စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမဝင် အတုအယောင်ရွေးကောက်ပွဲသာဖြစ်သည့်အတွက် ဆန့်ကျင်တိုက်ခိုက်သွားမည်ဖြစ်ဟု တော်လှန်ရေးအင်အားစုအသီးသီးတို့က သဘောထားထုတ်ပြန်လျက်ရှိကြသည်။
၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ မြို့နယ်ပေါင်း (၁၀၂) ခုတို့တွင် ကျင်းပရန် စစ်ကော်ရှင်က စီစဥ်နေသည်။
ရွေးကောက်ပွဲကျင်းပမည့်ရက်နှင့် မြို့နယ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတိအကျ ထုတ်ပြန်လာသည့်နောက် စစ်ကော်မရှင်တပ်တို့က ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးနေရာယူရန် စစ်အင်အားအမြောက်အမြားဖြင့် မြို့နယ်တိုင်းတွင် စစ်ကြောင်းများ ထိုးဝင်လာနေသည်။
ထိုသို့ ဝင်ရောက်လာသည့် စစ်ကြောင်းများကို ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့တို့က ချေမှုန်းတိုက်ခိုက်နေရသည့်အတွက် ရွေးကောက်ပွဲ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်မှု အားနည်းလာနေသည်။
လက်ရှိတွင် ရွေးကောက်ပွဲကျင်းပရေးအတွက် ဝင်ရောက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းများကို ဆန့်ကျင်တိုက်ခိုက်နေပြီး ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးအစီအစဉ်နှင့် ရွေးကောက်ပွဲ အောင်မြင်စွာ မကျင်းပနိုင်အောင်လည်း ဆန့်ကျင်တိုက်ခိုက်သွားမည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နိုင်မွန်စိုင်းက ပြောသည်။

“ကျနော်တို့ ဆန့်ကျင်တိုက်ခိုက်သွားမှာပါ။ ပုံစံနှစ်မျိုးနဲ့ အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်။ ပထမအစီအစဉ်က ပြည်သူလူထုနဲ့ အစိုးရဝန်ထမ်းတွေကို ရွေးကောက်ပွဲမှာ မပါဝင်စေဖို့ မပူးပေါင်းဖို့ကို အသိပညာပေးအစီအစဉ်တွေ လုပ်နေတယ်ပေါ့နော်။ နောက်တစ်ခုက ကျနော်တို့ထိန်းချုပ်ထားတဲ့ နယ်မြေဒေသမှာ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင်လည်း အောင်မြင်အောင် မကျင်းပနိုင်ဖို့တော့ ကျနော်တို့ လုပ်သွားရမှာပါ။ ပြည်သူတွေ၊ ဝန်ထမ်းတွေအနေနဲ့ စစ်ကော်မရှင်အဖွဲ့ နဲ့အတူ ခရီးမသွားလာဖို့ သတိပေးချင်တယ်။ ကျနော်တို့ဦးတည်ချက်က ပြည်သူတွေ မဟုတ်ဘူး၊ လက်နက်ကိုင်ထားတဲ့ စစ်ကော်မရှင်အဖွဲ့တွေနဲ့ ဝင်လာတဲ့ စစ်ကြောင်းတွေကိုသာ ဆန့်ကျင်တိုက်ခိုက်သွားဖို့ပါ” ဟု နိုင်မွန်စိုင်းက ပြောသည်။
ထိုအပြင် စစ်ကော်မရှင်၏ နိုင်ငံရေး ထွက်ပေါက်ဖြစ်သည့် ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ကျင်းပရေးအတွက် နိုင်ငံရေးပါတီအပြင် ပြည်သူလူထုများကို အတင်းအဓမ္မဖိအားပေးနေပြီး ရွေးကောက်ပွဲကာလအတွင်း စစ်ကော်မရှင်မှ လူအခွင့်အရေးချိုးဖောက်နေမှု အချက်အလက်များကို စုဆောင်းကာ နိုင်ငံတကာသို့ တင်ပြသွားမည်ဟု ဆိုသည်။
“သူတို့(စစ်ကော်မရှင်) ရွေးကောက်ပွဲဖြစ်ဖို့ ပြည်သူတွေ ဒုက္ခခံနေရတာ၊ ရွေးကောက်ပွဲကြောင့် သွေးထွက်သံယိုမှုတွေ ပိုဖြစ်လာနေတာ၊ နိုင်ငံရေးပါတီစုံ ပါဝင်ခွင့် မရှိတဲ့ ဒီရွေးကောက်ပွဲက တရားမျှတပြီး လွတ်လပ်မှု မရှိနေဘူးဆိုတာကို နိုင်ငံတကာကို တင်ပြသွားမှာပါ။ ဒါကိုလည်း ကျနော်တို့ စီစဉ်ထားတယ်” ဟု နိုင်မွန်စိုင်းက ဆက်ပြောသည်။
ရွေးကောက်ပွဲကျင်းပရာတွင် နိုင်ငံရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ နှင့် ပြည်သူလူထုအားလုံး ပါဝင်ရမည်ဖြစ်ပြီး အားလုံးပါဝင်ခြင်း မရှိဘဲ ရွေးကောက်ပွဲကျင်းပပါက စစ်ကော်မရှင်အဖွဲ့တို့၏ အလိုကျ ပြုလုပ်သည့် ရွေးကောက်ပွဲသာဖြစ်သည်။
စစ်ကော်မရှင်အနေဖြင့် ၎င်းတို့ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ရည်ရွယ်ပြီး ပြည်သူလူထုနေထိုင်ရာ နေရာများကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းနှင့် ကြီးမားသည့် စစ်ရာဇဝတ်မှုများကို တစ်နေ့ထက်တစ်နေ့ ပိုမိုကျူးလွန်လာနေသည်။
ပြည်သူများအနေဖြင့်လည်း စစ်အုပ်စုကို အသာစီးရယူရေးနှင့် အာဏာရှင်စနစ် တည်မြဲအားကောင်းအောင် ရည်ရွယ်ပြီး ကျင်းပမည့် တရားမဝင်ရွေးကောက်ပွဲအတွင်း ပူးပေါင်းပါဝင်ခြင်း၊ အားပေးဆောင်ရွက်ခြင်း မပြုလုပ်ကြရန်၊ ပြတ်သားစွာ ဆန့်ကျင်အရေးယူသွားမည်ဟု ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ကော့သောင်းခရိုင် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျားကြီးက ပြောသည်။
“ကျနော်တို့တော်လှန်ရေးဘက်က အကြိမ်ကြိမ်သတိပေးထားပါလျက်နဲ့ စစ်ကော်မရှင်နဲ့ ပူးပေါင်းပါနေလို့ အကြောင်းတစ်စုံတစ်ရာကြောင့် နစ်နာထိခိုက်လာခဲ့မယ်ဆိုရင် ကျနော်တို့ကတော့ လုံးဝတာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူး။ အဲတော့ အတတ်နိုင်ဆုံး စစ်ကော်မရှင်အဖွဲ့နဲ့ နေထိုင်သွားလာတာတွေ မလုပ်ကြပါနဲ့၊ ရှောင်ကြပါ၊ ဆင်ခြင်ကြပါ” ဟု ကိုကျားကြီးက ပြောသည်။
တော်လှန်ရေးထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး စစ်ကော်မရှင်ဘက်မှ ကြိုးပမ်းလာပါက တိုက်ဖျက်ချေမှုန်းသွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ ၃၃ စစ်ဆင်ရေးမှူး စောဒါးကိုက ပြောသည်။
“တော်လှန်ရေးထိန်းချုပ်နယ်မြေမှာ ရွေးကောက်ပွဲလုပ်လို့မရဘူးဆိုတာကို ကျနော်တို့ သတ်မှတ်ထားပြီသားပါ။ လုပ်မယ်ဆိုရင်လည်း လုပ်လို့မရအောင်တော့ တားဆီးရမှာ ဖြစ်တယ်။ ခေတ်အာဏာရှင်ခေတ်အဆက်ဆက်က ဒီလိုပဲ လိမ်လည်လာတာ၊ ရိုးသွားပြီ။ ရွေးကောက်ပွဲပြီးရင် လည်း နောက်လည်း ဒီလိုပဲ ဆက်လုပ်နေမှာပါ” စောဒါးကိုက ပြောသည်။
စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် လုံခြုံရေးယူနိုင်ရန်နှင့် နယ်မြေထိန်းချုပ်နိုင်ရန် အတွက် တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်နယ်မြေများအပြင် ၎င်းတို့လက်လွှတ်ဆုံးရှုံးထားသည့် နယ်မြေများကို တပ်အင်အားအမြောက်အမြားဖြင့် စစ်ရေးလှုပ်ရှားမှုများ အပြင်းအထန် လုပ်ဆောင်နေသည့်အတွက် နိုင်ငံအနှံ့တွင် ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားနေသည်။
ထိုကြောင့် ရွေးကောက်ပွဲက လက်ရှိနိုင်ငံရေးအကျပ်အတည်း၏ အဖြေမဟုတ်သလို ရွေးကောက်ပွဲကြောင့်သာ ပဋိပက္ခများ ပိုမိုပြင်းထန်လာစေရုံသာမက ဒေသတွင်း မတည်ငြိမ်မှုကိုပါ ဆက်လက်ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။