spot_img
Thursday, February 26, 2026
More
    spot_img
    Homeသတင်းရေဖြူမြို့နယ် မရမ်းချောင်း‌ကျေးရွာအနီးတွင် မြေမြှပ်မိုင်း ၂ ကြိမ်နင်းမိပေါက်ကွဲမှုဖြစ်ပွား၊ ကလေးငယ်တစ်ဦးသေဆုံး

    ရေဖြူမြို့နယ် မရမ်းချောင်း‌ကျေးရွာအနီးတွင် မြေမြှပ်မိုင်း ၂ ကြိမ်နင်းမိပေါက်ကွဲမှုဖြစ်ပွား၊ ကလေးငယ်တစ်ဦးသေဆုံး

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ မရမ်းချောင်းကျေးရွာအနီး၊ အမှတ် ၈ ရေး- ထားဝယ်ကားလမ်းဘေးတွင် ယခုရက်ပိုင်းအတွင်း မြေမြှပ်မိုင်းနင်းမိပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ကလေးငယ်တစ်ဦး သေဆုံး၍ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    အဆိုပါ တစ်နေရာတည်းတွင်ပင် ယမန်နေ့ စက်တင်ဘာ ၁ ရက်နေ့က တစ်ကြိမ်နှင့်  သြဂုတ် ၃၀ ရက်နေ့က တစ်ကြိမ် ဒေသခံခရီးသွားလာသူများ နင်းမိပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

    ယမန်နေ့ စက်တင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းတွင် မရမ်းချောင်းရွာမှ ကလိန်အောင်ဘက်သို့ ဈေးဝယ်ရန် ဆိုင်ကယ်စီးနင်လာသည့် မိသားစုဝင်သုံးဦးသည် မရမ်းချောင်းရွာနှင့် ကော့လှိုင်ရွာကြားရှိ သစ်ကိုင်ဖြင့်လမ်းပိတ်ထားသည့် လမ်းမကြီးဘေးတွင် မြေမြှပ်မိုင်းနင်းမိခဲ့ကြောင်း ဒေသခံများက ပြောသည်။

    “ကားလမ်းကို သစ်ပင်တွေနဲ့လှဲပြီးပိတ်ထားတာ။ အဲ့ဆိုင်ကယ်က လမ်းပိတ်နေတော့ သွားမရလို့ဆင်းဖယ်တာ အဲ့ဒီမှာမိုင်းကထပေါက်တာ ဦးကိုဦးကတော့ ဒဏ်ရာတော်တော်ရသွားတယ်။ သူ့မိန်းမကတော့ဒဏ်ရာနည်းတယ် ကလေးကတော့ဆုံးသွားပြီး သုံးယောက်လုံးကတော့ မိသားစုဝင်ပဲ” ဟု ရေဖြူဒေသခံတစ်ဦးက ပြောသည်။

    မြေမြှပ်မိုင်းနင်းမိခြင်းကြောင့် အသက် ၅၀ ဝန်းကျင်အရွယ် ဦးကိုဦးနှင့် ဇနီးဖြစ်သူ အသက် ၃၀ ဝန်းကျင်ရှိ ဒေါ်ဇာခြည်မိုးတို့ ထိခိုက်ဒဏ်ရာရပြီး အသက် ၂ နှစ်ကျော်အရွယ် သားဖြစ်သူသေဆုံးခဲ့ရသည်။

    အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၃၀ရက်နေ့က ကလိန်အောင်မှ မရမ်းချောင်းရွာသို့ ဆိုင်ကယ်စီးနင်းလာသည့် လင်မယားနှစ်ဦးသည် အဆိုပါ‌သစ်ပင်ဖြတ်လှဲ၍ လမ်းပိတ်ထားသည့်နေရာကိုရှောင်ရန် လမ်းဘေးမှပတ်မောင်းရာမှ မြေမြှပ်မိုင်းနင်းမိခဲ့ပြီး အသက် ၃၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ခြေထောက်အရိုးကျိုးပြီးထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

    မရမ်းချောင်းကျေးရွာအနီး၊ ကားလမ်းမဘေးရှိ မြေမြှပ်မိုင်းများကြောင့် လက်ရှိအချိန်အထိ ကလေးငယ် ၁ ဦး သေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    အဆိုပါလမ်းပိုင်းနေရာတွင် စစ်ကော်မရှင်တပ်ဖွဲ့အပြင် တော်လှန်ရေးတပ်ဖွဲ့များလည်း သွားလာလှုပ်ရှားနေသည့်နေရာဖြစ်သဖြင့် မြေမြှပ်မိုင်းနှင့်ပတ်သတ်၍ အတိအကျပြောဆိုနိုင်ခြင်းမရှိသေးကြောင်း မြေပြင်ရောက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

    သို့သော် တိုက်ပွဲကာလအတွင်း ဒေသခံပြည်သူများအသွားအလာ အထူးဂရုပြုရန်နှင့် အရာဝတ္တုတစ်ခုခုဖြင့်ဖြစ်စေ၊ သစ်ပင်သစ်ကိုင်းဖြင့်ဖြစ်စေ လမ်းပိတ်ထားသည့်နေရာများကို သွားလာခြင်းလုံးဝမပြုရန် တိုက်တွန်းထားသည်။

    "တော်လှန်ရေးလဲ အဲ့ဘက်ရောက်သွားတာရှိတယ်။ စကစဘက်ကလဲရောက်သွားတာရှိတယ်ဆိုတော့လေ မိုင်းက ဘယ်သူမိုင်းလဲတော့သေချာမသိဘူး။  ဒေသခံတွေအနေနဲ့လဲ အဲဘက်ကဒေသနဲ့ ဝေးဝေးရှောင်စေချင်တယ်။ နောက်ပြီးတော့ ပိတ်ထားတဲ့နေရာတွေဆို မသွားတာအကောင်းဆုံး လက်ရှိက လမ်းပိတ်ထားတဲ့နေရာတွေမှာပဲ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာဆိုတော့လေ ဖြစ်နိုင်ရင် လုံးဝမသွားပါနဲ့ တော်လှန်ရေးဘက်ခြမ်းက သွားလို့ရပြီးလို့ အသိပေးလာမှ သွားစေချင်တယ်” ဟု ပြောသည်။

    ယခင်က ပုံမှန်သွားလာနိုင်ပြီး မြေမြှပ်မိုင်းနင်းမိပေါက်ကွဲမှုဖြစ်စဉ် မရှိခဲ့သော်လည်း လက်ရှိရေဖြူတိုက်ပွဲဖြစ်စဉ်အတွင်း နှစ်ဖက်လက်နက်ကိုင်အဖွဲ့မှ မြှပ်နှံထားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်လျှက်ရှိသည်။

    မြေမြှပ်မိုင်းကြောင်း ပြင်းထန်ဒဏ်ရာရရှိသူများကို ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူနေဆဲဖြစ်သည်။

    ရေဖြူမြို့နယ်တွင် နှစ်ပတ်ကြာ နေ့စဉ် စစ်ရေးတင်းမာနေသဖြင့် ရေး-ထားဝယ်လမ်းပိုင်း မလွှဲတောင် နှင့် ကလိန်အောင်အကြားရှိလမ်းပိုင်းကိုလည်း ယနေ့ စက်တင်ဘာလ ၂ ရက်အထိ ခရီးသွားလာခွင့်မပြုဘဲ လမ်းပိတ်ထားဆဲဖြစ်သည်ဟု ဒေသခံများနှင့် လမ်းပိုင်းအသုံးပြုသူများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks