spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းရေဖြူမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်

    ရေဖြူမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်

    -

    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် မရမ်းချောင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့အကြား  ယနေ့အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီ ဒေသခံပြည်သူ တစ်ထောင်ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

     စစ်ကောင်စီစစ်ကြောင်းအဖွဲ့မှ ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက် ညနေပိုင်းတွင် မရမ်းချောင်းကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ဩဂုတ်လ ၂၁ ရက်နေ့မှစ၍  ယနေ့မနက်ပိုင်းအထိ  တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲဆက်လက် ဖြစ်ပွားနေသည်။

    တိုက်ပွဲပိုမိုပြင်းထန်လာပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခံနေသည့်အတွက် မရမ်းချောင်း၊ မိုင် ၆၀၊ သာယာမွန်၊ ရာဖူးရွာနှင့် ကော့လှိုင်ကျေးရွာ ၅ ရွာထက်မနည်းရှိ ဒေသခံများ ယမန်နေ့ ညပိုင်းအတွင်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လာကြသည်။

    “ ဒီနှစ်တိုက်ပွဲက အရင်နှစ်တွေထက် ပိုပြင်းထန်တယ်။ မနေ့ကဆို တစ်ရက်ထဲမှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်သွားတယ်။ စကစက တပ်အင်းအားတွေဖြည့်ထားတော့ သူတို့တပ်ကို နှစ်စုခွဲပြီးတိုက်နေတော့ တော်လှန်ရေးဘက် နောက်ဆုတ်ရတဲ့အခြေအနေမို့လာမသိဘူး၊ သူတို့ကရှေ့တိုးတိုးလာတယ်၊ အဲကြောင့်ဒေသခံတွေက ပြေးနေကြရတယ်။ အခုက ကျွဲတလင်းမှာရှိတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေကလည်း စပြောင်းနေပြီး” ဟု ရေဖြူမြို့နယ်ရှိ ဒေသခံတစ်ဦးက ပြောသည်။

    မရမ်းချောင်းမှ အလယ်စခန်းရွာအထိ ကျေးရွာ ၉ ရွာမှ အခြေခံပညာအထက်တန်းကျောင်း ၁ ကျောင်း၊ အလယ်တန်းကျောင်း ၁ ကျောင်းနှင့် မူလတန်းကျောင်း ၇ ကျောင်းတို့သည် ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်နေ့မှစ၍ တိုက်ပွဲကြောင့် ပိတ်ထားရသည်ဟု သိရသည်။

    တော်လှန်ရေးအင်အားစုများ ရွေးကောက်ပွဲအတွက် တားမြစ်ထိန်းချုပ်ထားသည့်ဒေသများကို အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီအဖွဲ့တို့ ကြိုးပမ်းနေခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဘက်မှ အထိနာနေကြောင်းလည်း မြေပြင်ရောက် တော်လှန်ရေးရဲဘော်တစ်ဦးက IMNA ကို ပြောသည်။

    “တိုက်ပွဲအရှိန်က ရန်သူဘက်က စစ်ကြောင်း ထိုးစစ်လုပ်လာတယ် အဓိက အမှတ် ၈လမ်းမကြီးကို ပြန်လည်ထိန်းချုပ်ချင်လို့နဲ့ ရွေးကောက်ပွဲအတွက် တော်လှန်ရေးတပ်တွေ ထိန်းချုပ်နေရာတွေမှာ ပြန်လည်စိုးမိုးချင်လို့ ဖြစ်နိုင်တယ်၊ အခုသူတို့ဆက်တိုက်ထိုးတာ တော်လှန်ရေးတပ်တွေနဲ့တွေ့ အထိနာပြီး နောက်ပြန်ဆုတ်နေတယ်” ဟု  ပြောသည်။

    တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် နီးစပ်သည့်နေရာ၊ တပ်စခန်း၊ ကင်းစခန်းနှင့် အနီးတစ်ဝိုက်နေရာများ နေထိုင်ခြင်းမှ ရှောင်ရှားကြရန်၊ စစ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားကြရန် တော်လှန်ရေးတပ်ဖွဲ့မှ တိုက်တွန်းထားသည်။

    ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံများ၏ နေအိမ်အတွင်းရှိ ပစ္စည်းများကိုလည်း ဖောက်ထွင်းပြီး ကားဖြင့်သယ်ဆောင်နေသည်ဟု ကျန်ရစ်ခဲ့သည့် ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

    ယနေ့နံနက်ပိုင်းတွင်လည်း ရေဖြူမြို့နယ် မရမ်းချောင်းရွာနှင့် မိုင် ၆၀ ရွာကြား၌ စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး ညနေပိုင်းအထိ ပစ်ခတ်သံနှင့် လက်နက်ကြီးသံများ ကြားရကြောင်းလည်း ရေဖြူဒေသခံများက ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks