Wednesday, March 18, 2026
More
    spot_img
    Homeသတင်းရေဖြူမြို့နယ်တွင် တိုက်ပွဲပြင်းထန်ခဲ့သည့် ၇ ရက်တာအတွင်း စစ်ကောင်စီဘက်မှ ၃၆ ဦးထက်မနည်းသေဆုံးဟု MSRF ထုတ်ပြန်

    ရေဖြူမြို့နယ်တွင် တိုက်ပွဲပြင်းထန်ခဲ့သည့် ၇ ရက်တာအတွင်း စစ်ကောင်စီဘက်မှ ၃၆ ဦးထက်မနည်းသေဆုံးဟု MSRF ထုတ်ပြန်

    -

    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာနှင့် မရမ်းချောင်းကျေးရွာအနီး၌ စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကြား ဩဂုတ်လ ၁၉ မှ  ၂၅ ရက်နေ့အထိ တိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၆ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)မှ ထုတ်ပြန်ထားသည်။

    ကလိန်အောင်အခြေစိုက် ခလရ-၂၈၂ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့ပြီး ကော့လှိုင်ကျေးရွာနှင့် မရမ်းချောင်းကျေးရွာကြား အင်အား ၁၅၀ ဖြင့် စစ်ကြောင်းထိုးလာသည့် သြဂုတ် ၁၉ ရက်နေ့မှစ၍ နှစ်ဖက်တိုက်ပွဲ စတင်ပြင်းထန်လာခဲ့သည်။

    ၇ ရက်တာအတွင်း ထိတွေ့တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်မှ လက်နက်ကြီး၊လက်နက်ငယ်အပြင် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဖော်ပြထားသည်။

    အဆိုပါတိုက်ပွဲများတွင် ရန်သူစစ်ကောင်စီဘက်မှ အနည်းဆုံး ၃၆ ဦးသေဆုံးခဲ့ပြီး၊ ခမရ-၄၀၉ တပ်ရင်းမှ ဗိုလ်မှူးအပါအဝင် စစ်သားအများအပြားဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

    ယနေ့အထိ ရေဖြူ-ကလိန်အောင်လမ်းပိုင်းတွင် စစ်ရေးအခြေအနေများ ဆက်လက်တင်းမာလျှက်ရှိပြီး၊ ကော့လှိုင်၊ မရမ်းချောင်း၊ မိုင် ၆၀၊ သာယာမွန်ရွာအပါအဝင် ကျေးရွာ ၈ ရွာမှ ဒေသခံ ၅၀၀၀ နီးပါး ဘေးလွတ်ရာ နေရာများသို့ တိမ်းရှောင်နေကြရသည်။

    စစ်ကော်မရှင် စစ်ကြောင်းအဖွဲ့ကို တိုက်ခိုက်နေသည့် တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များတွင် ညီနောင်တပ်ဖွဲ့ဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ် MSRF နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ ၃၃၊ ရာမညမွန်တပ်‌‌တော် R.M.A၊ ဒေါနစစ်ကြောင်း -(၂) YGF၊ ဒေါနစစ်ကြောင်း – (၃) KBDF ၊ ရေးဘီလူးတပ်ရင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ရင်း (၁)၊ ရေးသိန်းငှက်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၆) တပ်ရင်း (၂၇) နှင့် ကြယ်လင်းရောင်(ဆာကပေါ)တပ်ရင်း  KTLA တို့ပူးပေါင်းပါဝင်ခဲ့နေကြောင်း  MSRF မှအချက်အလက်အရ သိရသည်။

    တိုက်ပွဲများအတွင်း တော်လှန်ရေးမဟာမိတ်ဘက်မှ ထိခိုက်မှုအခြေအနေကို ထုတ်ပြန်ထားခြင်းမရှိသေးသည့်အပြင် ပြောဆိုခွင့်လည်းမရှိသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူများမှ ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks