spot_img
Wednesday, February 25, 2026
More
    spot_img
    Homeဆောင်းပါးရေဖြူစစ်ရှောင်များ ဘယ်လိုအခက်အခဲ ဖြစ်နေကြလဲ

    ရေဖြူစစ်ရှောင်များ ဘယ်လိုအခက်အခဲ ဖြစ်နေကြလဲ

    -

    ရေဖြူမြို့နယ်၊ ရေး-ထားဝယ်၊ အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ်ရှိ ကလိန်အောင်နှင့် မလွှဲတောင်လမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်လာမှုကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံပြည်သူထောင်ချီတို့က နေရပ်စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

    ရေဖြူဒေသတိုက်ပွဲကို သြဂုတ်လလယ်ခန့်ကစပြီး နယ်မြေရှင်းလင်းရေးဆိုသည့် ခေါင်းစဉ်ဖြင့် ဒေသတွင်းရှိ စစ်ကော်မရှင်တပ်ရင်းအသီးသီးတို့မှ ကျေးရွာဘက်တို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် မွန်၊ ကရင်နှင့် ထားဝယ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

    အဆိုပါတိုက်ပွဲကို ကော့လှိုင်နှင့် မရမ်းချောင်းကျေးရွာတို့တွင် စတင်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်များ ဆုတ်ခွာရာလမ်းတစ်လျှောက်တွင် စစ်ကော်မရှင်၏ မောရဝတီရေတပ်နှင့် တပ်ရင်းအသီးသီးမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်လာမှုအပြင် စစ်ကြောင်းများလည်း ထိုးဝင်လာခဲ့သည်။

    ထိုအခြေအနေကြောင့် ကော့လှိုင်၊ မရမ်းချောင်း၊ မိုင် (၆၀)၊ မိုင် (၆၂)၊ သာယာမွန်၊ ရာဖူး၊ အလယ်စခန်း၊ ကျွဲတလင်း၊ လော့သိုင်း၊ ကျောက္ကဒင်စသည့်ကျေးရွာများမှ ဒေသခံထောင်ချီတို့က နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ရေဖြူစစ်ရှောင်ပြည်သူတို့က ပြောသည်။

    “အစကတော့ မရမ်းချောင်းမှာ စဖြစ်တာ၊ အဲကနေ တစတစ ကျေးရွာဘက်တွေကို စစ်ကြောင်းတွေ ထိုးဝင်လာတယ်။ ရေတပ်ကနေရော၊ တပ်ရင်းတွေကနေရော လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လာတော့ ကြောက်လန့်ပြီး ပြေးကုန်ကြတာပေါ့။ အဲဒီဘက်ရွာတွေကလည်း အကုန်လုံးက နီးနီးကပ်ကပ်ပဲလေ၊ တစ်တိုင်နှစ်တိုင်လောက်ပဲ ကွာတာဆိုတော့ မနေရဲတော့လို့ အကုန်ပြေးကုန်ကြတာပေါ့” ဟု စစ်ရှောင်နေရသည့် ကျောင်းထိုင်ဆရာတော်တစ်ပါးက မိန့်ကြားသည်။

    ရေဖြူဒေသမှ စစ်ရှောင်ပြည်သူထောင်ချီအနက် ၇၀၀ ကျော်တို့က မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် ထိန်းချုပ်နယ်မြေသို့ တစ်စုတစ်စည်းတည်း ရောက်ရှိလာခဲ့ကြသည်။

    စစ်ရှောင်ပြည်သူထဲတွင် အမျိုးသမီး၊ ကလေးသူငယ်၊ သက်ကြီးရွယ်အိုနှင့် ကျန်းမာရေးမသန်စွမ်းသူများလည်း ပါဝင်နေပြီး မိုးတွင်းကာလဖြစ်တာကြောင့် ဌက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဝမ်းရောဂါ စသည့် ကူးစက်ရောဂါများ ဖြစ်ပွားလာမည်ကို စိုးရိမ်းရသည်။

    ထိုအပြင် စစ်ရှောင်ပြည်သူ လူဦးရေ ၇၀၀ ကျော်အတွက် နေ့စဉ်ကျွေးမွေးနိုင်ရေး အခက်အခဲ ဖြစ်ပွားနေပြီး ဆန်၊ ရိက္ခာနှင့် ဆေးဝါးများလည်း လိုအပ်နေသည်။

    လက်ရှိတွင် မလွှဲတောင်စစ်ဆေးဂိတ်ကို ဖြတ်သန်းသွားလာခွင့် ကန့်သတ်ပိတ်ပင်ထားပြီး စစ်ရှောင်ကူညီရေးအဖွဲ့များ လာရောက်နိုင်ခြင်း မရှိသည့်အတွက် စစ်ရှောင်များအတွက် အကူအညီများ တစ်စုံတစ်ရာမျှ မရရှိသေးဟု မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “ကျနော်တို့မှာ လူအရေအတွက် ၇၀၀ လောက် ရောက်လာတယ်။ ချက်ချင်းရောက်လာတော့ စားဖို့၊ သောက်ဖို့ အခက်အခဲဖြစ်တာပေါ့နော်။ ကျနော်တို့လည်း ကူညီရေးအဖွဲ့တွေနဲ့ အဆက်အသွယ်ယူနေ တုန်းပါ။ လောလောဆယ်တော့ စားဖို့ရယ်၊ အဝတ်အစားတွေပေါ့နော်။ တစ်ချို့က ဘာပစ္စည်းမှယူမမှီလာဘူးလေ။ အခုချိန်အထိတော့ ဘာအကူအညီမှ ရောက်မလာသေးဘူး။ ဒီဘက်လာဖို့က ခက်ခဲတယ်ပေါ့နော်။ မလွှဲတောင်မှာ ဖြတ်ဖို့ အခက်အခဲဖြစ်နေကြတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

    ထိုကြောင့် စစ်ရှောင်ကူညီရေးအဖွဲ့များ လာရောက်ကူညီရာတွင် မလွှဲတောင်စစ်ဆေးဂိတ်ကို အလွယ်တကူဖြတ်သန်းခွင့်ပေးရေးအတွက် မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းတာဝန်ရှိသူနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတို့က ဆွေးနွေးညှိနှိုင်းလျှက်ရှိကြောင်း သိရသည်။

    မလွှဲတောင်စစ်ဆေးဂိတ်ကို ဖြတ်သန်ခွင့် ကန့်သတ်ပိတ်ပင်ထားသည့်အတွက် တခြားဘေးလွတ်ရာ ဒေသသို့ တိမ်းရှောင်ရန် အခက်အခဲဖြစ်နေပြီး စားဝတ်နေရေးလည်း အဆင်မပြေကြောင်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းသို့ တိမ်းရှောင်ထွက်ပြေးလာသည့် စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။

    “မလွှဲတောင်ကို ပိတ်ထားလို့ ဟိုဘက်ကို သွားလို့မရတော့ဘူးလေ။ အခုထိတော့ ဘယ်သူကိုမှ ပေးမဖြတ်သေးဘူး။ စစ်ရှောင်တွေက စားဖို့၊ သောက်ဖို့က တအားခက်ခဲတာပေါ့။ ဆွေမျိုးအိမ် ရှိတဲ့လူဆို နည်းနည်းကောင်းသေးတယ်။ မဟုတ်ရင် တအားအခက်အခဲဖြစ်မှာ” ဟု အထက်ပါ စစ်ရှောင်လာသူက ပြောသည်။

    မရမ်းချောင်းမှ စတင်ဖြစ်ပွားခဲ့သည့် ရေဖြူဒေသတိုက်ပွဲကို သာယာမွန်ကျေးရွာအထိ ရောက်ရှိလာပြီး စစ်ဘေးရှောင်သူဦးရေးလည်း ထပ်မံတိုးပွားလာမည့် အခြေအနေရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks