပေးဒလန်များရှိနေပြီး မူးယစ်ဆေးနှင့် တရားမဝင်အလုပ်များကိုလည်း ပေါ်ပေါ်တင်တင်လုပ်ဆောင်ခွင့်ရနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်နေ့က သံဖြူဇရပ်မြို့နယ်၊ ထင်းရူးရွာတွင် ဒေသတွင်း လောင်းကစားဝိုင်းများကို ဦးဆောင်ဖွင့်လှစ်နေသည့်အပြင် စစ်ကော်မရှင်ကို လျှို့ဝှက်သတင်းပေးနေသည့် ဇနီးမောင်နှံနှစ်ဦးလည်း ပစ်သတ်ခံခဲ့ရသေးသည်။