Homeသတင်းကျိုက်မရောတွင် တစ်ရွာကို နှစ်ဦးနှုန်းဖြင့် စစ်မှုထမ်း စတင်ခေါ်ယူ

ကျိုက်မရောတွင် တစ်ရွာကို နှစ်ဦးနှုန်းဖြင့် စစ်မှုထမ်း စတင်ခေါ်ယူ

-

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် တစ်ရွာလျှင် နှစ်ဦးနှုန်းဖြင့် စစ်မှုထမ်းသင်တန်းတက်ရောက်ရန် အကျုံးဝင်သူလူငယ်အမျိုးသားများကို စတင်ခေါ်ယူနေသည်ဟု ဒေသခံသတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းကစပြီး ကျိုက်မရောမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်အဖွဲ့ လက်အောက်ခံရှိ ရဲ၊ စစ်တပ်၊ ကြံ့ခိုင်ရေးပါတီဝင်အပါအဝင် အုပ်ချုပ်ရေးမှူးတို့က ကျေးရွာအလိုက် စစ်မှုထမ်းရန် အသက်အရွယ်အကျုံးဝင်သူ စာရင်းများကို ကောက်ခံခဲ့ပြီဖြစ်သည်။

“မနေ့ (သြဂုတ် ၁၂) ညနေက မွန်တစ်ဝက် ဗမာတစ်ဝက်ရှိတဲ့ ရွာတစ်ရွာမှာ ဗမာဘက်ခြမ်းက လူတွေကိုတော့ မဲမနှိုက်ရဘူး၊ မွန်ဘက်ခြမ်းက လူတွေက စစ်မှုးထမ်းဖို့ မဲနှိုက်ရတယ်။ ၂ ယောက်ပေါက်သွားတယ်ပေါ့၊ ကိုယ်သားက ပြည်ပမှာရှိနေရင်လည်း သူ့အစား သူရဲ့ မိဘမောင်နှမတွေက မဲနှိုက်ပေးရတယ်။ မဲပေါက်သွားရင်တော့ စစ်မှုထမ်းဖို့ ပြန်လာရမယ်။ မဝင်ချင်ရင်တော့ ကိုယ်အစား လူငှားပေးဖို့ ပိုက်ဆံပေးရပြန်ပေါ့။ တစ်ရွာကို နှစ်ယောက်နှုန်းကတော့ ရွာတိုင်းတော့ ထိမှာပါ” ဟု ကျိုက်မရောဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ် အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အမျိုးသမီးများက စစ်မှုထမ်းရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

နောက်ဆက်တွဲအနေဖြင့် အာဏာသိမ်း မြန်မာစစ်တပ်၌ စစ်မှုထမ်းဆောင်လိုခြင်းမရှိသည့် ဒေသခံလူငယ်အများအပြား နေရပ်စွန့်ခွာကာ ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

“ကျနော်တို့ရွာမှာက သူတို့လိမ်ခေါ်နေတဲ့ အဲဒီမဲနှိုက်ဆွေးနွေးပွဲက လူငယ်တွေ မသွားရဲဘူး။ သွားဖို့ကလည်း လူငယ်တွေ မရှိတော့ပါဘူး။ အကုန်လုံးက လူကြီးပိုင်းတွေပဲ တက်ကြတယ်။ ဒါပေမဲ့ ကျနော်တို့ရွာမှာတော့ စစ်မှုထမ်းပါသွားတဲ့လူက အခုထိတော့ မရှိသေးဘူး။ ဘာလို့လဲဆိုတော့ လူအစားထိုးဖို့ တစ်အိမ်ကို တစ်လတစ်သောင်းခွဲ ပေးထားကြတာ။ နှစ်နဲ့ရှိပြီ အဲလိုပေးထားကြတာ” ဟု အခြားကျိုက်မရောဒေသခံတစ်ဦးက ပြောသည်။

စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁) ကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် အပတ်စဉ် (၁၆) ကို ဖွင့်လှစ်တော့မည် ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts