Thursday, March 19, 2026
More
    spot_img
    Homeသတင်းကော့ဒွန်းကျေးရွာရှိ တော်လှန်ရေးတပ်ဖွဲ့စစ်ဆေးရေးဂိတ် ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး ခရီးသွားလာသူများထိခိုက်သေဆုံးမှုရှိ

    ကော့ဒွန်းကျေးရွာရှိ တော်လှန်ရေးတပ်ဖွဲ့စစ်ဆေးရေးဂိတ် ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး ခရီးသွားလာသူများထိခိုက်သေဆုံးမှုရှိ

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ဒွန်း ကျေးရွာအဝင်လမ်းပိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့ စစ်ဆေးရေးဂိတ်ကို စစ်ကော်မရှင်အဖွဲ့မှ ယမန်နေ့ညနေပိုင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး  ခရီးသွားပြည်သူတစ်ဦး ဗုံးစထိမှန်သေဆုံးသွားခဲ့သည့်အပြင် ထိခိုက်ဒဏ်ရာရှိသူများလည်းရှိကြောင်း မျက်မြင်ကြုံတွေ့ခဲ့ရသည့် ဒေသခံများက ဆိုသည်။

    ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် စစ်ကော်မရှင်ဘက်မှဒရုန်းဖြင့် အဆိုပါ တော်လှန်ရေးတပ်ဖွဲ့တို့၏ စစ်ဆေးရေးဂိတ်နေရာကို ဒရုန်းဖြင့် ဗုံး ၄ လုံးအထိ ပစ်ချတိုက်ခိုက်မှုကြောင့် ဖြတ်သန်းသွားလာနေသည့် ဘုရားသုံးဆူ ခရီးသည်တင်ယာဉ်တစ်စီးနှင့် အိမ်စီးကားတစ်စီး ထိမှန်ခဲ့သည်။

    တော်လှန်ရေးတပ်ဖွဲ့များ တိမ်းရှောင်နိုင်ခဲ့သော်လည်း ဗုံးစထိမှန်ခဲ့သည့် ခရီးသည်တင်ယာဉ်တွင် ခရီးသည်တစ်ဦးသေဆုံးခဲ့ပြီး ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရရှိခဲ့ကြောင်း မျက်မြင်ကြုံတွေ့ခဲ့ရသည့် ဒေသခံယာဉ်မောင်းတစ်ဦးက သူ၏လူမှုကွန်ရက်ပေါ်တွင် ပြောဆိုထားသည်။

    "ဒီနေ့ ကော့ဒွန်း၊ ကော့ပနော့ အပြင်ဘက်လမ်းဆုံမှာဒရုန်းနဲ့ တိုက်ခိုက်ခံရတယ်၊ ကျနော့်ကားကတော့ အများကြီးအက်သွားတယ် ဒါမဲ့လူဘာမှမဖြစ်တာတော့ ကံပဲပေါ့လေ၊ ကျနော့်ကားရဲ့ အရှေ့ကားကဆိုရင် လူတစ်ဦးလည်းသေသွားတယ်၊ ကားကလည်း အများကြီးပျက်စီးသွားတယ်၊ ကျနော်ကတော့ ကံသာလို့ပေါ့လေ"ဟု ဆိုသည်။

    ထိခိုက်ဒဏ်ရာ ရရှိသူများကို ဒေသခံပရဟိတ အဖွဲ့များ၏အကူအညီဖြင့် နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။

    ကော့ဒွန်းကျေးရွာအတွင်း လှုပ်ရှာနေသည့် တော်လှန်ရေးအဖွဲ့မှလည်း ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နေ့ ညနေ ၃ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်ဂိတ်ကိုဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး စစ်ကော်မရှင်ဘက်မှ စံပယ်ဂူတံတားတွင် လုံခြုံရေးအင်အားများ တိုးချဲ့ထားသည်။

    ကျိုက်မရောဒေသခံတစ်ဦးက “တော်လှန်ရေးအဖွဲ့က သူတို့ကိုဒရုန်းနဲ့ပစ်တော့ စကမတွေက မနေ့ညနေကတည်းက သူတို့အင်အားတိုးထားတာစံပယ်ဂူမှာ၊ ရွာသားတွေကတစ်ခုခုဖြစ်တော့မယ်ဆိုတာကိုလည်း ရိတ်မိနေပြီးသားပဲ၊ နောက်ပြီး စစ်သားတွေက အရပ်သားလိုမျိုး လှေနဲ့ ဖြတ်ပြီး သွားလာနေလည်းရှိတယ် ”ဟု ပြောသည်။

    ထို့ကြောင့် ကျိုက်မရောဒေသခံများအပြင် အခြားတစ်နယ်တစ်ကျေးမှ ခရီးသွားလာသူများ အဆိုပါလမ်းပိုင်းကို အသုံးပြုသွားလာမည်ဆိုပါက သတိရှိရန်နှင့် မလိုအပ်ဘဲ ခရီးသွားလာခြင်းမပြုရန်လည်း အထက်ပါယာဉ်မောင်းက တိုက်တွန်းထားသည်။

    စံပယ်ဂူတံတားအပြင် ပျားတောင်ဒေသဘက်တွင် စစ်ကော်မရှင်မှ အင်အားတိုးချဲ့မှုများ လုပ်ဆောင်နေသဖြင့် ဒေသခံပြည်သူများ စိုးရိမ်မကင်းဖြစ်နေသော်လည်း ထွက်ပြေးတိမ်းရှောင်သူ မရှိသေးကြောင်း သိရသည်။

    ပျားတောင်ဒေသအတွင်းတွင် ပါဝင်သည့် ကော့ဒွန်း၊ ကော့ပနောရွာရှိ ဒေသခံရွာသား တစ်ဝက်ကျော်တို့သည် စစ်ကော်မရှင်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်ခဲ့သည့် ၂၀၂၄ ခုနှစ်ကပင် မြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်နေကြသည်ဟုလည်း ဒေသခံများမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks