ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မြန်မာလူငယ်ခြောက်ဦးက ထိုင်းတက္ကသိုလ်ကျောင်းသားများကို ဓားဖြင့်တိုက်ခိုက်ခဲ့ပြီး ထိုင်းကျောင်းသားတစ်ဦး ဒဏ်ရာရရှိသွားကြောင်း ထိုင်းသတင်းများမှ ဖော်ပြချက်အရ သိရသည်။
ထိုင်းရဲတပ်ဖွဲ့၏ ပြောကြားချက်များအရ ပြီးခဲ့သည့် ဩဂုတ် ၂၉ ရက်နေ့ကထိုင်းကျောင်းသားအုပ်စုသည် ဈေးကြီးအနီး၌ ထိုင်နေစဉ် မြန်မာလူငယ်များက ဆိုင်ကယ်ဖြင့်ရောက်လာကာ ရန်ပြု၍ ဓားဖြင့် လိုက်လံခုတ်ခဲ့ကြောင်း ဆိုသည်။

အဆိုပါကျူးလွန်သူများသည် အသက် ၁၈ နှစ်မှ ၂၂ နှစ်အရွယ် မြန်မာရွှေ့ပြောင်းအလုပ်သမား လူငယ်များဖြစ်ပြီး ရှမ်းလူမျိုးများဖြစ်ကြောင်း ဖော်ပြထားသည်။
ယခုတိုက်ခိုက်မှုတွင် မြန်မာလူငယ်အုပ်စုနှင့် ရန်ငြိုးလည်းမရှိသလို သိကျွမ်းခြင်းလည်းမရှိကြောင်း ထိုင်းကျောင်းသားများက ဖြေကြားထားသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က CCTV မှတ်တမ်းများမှတစ်ဆင့် စုံစမ်းစစ်ဆေးပြီးနောက် ငါးဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး၊ တစ်ဦးလွတ်မြောက်နေဆဲဖြစ်ကြောင်း ဖူးထွဏ်းနယ်မြေရဲဌာနမှ တာဝန်ရှိသူများက ထိုင်းမီဒီယာများကို အတည်ပြုပြောကြားခဲ့သည်။
ဖမ်းဆီးခံရသူများအနေဖြင့် အရက်သေစာသောက်စားပြီး မူးယစ်နေစဉ် ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထားသည်ဟုလည်း ဆိုသည်။
လက်ရှိတွင် ဖမ်းမိထားသည့် အဆိုပါလူငယ်များအား အခြားသူများကို ထိခိုက်ဒဏ်ရာရစေမှုနှင့် အများပြည်သူနေရာများတွင် လက်နက်ကိုင်ဆောင်မှု စသည့်အမှုများဖြင့် အရေးယူထားပြီး သက်ဆိုင်ရာရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ထွက်ပြေးလွတ်မြောက်နေသည့် နောက်တစ်ဦးကိုလည်း ဖမ်းမိနိုင်ရေး ဆက်လက်စုံစမ်းနေသည်ဟု ဖူးထွဏ်းနယ်မြေ ရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောကြားထားကြောင်း သိရသည်။