spot_img
Thursday, February 26, 2026
More
    spot_img
    Homeသတင်းမြဝတီမြို့တွင် အသက် ၃ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် မိသားစုဝင် ၃ ဦး ပစ်သတ်ခံရ

    မြဝတီမြို့တွင် အသက် ၃ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် မိသားစုဝင် ၃ ဦး ပစ်သတ်ခံရ

    -

    ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၄) ရက်ကွက်တွင် အသက် ၃ နှစ်အရွယ်ကလေးအပါအဝင် မိသားစုဝင် ၃ ဦးကို အမည်မသိလူ ၁ ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်ဟု မြို့ခံများမှ သိရသည်။

    ယမန်‌နေ့ ဩဂုတ်လ ၂၇ ရက် ည ၈ နာရီအချိန်ခန့်က မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ပြည်သာယာ (၃)လမ်းတွင် အနှိပ်ခန်းဖွင့်လှစ်လုပ်ကိုင်နေသည့် အဆိုပါမိသားစုသည် ၎င်းတို့ဆိုင်ရှေ့၌ ထိုင်နေစဉ် အရပ်ဝတ်ဝတ်ဆင်ထားသည့် အမည်မသိသေနတ်သမားတစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက်၍ ပစ်ခတ်ခဲ့သည်ဟု မြို့ခံအမျိူးသမီးတစ်ဦးက ပြောသည်။

    ပစ်ခတ်ခံရမှုကြောင့် ဖခင်နှင့် သားဖြစ်သူ အသက် ၃ နှစ်အရွယ်ကလေးငယ်သည် အခင်းဖြစ်ရာနေရာတွင် ‌သေဆုံးခဲ့ပြီး၊ မိခင်ဖြစ်သူသည် ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း သိရသည်။

    “ည ၈နာရီလောက်မှာ ‌သေနတ်သမားက အရပ်ဝတ်နဲ့ပဲ ဝင်လာပြီးတော့ သူတို့ကိုပစ်သတ်လိုက်တာ။ ကလေးနဲ့သူ့အဖေကတော့အဲမှာပဲ သေသွားတယ် သူ့အမေက ဆေးရုံးသွားတဲ့လမ်းမှာ သေသွားတယ်။ သူတို့က အနှိပ်ဆိုင်ဖွင့်ထားတာ သူ့သားကလဲ ၂နှစ်နဲ့ ၉လပဲရှိသေးတယ် သေနတ်သမားကိုလဲ မမိသေးဘူး” ဟု မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

    အဆိုပါ မိသားစုဝင်၏အလောင်းကို မြဝတီပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံတွင် ပို့ဆောင်ထားပြီး ရင်ခွဲစစ်ဆေးမှုပြုလုပ်နေကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

    အခင်းဖြစ်ပွားပြီးနောက် စစ်ကော်မရှင်ရဲတပ်ဖွဲ့မှ လာရောက်စစ်ဆေးမှုလုပ်ဆောင်နေပြီး ပစ်မှုကျူးလွန်သူကို ဖမ်းဆီးနိုင်ရေး မြဝတီမြို့မရဲစခန်း၌ ‌အမှုဖွင့်လှစ်ထားကြောင်းသိရသည်။

    “လောလောဆယ် သူတို့အလောင်းက ဆေးရုံးမှာပဲရှိနေတယ် နားရေးက ဘယ်အချိန်လုပ်မယ်ဆိုတာ မသိသေးဘူး သေနတ်သမားကိုလဲ မမိသေးတော့ အမှုလဲဖွင့်ထားတယ်လို့ကြားနေတာပဲ ဒီလိုအသတ်ခံနေရတာကလဲ ဖြစ်နေတာ ဒီတခါတည်းမဟုတ်ဘူး။ ဒီလိုဖြစ်တိုင်းက သတ်နတ်သမားကို တစ်ခါမှ မမိကြဘူး” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

    သေဆုံးသွားသည့် အဆိုပါမိသားစုတွင် ယခင်ကရန်ညှိုးရန်စရှိမရှိကို အတည်မပြုနိုင်သော်လည်း မြဝတီမြို့ပေါ်တွင် အနှိပ်ခန်းလုပ်ငန်းလုပ်ကိုင်သူ၊ လောင်းကစားဝိုင်းဖွင့်လှစ်ထားသူနှင့် အခြားတရားမဝင်လုပ်ငန်းလုပ်ကိုင်နေသူများသည် ဒေသတွင်း လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သတ်မှုရှိနေကြကြောင်းလည်း မြို့ခံများက ဆိုသည်။

    ပြီးခဲ့သည့် ဩဂုတ် ၂၄ ရက်နေ့တွင်လည်း မြဝတီမြို့ အမှတ် (၄) မြေနီကုန်းရပ်ကွက်တွင် မိသားစုနှင့် ရာအိမ်မှူးကိုဆဲဆိုပြီး ရမ်းကားနေသူ အရပ်သားတစ်ဦးကို ရိုက်နှက်ပြီး ဒေသတွင်းအဖွဲ့အစည်းတစ်ခုထံ အပ်နှံထားရာမှ တစ်ရက်အကြာတွင် သေဆုံးသွားခဲ့သေးသည်။

    မြဝတီမြို့တွင် စစ်ကောင်စီတပ်ဖွဲ့အပါအဝင် ကရင်နယ်ခြားစောင့်တပ်ဖွဲ့များ၊ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် (DKBA) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA (PC) စသည့် လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်နေကြသော်လည်း တရားဥပဒေစိုးမျိုးမှု အားနည်းနေသည်ဟု မြို့ခံများက ပြောဆိုလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks