spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းရေဖြူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ ရေးမြို့နယ်ဘက်သို့ ထပ်မံပြောင်းရွှေ့တိမ်းရှောင်

    ရေဖြူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ ရေးမြို့နယ်ဘက်သို့ ထပ်မံပြောင်းရွှေ့တိမ်းရှောင်

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်နေသူများ လုံခြုံရေးအခြေအနေအပြင် စားနပ်ရိက္ခာတင်သွင်းခွင့် ကန့်သတ်ခံရမည်ကို စိုးရိမ်ရသဖြင့်  ရေးမြို့နယ်ဘက်သို့ ထပ်မံပြောင်းရွှေ့ခဲ့ကြကြောင်း ဒေသတွင်းသတင်းရင်းမြစ်များမှ သိရသည်။

    ကလိန်အောင်နှင့် မလွှဲတောင်လမ်းပိုင်းတစ်လျှောက် ဩဂုတ်လ ၂၁ ရက်နေ့မှစ၍ တိုက်ပွဲပြင်းထန်နေသဖြင့် အဆိုပါလမ်းပိုင်းရှိ ကျေးရွာ ၅ ရွာထက်မနည်းမှ ဒေသခံများ တနသာၤရီ- မွန်ဒေသအစပ်ရှိရွာများအတွင်း ယာယီပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း သိရသည်။

    တိုက်ပွဲကြောင့် လက်နက်ကြီးလက်နက်ငယ်ဖြင့် ပစ်ခတ်ခံရမှုဆက်တိုက်ရှိနေဆဲဖြစ်ပြီး မလွှဲတောင်စစ်ဆေးရေးဂိတ်မှ စားနပ်ရိက္ခာတင်သွင်းခွင့် ကန့်သတ်လိုက်မည်ကို စိုးရိမ်နေရသည့်အတွက် ပြောင်းရွှေ့သွားကြကြောင်း ဒေသခံအမျိုးသားများသာ ကျန်ရှိတော့ကြောင်း ရေဖြူဒေသခံတစ်ဦးက ဆိုသည်။

    “မနေ့က ကျနော်တို့ အလယ်စခန်းဘုန်းကြီးကျောင်းမှာ ထွက်ပြေးလာတဲ့သူတွေအပြည့်ပဲ ဒီနေ့ကြည့်လိုက်တော့ ဘယ်သူမှမရှိတော့ဘူး၊ ရေးမြို့ကို ပြောင်းသွားကြကုန်ပြီး ဘာလို့ဆို ဒီမှာနေဖို့က အဆင်မပြေဘူးလေ ဆန်သွင်းဖို့ကလည်း ကန့်သတ်ထားတယ်၊ ဆေးဝါးတွေလည်း မရှိဘူး။ မနီးသေးပေမဲ့ လက်နက်ကြီးသံတွေနေ့တိုင်းကြားနေတော့ ရေးမြို့ကိုပြောင်းသွားကြတယ်။ ပိုလုံခြုံတယ်လေ” ဟု  IMNA ကို ပြောသည်။

    လုံခြုံရေးအခြေအနေကြောင့် ကလိန်အောင်-မလွှဲတောင်လမ်းပိုင်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ ယမန်နေ့နံနက်ပိုင်းမှစ၍ လက်ရှိအချိန်အထိ ပိတ်ထားဆဲဖြစ်သော်လည်း ရေဖြူမှ ရေးမြို့နယ်အထွက်ဘက်သို့ သွားလာနိုင်ကြောင်း သိရသည်။

    “ဒီထားဝယ်ဘက်ကို ဆင်းသွားမည်လမ်းက တိုက်ပွဲနေ့တိုင်းဖြစ်နေတော့ သွားလို့မရဘူး။ ရေးဘက်ကို တက်တဲ့လမ်းတစ်ခုပဲသုံးလို့ရတယ်။ အခုက လမ်းနှစ်ဖက်က တက်တဲ့လမ်းကိုတော့ သွားလို့ရတယ်။ ဆင်းတဲ့လမ်းကို သုံးလို့မရဘူး။ ကားသမားတွေ ညကလမ်းမှာအကုန်အိမ်ခဲ့ရတယ်” ဟု ကျွဲတလင်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    ထို့အပြင် ဒေသခံအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေသည့် မရမ်းချောင်းနှင့် သာယာမွန်ကျေးရွာအတွင်းတွင် စစ်ကော်မရှင် စစ်ကြောင်းအဖွဲ့တို့ တပ်စွဲနေထိုင်နေဆဲဖြစ်ပြီး နေအိမ်များအားလုံးနီးပါး ဖောက်ထွင်းမွှေနှောက်ပြီး အိမ်အတွင်းရှိ ပစ္စည်းများအားလုံးကို ကားဖြင့်သယ်ဆောင်နေကြောင်း သိရသည်။

    လက်ရှိတွင် ရေဖြူမြို့နယ်ဘက်မှ အစိုးရစာသင်ကျောင်း ၉ ကျောင်းအထိ ပိတ်ထားရသဖြင့် စစ်ရှောင်ကျောင်းသားကျောင်းသူများသည်လည်း ရေးမြို့ပေါ်ရှိကျောင်းများနှင့်နီးစပ်ရာ လုံခြုံသည့်စာသင်ကျောင်းများသို့ စာသင်ကြားခွင့်ရရန် ပြောင်းရွှေ့နေကြသည်ဟု သိရသည်။

    ရေးမြို့အခြေစိုက် အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ ၁၉ လက်အောက်ခံတပ်များဖြစ်သည့် ခလရ-၄၀၈၊ ၄၀၉၊ ၄၁၀နှင့် ကံပေါက်အခြေစိုက် ခလရ-၂၇၃၊ ရေဖြူမြို့နယ် ကော့လှိုင်ရွာအနီးရှိ ခလရ-၂၈၂ တပ်ရင်းအသီးသီးမှ စုပေါင်းအင်အားဖြင့် စစ်ကြောင်း ၄ ကြောင်း ခွဲကာ ကလိန်အောင်နှင့် မလွှဲတောင်လမ်းပိုင်းရှိ ကျေးရွာများဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်နေသဖြင့် ယခုရက်ပိုင်းအတွင် တိုက်ပွဲများပြင်းထန်နေခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks