Homeသတင်းရေဖြူဒေသတွင် တိုက်ပွဲနေ့စဥ်ဖြစ်ပွားနေ

ရေဖြူဒေသတွင် တိုက်ပွဲနေ့စဥ်ဖြစ်ပွားနေ

-

တနသႅာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားလျှက်ရှိနေကြောင်း သိရသည်။

ရေဖြူမြို့နယ်ရှိ ကော့လှိုင်း၊ မရမ်းချောင်းနှင့် မိုင် (၆၀) ကျေးရွာအနီးတဝိုက်တို့တွင် ယခုသြဂုတ်လ ဒုတိယအပတ်မှစတင်၍ နှစ်ဖက်လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားလာသည်မှာ ယနေ့အထိပင်ဖြစ်ဟု သာယာမွန်ကျေးရွာ၌ စစ်ဘေးတိမ်ရှောင်နေသူ ဒေသခံတစ်ဦးက ပြောသည်။

“တိုက်ပွဲက နေ့စဥ်ကို ဖြစ်နေတာ၊ တချို့ရက်တွေဆို နှစ်ခါ သုံးခါတောင်ပစ်နေကြတယ်၊ မြေပြင်မှာ တိုက်ပွဲမဖြစ်ရင်လည်း ဒရုန်းတွေနဲ့ ရွာမှာ ဗုံးချတယ်၊ (မောရဝတီ) ရေတပ်ကနေလည်း လက်နက်ကြီးတွေနဲ့ လှမ်းထုတယ်၊ အဲဒီလိုမျိုးရှိနေတယ် ဒီဘက်မှာ” ဟု အထက်ပါ ဒေသခံက ပြောသည်။

ယနေ့ (သြဂုတ်လ ၂၃ ရက်) ကြားသိရသည့်သတင်းအချက်အလက်များအရ တိုက်ပွဲဖြစ်ပွားရာ နေရာတဝိုက်သို့ စစ်ကော်မရှင်တပ်ဘက်ရော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ဘက်ကပါ စစ်အင်အား ထပ်မံဖြည့်တင်းနေကြသည်ဟု ဆိုသည်။

ထိုကြောင့် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်လာဖို့ပဲရှိတော့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“မရမ်းချောင်း၊ မိုင် (၆၀) တို့ဘက်မှာ ရွာလုံးကျွတ် ထွက်ပြေးရတယ်၊ အခု တခြားရွာတွေမှာ စစ်ရှောင်နေကြရတယ်ပေါ့၊ ရွာမှာတော့ ဘယ်သူမှ မနေရဲကြဘူး၊ ဗမာစစ်သားတွေပဲ နေနေကြတယ်လို့ သိရတယ်” ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိအခြေအနေအရ ယင်းဒေသတဝိုက်ရှိ သက်ကြီးရွယ်အိုးများ၊ ကလေးသူငယ်များအပါအဝင် စစ်ရှောင်ဒေသခံပြည်သူ ထောင်ဂဏန်းနီးပါးရှိနိုင်ကြောင်း ခန့်မှန်းကြသည်။

ရေဖြူမြို့နယ် ကလိန်အောင်မြို့အခြေစိုက် စစ်ကော်မရှင်တပ်ရင်းအသီးသီးမှ စစ်ကြောင်းများနှင့် မွန် ကရင် တနသႅာရီ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားနေကြခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts