spot_img
Tuesday, August 26, 2025
More
    spot_img
    Homeသတင်းပြည်ပမှတင်သွင်းသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအမျိုးမျိုး ဈေးမြင့်တက်

    ပြည်ပမှတင်သွင်းသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအမျိုးမျိုး ဈေးမြင့်တက်

    -

    စစ်ကော်မရှင်က ပြည်ပမှတင်သွင်းလာသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ကန့်သတ်လိုက်သည့်နောက် ပြည်တွင်းစျေးကွက်အတွင်း ပုံမှန်ဈေးထက် ၂၀ ရာခိုင်နှုန်းအထိ မြင့်လာသည်ဟု ဆောက်လုပ်ရေးပစ္စည်းရောင်းဝယ်သူနှင့် ကန်ထရိုက်သမားများထံမှ သိရသည်။

    သြဂုတ်လ ၁၃ ရက်နေ့တွင် ပြည်ပမှလူသုံးကုန်ပစ္စည်းနှင့် ဆောက်လုပ်ရေးပစ္စည်းအပါအဝင် ကုန်ပစ္စည်း ၃၅ မျိုးကို နယ်စပ်ပေါက်များမှသွင်းခွင့် ယာယီပိတ်လိုက်သည်။

    ၎င်းအပြင် အမှတ် ၂ ချစ်ကြည်ရေးတံတားမှတစ်ဆင့် ကုန်ပစ္စည်းတင်သွင်းခွင့်ကိုမြန်မာဘက်မှ ပိတ်ပင်လိုက်ကြောင်း သြဂုတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ထားချိန်မှစ၍ ယနေ့အထိ ပိတ်ထားဆဲဖြစ်သည်ဟု သိရသည်။

    ထို့ကြောင့် လက်ရှိဆောက်လုပ်ရေးပစ္စည်းဈေးကွက်အတွင်း မှန်နှင့်အလူမီနီယံပစ္စည်းများ၊ ဘိလပ်မြေ၊ ကပ်ကြွေများ ၂၀ ရာနှုန်းခန့် ဈေးတက်လာနေကြောင်း၊ ပြည်ပကုန်တင်သွင်းခွင့်ကန့်သတ်မှု ရက်ရှည်ကြာလာပါက ပစ္စည်းပြတ်လပ်ပြီး ဈေးနှုန်းထပ်မံမြင့်တက်လာနိုင်သည်ဟု မွန်ပြည်နယ်မှကန်ထရိုက်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    “ သံတွေဆိုပုံမှန် ၂၅ သိန်းဝယ်နေကျကို အခု၂၇ သိန်းလောက်ရှိလာတယ်။ ငွေဈေးနဲ့ ရွှေဈေးလည်း အများကြီးတက်မနေဘူး၊ ဈေးနည်းနည်းပြောင်းတာကကိစ္စမရှိသေးဘူး အခုက ပစ္စည်းပြတ်လတ်ခါးနီးပါပဲ၊ လုပ်ငန်းရှင်တွေက သိုလှောင်ထားတာကိုတင်ရောင်းကြတယ်။ ကျနော်တို့နိုင်ငံမှာ ကုန်ကြမ်းပဲထုတ်နိုင်တော့ ကုန်ချောတွေဆိုပြည်ပကနေပဲဝယ်ယူရတယ်"ဟု ပြောသည်။

    ဒေါ်လာဈေးမြင့်တက်နေခြင်းနှင့် အထွေထွေကုန်ဈေးနှုန်းများ လိုက်ပါမြင့်တက်နေသည့်အတွက် ဆောက်လုပ်ရေးကန်ထရိုက်အဖွဲ့များအနေဖြင့် ပြန်လည်ညှိနှိုင်းမှုလုပ်ဆောင်ရသည့်အပြင် လုပ်ငန်းခွင်ရပ်နားထားမှုမျိုးလည်းရှိလာနိုင်ကြောင်း ဆက်ပြောသည်။

    ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသည့်မြဝတီကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် တော်လှန်ရေးတပ်များ အခွန်ငွေရရှိမှုကိုဖြတ်တောက်ရန် စစ်ကော်မရှင်မှ နယ်စပ်ကုန်သွယ်ရေးတံတားကိုပိတ်လိုက်ခြင်းဖြစ်ပြီး ယင်းတို့ထိန်းချုပ်နိုင်သည့်ကော့သောင်း – ရနောင်းရေလမ်းကြောင်းမှ တင်သွင်းစေရန် စီစဉ်နေသည်ဟု လတ်တလော သတင်းထွက်ပေါ်လျှက်ရှိသည်။

    ရနောင်း- ကော့သောင်းရေလမ်းကြောင်းကို အသုံးပြုပြီး မွန်ပြည်နယ်ဘက်သို့ ပြည်ပသွင်းကုန်ကိုတင်သွင်း ခွင့်ပြုထားမည်ဆိုပါက မြဝတီလမ်းကြောင်းကဲ့သို့ အခွန်အခသက်သာမည့်အပြင်၊ သွားလာရမည့် လမ်းကြောင်းအကွာအဝေးသည်လည်း ကွာခြားမှုမရှိနိုင်ဟု ကုန်သည်တစ်ဦးက ပြောသည်။

    “ ရေကြောင်းကသူတို့သေချာဖွင့်ပေးရင်တော့ ဒီမွန်ပြည်နယ်မှာအခက်အခဲမရှိဘူး။ သွင်းနေကျ ပစ္စည်းဆိုရင်လည်း မြဝတီကနေဆို ၆ ဘီးကားဆို သိန်း၈၀၊ ၉၀ ကုန်ကျနေရတာပဲ၊ ဒီရေလမ်းကနေ ဆိုရင်အကုန်အကျနည်းသွားလောက်မယ်
    ကျနော်တို့မှာရေနက်ဆိပ်ကမ်းမရှိရင်လည်း ရန်ကုန်ကနေ- မော်လမြိုင်ကိုလာရင် မြဝတီလမ်းပိုင်းထက်စာရင် အကုန်အကျတွေဘာမှမရှိလောက်ပါဘူး၊ အခုက ရေလမ်းဘက်ကနေဆို အိမ်သုတ်ဆေးတွေပဲ တွေ့ရတယ် ”
    ဟု ပြောသည်။

    သြဂုတ်လ ၁၂ ရက်ကပြုလုပ်သည့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးအဖွဲ့အစည်းအဝေးတွင် တရားမဝင်ကုန်သွယ်ရေးကြောင့် တော်လှန်ရေးအဖွဲ့များအင်အားပိုတည်ဆောက်လာနိုင်ပြီး၊ တရားမဝင် ကုန်သွယ်ရေးကို တိုက်ဖျက်ရမည်ဟု စစ်ခေါင်းဆောင်မှ ပြောကြားခဲ့သည်။

    ပြည်ပမှ မည်သည့်ထိုင်းကုန်စည်များဝင်ခွင့်မပြုကြောင်း၊ လတ်တလော သက်ဆိုင်ရာမှ သိမ်းဆည်းထားသည့် ကုန်တင်ယာဉ်နှင့် ပစ္စည်းများကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ သိန်း ၈၀၀ ထက်မနည်း ငွေကြေးပေးဆောင်၍ ပြန်လည်ထုတ်ယူနေရသည်ဟု သိရသည်။

    လက်ရှိ မွန်ပြည်နယ်ဈေးကွက်၌ ကုန်ပစ္စည်းရှားပါးပြတ်နေသလို ကုန်ဈေးနှုန်းမြင့်တက်လျှက်ရှိကြောင်း၊ အဆိုပါအခြေအနေသည် ယာယီသာဖြစ်ကြောင်းနှင့် အခြေခံပြည်သူများလက်လှမ်းမမှီနိုင်သည့် ဈေးနှုန်းများသို့ မကြာမီပြန်လည်ရောက်ရှိနိုင်ကြောင်း ကုန်အရောင်းအဝယ်နှင့် သုံးစွဲနေသူများက ဆိုသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,500SubscribersSubscribe
    spot_img

    Latest posts