spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းမြောက်ဦးမြို့ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခံ၊ အရပ်သား ၁၀ ဦးကျော် သေဆုံး

    မြောက်ဦးမြို့ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခံ၊ အရပ်သား ၁၀ ဦးကျော် သေဆုံး

    -

    ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ၁၂ ဦး သေဆုံးပြီး၊ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ခဲ့သည်။

    ဩဂုတ်လ ၂၅ ရက်နေ့၊ ည ၁၁ နာရီ ၂၅ မိနစ်အချိန်ခန့်က မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်ကို ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် အလှူလုပ်ရန် ပြင်ဆင်နေကြသော မိသားစုဝင်များ နှင့် ၎င်းပတ်ဝန်းကျင်အနီးအနားမှ ကလေးငယ် ၅ ဦးအပါအဝင် ပြည်သူ ၁၂ ဦး သေဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ထို့အတူ ထိခိုက်ဒဏ်ရရှိသူ ၂၀ ကျော်မှာလည်း စိုးရိမ်ရသည့်အခြေအနေတွင် ၅ ဦးခန့် ရှိနေကြောင်း လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ် သိရှိသူတစ်ဦးက ပြောသည်။

    “ဗုံးချခံရတဲ့ အိမ်က အလှူအိမ်မဟုတ်ဘူး။ နာရေးဖြစ်ပြီးတော့ နာရေးက ချထားပြီးပြီ၊ အိမ်မှာ မအိပ်ရဲလို့ ဝိုင်းပြီးမှ စကားပြောနေကြတယ်၊ အဲဒီအချိန်မှာ ဗုံးချသွားတာ၊ အခုက သေဆုံးတဲ့သူ ၁၂ ယောက်ရှိတယ်။ ဒဏ်ရာရတဲ့လူ ၂၀ ကျော်ထဲက ၄ ယောက်၊ ၅ ယောက်လောက် စိုးရိမ်အခြေအနေမှာ ရှိနေတယ်” ဟု ဟု ၎င်းက ဆက်ပြောသည်။

    စစ်ကော်မရှင်တပ်သည် ညအချိန် လူအများ အိပ်မောကျနေသည်ကို အခွင့်ကောင်းယူပြီး ယခုကဲ့သို့ အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများပြားစေရန် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း AA က ဆိုသည်။

    ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း မြောက်ဦးမြို့ ရမ်းချောင်းရွာအနီးတစ်ဝိုက်ကို စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် AA က ထိန်းသိမ်းထားသော စစ်ကော်မရှင်တပ်၏ စစ်သုံ့ပန်းမိသားစုဝင်များထဲမှ ကလေးငယ် နှင့် အမျိုးသမီးစုစုပေါင်း ၂၈ ဦးသေဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

    အလားတူ ၂၀၂၅ ခုနှစ်၊ မေလ ၁၄ ရက် နှင့် ၁၅ ရက်နေ့များတွင်လည်း ကျောက်တော်မြို့၊ ရွာမရပ်ကွက်အား ဂျက်ဖိုက်တာဖြင့် ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈ ဦး ‌သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ စုစုပေါင်း ၁၄ ဦးအထိ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    နိုင်ငံတစ်ဝန်း စစ်ရှုံးနေသော စစ်ကော်မရှင်သည် စစ်ဘက်နှင့် မသက်ဆိုင်သည့် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အုံများ၊ လမ်းတံတားများ၊ စစ်ဘေးရှောင်စခန်းများ နှင့် လူနေထူထပ်သော မြို့ရွာများအား ပစ်မှတ်ထား တိုက်ခိုက်နေပြီး အာရက္ခဒေသအတွင်းသာမက နိုင်ငံအနှံ့အပြား၌ နေ့စဉ်ရက်ဆက် ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်လျက်ရှိကြောင်း AA က ဆိုသည်။

    ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို အာရက္ခတပ်တော် (AA) က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ထုတ်ပြန်ထားသည်။

    ထို့နောက် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်တွင် စစ်ကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ)အရ နိုင်ငံတဝှမ်း မြို့နယ် ၆၃ ခုကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်က မြို့နယ် ၁၄ ခုလည်း ပါဝင်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts