spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းလယ်ခရုများကြောင့် ပေါင်မြို့နယ်စပါးခင်းများ ပျက်စီးမှုများနေ

    လယ်ခရုများကြောင့် ပေါင်မြို့နယ်စပါးခင်းများ ပျက်စီးမှုများနေ

    -

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ စပါးစိုက်ခင်းများ ဖြုတ်ပိုးနှင့် လယ်ခရုဖျက်ဆီးမှုကြောင့် စပါးဧကထောင်နှင့်ချီ ပျက်စီးဆုံးရှုံးမှုရှိနေပြီး နှိမ်နင်းရန်နှင့် ပြန်လည်စိုက်ပျိုးရန် အခက်အခဲရှိနေကြောင်း စပါးစိုက်တောင်သူများထံမှ သိရသည်။

    ခရုများကို လိုက်လံကောက်ယူပြီး၊ ဆေးဖြန်းခြင်း၊ စပါးပြန်လည်စိုက်ပျိုးခြင်းများ လုပ်ဆောင်နေသော်လည်း မျိုးပွားမှုမြန်ဆန်ပြီး ရက်ပိုင်းအတွင်း ပြန်လည်ဖျက်ဆီးနေသဖြင့် အကြိမ်ကြိမ်လုပ်ဆောင်နေရသည်ဟု ပေါင်မြို့မှ တောင်သူတစ်ဦးက ပြောသည်။

    “လယ်သမား ၁၀၀ ကျော်လောက်ဖြစ်တယ်၊ ဒီနှစ်အဆိုးရွားဆုံးပဲထိတာ အဲ့လိုပထမ တစ်ပြန်ရေကြီးတော့ ကိုက်သွားတယ်၊ နောက်တစ်ပြန် ထပ်စိုက်တယ် ထပ်ကိုက်တယ်။ နှစ်ပြန်သုံးပြန်ဖြစ်တော့ သူတို့အဆင်မပြေတော့ဘူး"ဟု ပြောသည်။

    သာမန် ခရုပိုးသတ်ဆေး တစ်ထုတ်လျှင် ၉၀၀၀ ကျပ်နှင့် ဝယ်ယူသုံးစွဲနေရပြီး ဆေးတစ်ထုတ်လျှင် လယ်ဧကတစ်ဝက်သာ ဖြန်းပေးနိုင်ကြောင်းပြောသည်။

    ယခင်က လယ်ခရုများကို သဘာဝနည်းဖြင့် ဆောင်းခိုငှက်၊ ခရုစားငှက်များက လာရောက်စားသောက်တတ်သော်လည်း အဆိုပါငှက်မျိုးများ မျိုးတုံးပျောက်ကွယ်သွားခြင်းကြောင့်လည်း ယခုကဲ့သို့ လယ်ခရုများများလာသည်ဟု ဆိုသည်။

    ပေါင်မြို့နယ်မှ လယ်သမားတစ်ဦးက" ခရုပေါက်ဖွားနှုန်းကပိုများ လာတယ်၊နောက်ဆောင်းခိုဌက် ခရုစားငှက်တွေကို လူတွေထောင်ဖမ်းပြီး ဈေးမှာရောင်းတယ်ဆိုတော့ ငှက်တွေကမလာတော့ဘူး ။အဲ့ဒါတစ်ပိုင်းပေါ့နော်၊ ဥစားဘဲမွေးတုန်းကဆိုလည်း ဂေဟစနစ်တွေကြောင့် ခရုတွေရှားသွားတယ် အခုကချောင်းမြောင်းတွေမှာ ပေါနေတယ်၊ ရွာတိုင်းလိုလိုပဲခရုကြောင့်စပါးပင်ပျက်စီးတယ် ”ဟု ပြောသည်။

    အလားတူ မုဒုံမြို့နယ်တို့တွင်လည်း ဖြုတ်ပိုးကိုက်ခြင်း၊ အထွက်နှုန်းကျဆင်းခြင်းနှင့် စပါးအရည်အသွေးမပြည့်မှီခြင်းဖြစ်ပေါ်နေပြီး ပိုးသတ်ဆေးသုံးစွဲနိုင်ခြင်း အပေါ်မူတည်ပြီး စပါးအပင်သေဆုံးမှုမှ ကာကွယ်နေရသည်ဟု မုဒုံမြို့နယ်မှ စပါးတောင်သူများ၏ ပြောပြချက်အရ သိရသည်။

    ယခုနှစ် လယ်တစ်ဧကစိုက်စရိတ်သည် ၅ သိန်းခန့်ရှိပြီး ရေနစ်မြုပ်မှုနှင့် ခရုဖျက်ဆီးမှုကြောင့် နှစ်ပြန်စိုက်ပျိုးနေရသည့်အတွက် တောင်သူများ ငွေကုန်ကြေးကျများပြီး ခရုဆေးဖြန်းစရိတ်လယ်ဧက ၂၀ လျှင် ၁၀ သိန်း နီးပါးရှိနေသည်ဟုလည်း သိရသည်။

    မွန်ပြည်နယ်တွင် လက်ရှိစပါးပေါက်ဈေးသည် ၁၅ သိန်းဝန်းကျင်သာရရှိနေသဖြင့် ၊ မိုးစပါးပြင်ဆင်စိုက်ပျိုးရန်အတွက် စပါးသိုလှောင်ထားသူများထံ ကုန်သည်များလာရောက် ဝယ်ယူခြင်းမရှိနေကြောင်း သိရသည်။

     မိုးစပါးစိုက်စရိတ်သည် တစ်နှစ်ထက်တစ်နှစ် အကုန်ကျများနေပြီး ယခုနှစ်တွင်လည်း အလုပ်သမားရှားပါးခြင်းကြောင့် ရသမျှနည်းဖြင့် စိုက်ပျိုးလုပ်ကိုင်နေသည့်အတွက် စပါးအရည်အသွေး ညံ့ဖျင်းသည့်အပြင် အထွက်နှုန်းလည်းနည်းပါးနိုင်ကြောင်း တောင်သူများက ခန့်မှန်းလျှက်ရှိသည်။

    ဓာတ်ပုံ- ပေါင်မြို့နယ်မှ စပါးစိုက်ခင်းများ

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks