spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းအမှတ်စာရင်းမှားယွင်းမှုများကြောင့် ကျောင်းသား၊သူများ တက္ကသိုလ်ဝင်တန်းအောင်စာရင်းအပေါ် သံသယရှိလာ

    အမှတ်စာရင်းမှားယွင်းမှုများကြောင့် ကျောင်းသား၊သူများ တက္ကသိုလ်ဝင်တန်းအောင်စာရင်းအပေါ် သံသယရှိလာ

    -

    ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစားမေးပွဲ အောင်မြင်သူများအတွက် ဘာသာရပ်ဆိုင်ရာ အမှတ်စာရင်းများ ထုတ်ပေးရာတွင် အချက်အလက်မှားယွင်းမှုများဖြစ်ပွားနေသဖြင့် ကျောင်းသား၊သူများ ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက ထွက်ရှိထားသည့် တက္ကသိုလ်ဝင်တန်းအောင်စာရင်းအပေါ် သံသယရှိလာနေကြောင်း ဆိုသည်။

    တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့က  မြန်မာနိုင်ငံစာစစ်ဌာနမှ တရားဝင်ထုတ်ပြန်ခဲ့ပြီးနောက် ဘာသာရပ် အမှတ်စာရင်းများကို ဇူလိုင် ၃၀ ရက်မှစ၍ ထုတ်ပေးခဲ့ကြောင်း သိရသည်။

    နေပြည်တော် စာစစ်ဌာနအတွင်း ဝင်ရောက်ဖြေဆိုထားသည့် ကျောင်းသား၊ ကျောင်းသူအချို့၏ အမှတ်စာရင်းများသည် အောင်စာရင်းနှင့်ကွဲလွဲမှု ရှိနေသည်ဟု ကာယကံရှင်များမှ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့်ပြောဆိုထားသည့်နောက် အခြားစာစစ်ဌာနမှ ကျောင်းသား၊ကျောင်းသူများလည်း တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို သံသယရှိလာနေကြောင်း မွန်မှ ပညာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။

    ဓါတ်ပုံ- စကစ သတင်းနှင့်ပြန်ကြားရေး

    “ ဒီလိုတစ်ခါမှ မဖြစ်ဖူးတော့ ကိုယ်ကရှုံးလား အောင်လားဆိုတာကို သေချာသိဖို့က အမှတ်ကိုပြန်ထုတ်မှ ပိုသေချာသိမယ်။ အစက နေပြည်တော်ပဲဆိုပေမဲ့၊ အခုက တနိုင်ငံလုံးပြန်စီစစ်နေတာမို့ အမှတ်စာရင်းထုတ်ပြီးတဲ့ ကျောင်းသား၊သူအားလုံးလည်း ရထားတဲ့အမှတ်စာရင်းက ထပ်ပြောင်းအုံးမလား၊ မပြောင်ဘူးလားဆိုတာလည်း မပြောနိုင်ဘူး “ ဟု အထက်တန်းသင်ကြားရေး ဆရာမတစ်ယောက်က ပြောသည်။

    အဆိုပါ အချက်အလက်မှားယွင်းမှုသည် ဆာဗာချို့ယွင်းမှုကြောင့်ဟုဆိုပြီး လက်ရှိတွင် လိုအပ်သည့်စစ်ဆေးဆောင်ရွက်မှုများ လုပ်ဆောင်နေသဖြင့် အမှတ်စာရင်းထုတ်ပေးမှုလုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားကြောင်း စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနမှ ယနေ့ သြဂုတ် ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

    အောင်စာရင်းတွင် အမည်ပါသူများ ရှုံးမှတ်ဖြစ်နေမည်ကို စိုးရိမ်ရသည့်အပြင် အမှတ်စာရင်းထုတ်ယူထားသည့် ကျောင်းသားကျောင်းသူများလည်း ၎င်းတို့ရရှိထားသည့် အမှတ်စာရင်းအချက်အလက်များ မှန်ကန်မှုရှိမရှိ မသေချာနေကြောင်း ကျောင်းသားတစ်ဦးက ဆိုသည်။

    “ အမှတ်စာရင်းကိုတော့ အရမ်းလိုအပ်တာတော့မဟုတ်ဘူး၊ အောင်လား၊ ရှုံးလား ဆိုတာကိုပဲပိုသိချင်တယ်။ အခုက ဒီလိုတွေဖြစ်နေတော့ ဘာမှသေချာမသိတော့ဘူး။ တာဝန်ယူတဲ့သူတွေ တော်တော်အသုံးမကျလို့ ဒီလိုရှုပ်ထွေးမှုတွေဖြစ်တာ” ဟု တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ထားသော ကျောင်းသားတစ်ဦးက ပြောသည်။

    မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနအနေဖြင့် ဆာဗာစနစ်တွင် ထည့်သွင်းထားသည့် အချက်အလက်များကို စိစစ်လျှက်ရှိပြီး လုပ်ငန်းပြီးဆုံးပါက အမှတ်စာရင်းများကို တိကျမှန်ကန်စွာ ဆက်လက်ထုတ်ပြန်သွားမည်ဟုလည်း ပညာရေးဌာနမှ ဆိုသည်။

    ယခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုအောင်မြင်သူ ၉၉,၉၂၄ ဦးခဲ့ပြီး ဖြေဆိုအောင်မြင်မှု ရာခိုင်နှုန်းသည် ၄၈.၀၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts