spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်း(CI ) စာအုပ်သက်တမ်းတိုးခြင်းနှင့် အသစ်လဲခြင်း လာရောက်လုပ်ဆောင်သူနည်းနေသေး

    (CI ) စာအုပ်သက်တမ်းတိုးခြင်းနှင့် အသစ်လဲခြင်း လာရောက်လုပ်ဆောင်သူနည်းနေသေး

    -

    ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် (CI) စာအုပ်သက်တမ်းတိုးရန်နှင့် အသစ်လဲလှယ်နိုင်ရန် ဖွင့်လှစ်ထားသည့် စင်တာ ၄ ခုတို့တွင် လာရောက်လုပ်ဆောင်သူနည်းနေသေးကြောင်း ထိုင်းရောက် ရွှေ့ပြောင်းမြန်မာလုပ်သားများမှ သိရသည်။

    မြန်မာနှင့်ထိုင်း အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်း၍ ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) စာအုပ်ကို စမွတ်စခွန်စခန်း၊ စမွတ်ပရာကန်စခန်း၊ ဆူရတ်ဌာနီစခန်းနှင့် ချင်းမိုင်စခန်းတို့တွင် ယမန်နေ့ သြဂုတ်လ ၆ ရက်နေ့မှစ၍ စတင်ဆောင်ရွက်ပေးနေသည်။

    သတင်းအချက်အလက်သိရှိသူနည်းပါးသေးသည့်အပြင် စတင်ဖွင့်လှစ်သည့်ကာလဖြစ်ခြင်းကြောင့် လာရောက်လုပ်ဆောင်သူနည်းပါးသေးကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ဆိုသည်။

    “CIစင်တာတွေက သြဂုတ် ၆ ရက်နေ့ကစပြီး စဖွင့်နေပြီး၊ ဒါပေမဲ့ စဖွင့်ချင်းဆိုတော့ လုပ်တဲ့သူတွေက နည်းသေးတယ်၊ စောသေးတယ်ဆိုတော့။ ဘာတွေလုပ်လို့ရလဲဆိုရင် ၂၀၂၆ နဲ့ ၂၀၂၇ မှာ စာအုပ်သက်တမ်းကုန်မယ့်သူတွေ စာအုပ်အသစ်လဲရတယ်။ ပြီးရင် မှတ်ပုံတင် အိမ်ထောင်စုစာရင်းရှိတဲ့သူတွေက (CI)စာအုပ်ကနေ PJ လဲချင်တယ်ဆိုရင် လဲလို့ရမယ်” ဟု  ထိုင်းနိုင်ငံရှိ ရွေ့ပြောင်းမြန်မာလုပ်သားတစ်ဦးက ဆိုသည်။

    အဆိုပါ ဖွင့်လှစ်ထားသည့်စင်တာများတွင် ခြောက်လအတွင်း (CI)စာအုပ်သက်တမ်းကုန်းဆုံးမည့်သူများကို သက်တမ်းတိုးပေးခြင်း၊ စာအုပ်အသစ်လဲလှယ်ပေးခြင်း၊ ထိုင်းနိုင်ငံ၏ ဘတ်ကတ် (TR-38) လုပ်ငန်းစဉ်နှင့်အတူ CI စာအုပ်အသစ်များ ထုတ်ပေးခြင်း၊ နိုင်ငံကူးလက်မှတ် (Passport for Thailand Only or Passport for Job-PJ) ထုတ်ပေးခြင်းနှင့် OWIC ကတ်ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။

    (CI) စာအုပ် လုပ်ဆောင်လိုသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် မိမိတို့အဆင်ပြေရာ (CI) စခန်းကိုရွေးချယ် လုပ်ဆောင်နိုင်ပြီး ဝန်ဆောင်ခအဖြစ် ဘတ် ၂၆၇၀ ကို ကနဦးပေးသွင်းပြီးနောက် သတ်မှတ်ပေးထားသည့်ရက်ချိန်းအတိုင်း သွားရောက်လုပ်ဆောင်နိုင်ကြောင်း သိရသည်။

    ထို့အပြင် (CI) စင်တာရုံးဝန်ဆောင်ခအဖြစ် ဘတ် ၁၀၀၀ ကျော်ပေးဆောင်ရမည်ဖြစ်ခြင်းကြောင့် (CI) စာအုပ်အပြီးအစီးရရှိရန် စုစုပေါင်းဘတ်ငွေ ၄၀၀၀ ဘတ်ကျော် ကုန်ကျနိုင်မည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီလှုပ်ရှားနေသူတစ်ဦးက ဆိုသည်။

    “7-Eleven စတိုးဆိုင်ကနေသွင်းရတဲ့ ၂၆၇၀ဘတ်ထဲက ၈၇၀ဘတ်ကို စာအုပ်ဖိုးအတွက်ဖြစ်တယ်၊ ကျန်တဲ့ ၁၈၀၀ဘတ်က အလုပ်သမားဝန်ကြီးဌာနအတွက် အကောက်ခွန်အဖြစ်ပေးရတယ်။ ပြီးရင် CIစာအုပ်သွားလုပ်မယ်ဆို ကိုယ်လုပ်တဲ့စင်တာပေါ်မူတည်ပြီး ဝန်ဆောင်ခ ၁၀၀၀ ကျော် ပေးရပြန်တယ်။ တချို့ရုံးက ၁၂၀၀ ရှိမယ် တချို့ရုံးတွေ ၁၄၀၀အထိလည်း ရှိနိုင်တယ်။ ဒါကြောင့် စာအုပ်အသစ်ရဖို့ဆိုရင် ဘတ်စုစုပေါင်း ၄၅၀၀ခန့် ကုန်ကျနိုင်တယ်” ဟု သူက ဆက်ဆိုသည်။

    ထိုင်းရောက် ရွှေ့ပြောင်းမြန်မာလုပ်သားများအနေဖြင့် (CI) စာအုပ်သက်တမ်းတိုးခြင်းကို အချိန်မီ ပြုလုပ်သွားရန်လိုပြီး၊ ပျက်ကွက်ပါက နိုင်ငံအတွင်း နေထိုင်ခွင့်နှင့် လုပ်ငန်းအခွင့်အလမ်းအပေါ် ထိခိုက်သွားနိုင်မည်ဟု ထိုင်းတွင် မြန်မာအလုပ်အသမားအရေး လှုပ်ရှားနေသူများက သတိပေးထားသည်။

    သက်တမ်းကုန်ဆုံးမည့် (CI )စာအုပ်များ သက်တမ်းတိုးလဲလှယ်ပေးခြင်းကို သြဂုတ်လ ၆ ရက်နေ့မှ နိုဝင်ဘာလ ၆ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

    ၎င်းအပြင် CI စာအုပ်လုပ်ခြင်းကို တနင်္လာနေ့တိုင်းနှင့် စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံး(ဘန်ကောက်)က သတ်မှတ်ထားသည့် ရုံးပိတ်ရက်များတွင် အလုပ်နားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks