စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်ကာလအတွင်း အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် တော်လှန်ရေး အင်အားစုအသီးသီးက နယ်မြေများကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
မွန်ဒေသတွင် စစ်ကောင်စီတပ် နှင့် မွန်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတို့အကြား တိုက်ပွဲများ ဖြစ်ပွားမှု ရှိနေသော်လည်း ကြီးမားသော စစ်ဆင်ရေးများ ဖော်ဆောင်ခြင်း မရှိသည်ကို တွေ့ရသည်။
စစ်ရေးအပြောင်းအလဲဖြစ်ရန် မွန်ပြည်မှာရှိသော လက်နက်ကိုင်တပ်ဖွဲ့များ စုစည်းရမှာဖြစ်ကြောင်း၊ ထို့အပြင် အခြားသော တိုင်းရင်းသားလက်နက်ကိုင်များဖြင့်လည်း မဟာမိတ်စုဖွဲ့မှု လုပ်နေသည်ဟု မြင်မိကြောင်း သတင်းထောက်တစ်ဦးဖြစ်သူ နိုင်လဝီဝမ်က ပြောသည်။

“ကြီးမားတဲ့ စစ်ဆင်ရေး အပြောင်းအလဲ ဖြစ်လာဖို့က မွန်ပြည်နယ်မှာ ရှိနေတဲ့ လက်နက်ကိုင် အဖွဲ့စအည်းတွေ စုစည်းအားနဲ့ ဒီစစ်ကောင်စီကို တိုက်နိုင်မှ ကြီးမားတဲ့ ထိုးစစ်ဆင် အပြောင်းအလဲ ဖြစ်လာနိုင်မယ်၊ အခုက ဥပမာ မွန်ပြည်သစ် AD ပဲ ပြောရမှာပေါ့၊ အဓိက သူတို့ရဲ့ အတွေးအခေါ်က အဲဒီလိုပုံစံတော့ ရှိကောင်း ရှိမယ်ဆိုတာက ဒီမဟာမိတ်ကို သူတို့ အရင်တည်ဆောက်တယ်၊ အခုသူတို့ တည်ဆောက်တဲ့ မဟာမိတ်ကြတော့ ဟိုတခါသူတို့ ပြောတာ ရှိတယ်၊ ကရင်ပေါ့နော်၊ KNU ၊ နောက်ပြီးတော့ ကရင်နီပေါ့နော် အဲဒီလိုမျိုး သူတို့ တည်ဆောက်နေတာ ရှိတယ်။ နောက်ပြီးတော့ ရေးဖက်က အခြား PDF တွေလည်း သူတို့ တည်ဆောက်နေတဲ့ဟာ ရှိတယ်” ဟု ပြောသည်။
မဟာမိတ် တည်ဆောက်မှုတွင် အချိန်ကာလ တစ်ခု ယူရမှာဖြစ်ကြောင်း၊ ထို့နောက် မြို့သိမ်းတိုက်ပွဲဖော်ဆောင်ရန် လက်နက်ခဲယမ်း၊ စစ်သည်အင်အား စသည်တို့ကို စုစည်းရမှာဖြစ်သည့်အတွက် လက်ရှိတွင် ပြင်ဆင်နေသည့်ကာလဟု ပြောနိုင်ကြောင်း နိုင်လဝီဝမ်က ဆက်ပြောသည်။
မွန်ပြည်နယ်က တော်လှန်ရေးတပ်များဖြစ်သော မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ပူးပေါင်းကာ “ရာမညပူးတွဲစစ်ကြောင်း” ကို ဖွဲ့စည်းလိုက်ကြောင်းကို ယခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင် ပူးတွဲသတင်းထုတ်ပြန်ခဲ့သည်။
ထို့နောက် စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကြောင်းဖွဲ့စည်းမှုသက်တမ်း ၄ လ ပြည့်မြောက်သော ဇွန်လ ၁၉ ရက်နေ့တွင် “ရာမညပူးတွဲစစ်ကြောင်း” ကို ပြန်လည်ရုတ်သိမ်းခဲ့သည်။
စစ်အာဏာရှင်လက်အောက်မှ မွန်ပြည်လွတ်မြောက်ရန်အတွက် မွန်လက်နက်ကိုင်တပ်ဖွဲ့များ အဓိက လုပ်ဆောင်ရမှာဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က ပြောသည်။
“လုပ်သင့်တာပေါ့ (လွတ်မြောက်ရန်) အဓိကပေါ့၊ ကိုယ့်ပြည်နယ် လွတ်မြောက်ရေးအတွက် ကိုယ်အဓိက လုပ်ရမယ်လေ။ သူများတွေ လွတ်မြောက်နေပြီပဲ၊ ဟုတ်ဘူးလား၊ မွန်က ကျန်နေတာပဲ” ဟု ပြောသည်။
ပြီးခဲ့သည့် မေလ ၂၄ ရက်က NMSP (AD) နှင့် MLA ပေါင်းစည်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ရာမည မွန်တပ်တော်အဖြစ် ဖွဲ့စည်းခဲ့ပြီးနောက် မွန်ဒေသတွင် စစ်ကောင်စီ နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
သို့သော်လည်း ကြီးမားသော စစ်ဆင်ရေးများ၊ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ မဖော်ဆောင်နိုင်သေးဘဲ စစ်ကောင်စီမူ မွန်လူငယ်များအပါအဝင် ဒေသတွင်းလူငယ်များအား တပ်သားသစ်စုဆောင်းမှုများ လုပ်ဆောင်လျက်ရှိနေကြောင်း သုံးသပ်သူများက ပြောသည်။