လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲဆိုခံထားရတဲ့ အုပ်စုသည် မိမိတို့ ကရင်အမျိးသားအစည်းအရုံး (KNU) ကို အကြမ်းဖက်အုပ်စုဟု ကြေညာခြင်းက ယုတ္တိမရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU မှ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက IMNA ကို ပြောသည်။
စစ်ကော်မရှင်၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့စည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (င)နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ) ပါလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် KNU ကို အကြမ်းဖက်အုပ်စုအဖြစ် ဩဂုတ် ၂၈ ရက်မှာ ကြေညာခဲ့သည်။
နိုင်ငံတဝှမ်း ဘာသာရေး အဆောက်အအုံ၊ ပြည်သူတို့ကို နေ့စဉ်နှင့်အမျှ သတ်ဖြတ်သော စစ်အုပ်စုကို အကြမ်းဖက်အဖွဲ့အစည်းဆိုတာ တစ်ကမ္ဘာလုံးက သိရှိနေပြီးဖြစ်ကြောင်း၊ မိမိတို့ KNU ကို ပြန်၍ စွပ်စွဲခြင်းက ရယ်စရာကောင်းသော လုပ်ရပ်ဖြစ်ကြောင်း ပဒိုစောတောနီးက ပြောသည်။

“ဘာမှ ထူးထူးခြားခြားတော့ မရှိဘူးပေါ့လေ။ အထူးအဆန်းမှ မဟုတ်တာ၊ သူတို့က မုဒါဝါဒတွေ လျှောက်ပြောနေတာပဲ။ သူတို့ကိုယ်တိုင်က သတ်တာ ဖြတ်တာ လေယာဉ်ပျံနဲ့ ဗုံးကြဲပြီးတော့ ဘာသာရေး သာသနိကအဆောက်အအုံ မရှောင်၊ ဘုန်းကြီး မရှောင် အကုန်လုံး ပြန်ပစ်သတ်နေတဲ့ဟာကို သူတို့က အကုန်လုံးက အကြမ်းဖက်တဲ့လူတွေဆိုတာ တစ်ကမ္ဘာလုံးက သိနေပြီ။ ဒါပေမယ့် ကျနော်တို့ကို ပြန်ပြီးတော့ ယိုးစွပ်တာကတော့ တော်တော်ရီစရာကောင်းတဲ့ အလုပ်တွေပဲ ဘာဖြစ်လို့လဲဆိုတော့ ၁ တစ်ချက်က သက်သေပြလို့ရတယ်လေ ကမ္ဘာမှာ နာမည်ကြီးပြီး လူသိများနေတဲ့ ICJ တို့ ICC တို့ အာဂျင်တီးနားမှာ ခုံရုံးဖွဲ့ပြီးတော့ကို စွဲချက်တင်ခံရတဲ့သူက ကျနော်တို့မှ မဟုတ်တာ သူတို့တွေ ဖြစ်နေတယ်လေ။ သူတို့တွေ ဖြစ်နေတာဆိုတာ သူတို့တွေ အကြမ်းဖက်လို အဲဒီလို ဖြစ်နေတာကို ကပေါက်သိကပေါက်ချာ လျှောက်ပြောတော့ ဘာမှကို ယုတ်တိယုတ်တန် မရှိပါဘူး။ အဲဒါကြီးက “ဟု ၎င်းက ပြောသည်။
မိမိတို့ KNU ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်းကြောင့် မိမိတို့ နယ်မြေအတွင်းကို စစ်ကော်မရှင်တပ်က အကြမ်းဖက်မှုများ ဆက်တိုက်လုပ်ဆောင်လာနိုင်သဖြင့် ဒေသတွင်းနေ ပြည်သူလူထုတို့ သတိထားသွားလာကြရန် ပဒိုစောတောနီးက တိုက်တွန်းထားသည်။
KNU အနေဖြင့် အများပြည်သူတို့ အသုံးပြုလျက်ရှိသော လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်စီးခြင်း၊ လူနေထူထပ်သော မြို့ရွာများကို အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များချ၍ တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အတင်းအဓ္ဓမလူသစ်စုဆောင်းခြင်း၊ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာ နှင့် အသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိကြောင်း စစ်ကော်မရှင်က စွပ်စွဲထားသည်။
ထိုအပြင် နိုင်ငံတော်ယာယီသမ္မတသည် KNU နှင့် အဖွဲ့ဝင်များ၊ ယင်းအဖွဲ့က ဖွဲ့စည်းထားသော အဖွဲ့အစည်းများ၊ အဖွဲ့အစည်းများနှင့် ဆက်နွယ်သည့် ပုဂ္ဂိုလ်များ၏ ရည်ရွယ်ချက်နှင့် လုပ်ရပ်များမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးကိုလည်းကောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုလည်းကောင်း၊ အများပြည်သူတို့၏ အေးချမ်းသာယာရေးကိုလည်းကောင်း အနှောင့်အယှက်ဖြစ်စေသည်ဟု ယုံကြည်ယူဆသည့်တွက် KNU ကို မတရားအသင်းအဖြစ် ကြေညာကြောင်း ဩဂုတ် ၂၈ ရက်မှာပင် ထုတ်ပြန်ခဲ့သည်။
မိမိတို့ကို မတရားအသင်းဖြင့် ကြေညာမှုသည် မိတို့ KNU နှင့် ဆက်စပ်သူမျှအား ဒုက္ခပေးတော့မှာ ဖြစ်ကြောင်း၊ မိမိတို့အား အပြတ်ရှင်းလိုသည့် သဘောဖြစ်ကြောင်း ပဒိုစောတောနီးက ဆက်ပြောသည်။
“ဒုတိယအချက်က မတရားအသင်းပေါ့နော်၊ မတရားအသင်းဆိုတာကတော့ ရည်ရွယ်ချက်က ရှင်းရှင်းလေးပါ၊ ကျနော်တို့နဲ့ ဆက်စပ်တဲ့လူမှန်သမျှကို ဒုက္ခပေးတော့မှာလေ၊ အပြတ်ရှင်းချင်တဲ့သဘောတော့ ပြောတာပေါ့၊ ဒါတွေက အမှန်ကတော့ ပထမဦးဆုံးအဆင့်အနေနဲ့ကတော့ ကရင်လူမျိုးက ဆက်စပ်ရတာတော့ မှန်တယ်၊ ကျနော်တို့ KNU နဲ့ ဒါပေမဲ့ ဒီနေ့ ဒီအချိန်ကာလမှာ လူမျိုးတိုင်း၊ လူမျိုးတိုင်း တော်လှန်ရေးတွေ ဖြစ်ကုန်ပြီ။ တော်လှန်ရေးတွေ လုပ်နေကြပြီ အဲဒါကြောင့်မို့လို့ KNU နဲ့ မပတ်သက်တဲ့လူမျိုးဆိုတာ ရှိကိုမရှိတော့တာ ခုနောက်ဆုံး ၂၀၂၁ မှာ ဖြစ်ပေါ်လာတဲ့ ဗမာလူမျိုးတွေ လုပ်ဆောင်နေတဲ့ တော်လှန်ရေးဟာ ကျနော်တို့နဲ့ ဘယ်လိုမှ ကင်းကွာလို့ မရဘူး။ ကျနော်တို့ နယ်မြေထဲမှာ ဒီကော့ကရိတ်ရော၊ ဒီမြဝတီရော လူမျိုးအနေအထားကြည့်ရင် ဗမာလူမျိုးက ပိုတောင်များသေးတယ်။ အခုကျနော်တို့ ဝိုင်းပတ်ပိတ်ဆို့နေတဲ့ ဝေါလေတို့ ဖလူးဆိုတာ သွားကြည့်လိုက် လူဦးရေအားဖြင့်ဆိုတာ ဗမာလူမျိုးတွေပဲ များတယ်၊ ဗမာစကားပြောတဲ့ လူတွေပဲ ပိုများတယ်။ ဒါပေမဲ့ ဒီလူတွေဟာ ကျနော်တို့ ဘယ်လိုမှ ခွဲခြား ဆက်ဆံလို့ မရဘူး” ဟု ပြောသည်။
စစ်အာဏာရှင် ဖြုတ်ချရေးအတွက် တော်လှန်ရေး အင်အားစုများနှင့် ပြည်သူလူထုတို့ တသားတည်းရှိနေမှုကို ခွဲခြားခြင်းက မဖြစ်နိုင်ကြောင်း၊ ဒါကြောင့် စစ်ကော်မရှင်၏ ရည်မှန်းချက်များ၊ လုပ်ဆောင်ချက်များက အောင်မြင်မှာ မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိတွင်လည်း စစ်ကောင်မရှင် နှင့် KNU ပူးပေါင်း မဟာမိတ်တို့အကြား ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း နှင် ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။